မြန်မာ-အိန္ဒိယနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား နယ်စပ်ဒေသ လုံခြံုရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိ

မြန်မာ-အိန္ဒိယနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား နယ်စပ်ဒေသ လုံခြံုရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိ
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ အာသံပြည်နယ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်က တာဝန်ယူနေစဉ်။ ဓာတ်ပုံ - အီးပီအေ

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒေးခရိုင်၊ Moltuk ရွာအနီး၌ အိန္ဒိယတပ်မတော်မှ လုံခြုံရေးဆောင်ရွက်နေသော ယာဉ်တန်းကို ဇွန် ၄ ရက် နံနက်ပိုင်းတွင် NSCN(IM) သောင်းကျန်းသူ အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ အိန္ဒိယတပ်မတော်မှ တပ်ဖွဲ့များက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ချန်ဒေးခရိုင်အတွင်းရှိ နယ်စပ်တစ်လျှောက်တွင် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၉ ရက်တွင် မြန်မာ-အိန္ဒိယ နယ်နိမိတ်မှတ်တိုင် အမှတ်(၁၁၉)အနီး တစ်ဘက်နိုင်ငံအတွင်းရှိ မိုဘိုင်လွတ်ရွာအနီး၌ NSCN(IM) သောင်းကျန်းသူအဖွဲ့နှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။     

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသလုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ တပ်မတော် နှစ်ရပ်အကြားတွင် အောက်ခြေတပ်စခန်းအဆင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု၊ ဒေသအဆင့် တွေ့ဆုံ ဆွေးနွေးမှုနှင့် အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံဆွေးနွေးမှုများ ပုံမှန်ပြုလုပ်၍ လုံခြုံရေးဆိုင်ရာများကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာ့တပ်မတော်က မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်တွင် သောင်းကျန်းသူများ ခိုအောင်းလှုပ်ရှားမှုမရှိစေရေးအတွက် နယ်မြေခံတပ်ရင်းများဖြင့် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် လှုပ်ရှားစိုးမိုး ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတစ်ဘက်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများအရ  သောင်းကျန်းသူအဖွဲ့များ မိမိနိုင်ငံအတွင်း ဝင်ရောက်ခိုအောင်းမှု မရှိစေရန်အတွက် မြန်မာ-အိန္ဒိယနယ်နိမိတ် တစ်လျှောက် ပုံမှန်နယ်မြေရှင်းလင်းလျက်ရှိသည့် တပ်များအပြင်  ထပ်မံတပ်အင်အား ဖြည့်တင်း၍ တစ်ဘက်နိုင်ငံ၌ နယ်မြေ ရှင်းလင်း ဆောင်ရွက်လျက်ရှိသော အိန္ဒိယတပ်ဖွဲ့များနှင့် ဟန်ချက်ညီစွာ ညှိနှိုင်းရှင်းလင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာ့တပ်မတော်က နယ်စပ်ဒေသတစ်လျှောက်တွင် မြန်မာနိုင်ငံကို အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်နေသော မည်သည့်သောင်းကျန်းသူ အဖွဲ့အစည်းကိုမျှ လက်ခံမည်မဟုတ်ဟူသည့် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်သာမက အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ဒေသ အားလုံးတွင်ပါ ယင်းမူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags