တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၀ ဦးဖြင့် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်

တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၀ ဦးဖြင့် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်
အာဆီယံဖူဆယ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအား တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ဒီဇင်ဘာ ၈၊ ရန်ကုန်။        ။ တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ပဏာမကစားသမား ၂၀ ဦးဖြင့် လေ့ကျင့်ပြင်ဆင် လျက်ရှိသည် ဟု ဖူဆယ်ကော်မတီဥက္ကဌ ဦးကြည်မင်းသိန်းက ပြောသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် အီရန်လူမျိုး ဆာအိက တာဝန်ယူကိုင်တွယ်လျက်ရှိပြီး အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲသို့ ကစားသမား ၁၅ ဦးဖြင့် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

“ ဒီပြိုင်ပွဲကို မနှစ်ကလည်း သွားပြိုင်ဖူးပါတယ်။ ဒီနှစ်လည်း သူတို့ဘက်ဖိတ်လို့ သွားပြိုင်ဖြစ်တာပါ။ မနှစ်က အောင်မြင်မှုမရပေမယ့် ဒီနှစ်တော့ သေချာပြင်ဆင်သွားမှာပါ။ နည်းပြကတော့ ဆာအိပဲ တာဝန်ယူသွားမှာပါ။ လောလောဆယ် ပဏာမ ၂၀ နဲ့ ပြင်ဆင်နေပေမယ့် ပြိုင်ပွဲနီးရင် ၁၅ ယောက်ဖြတ်သွားမှာပါ။

MIC အသင်းက အာဆီယံဖူဆယ်ပြိုင်ပွဲသွားနေလို့ စောင့်နေရတာပါ။ လေ့ကျင့်မှုကိုတော့ ဒီဇင်ဘာ ၇ ရက်ကနေ စပြီး ပြုလုပ်သွားမှာပါ ” ဟု ဦးကြည်မင်းသိန်းက ပြောသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ တွင် အဆိုပါ တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း ထိုင်း၊ မက္ကစီကို၊ တရုတ် အသင်းတို့ကို ရှုံးနိမ့်ကာ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာဖူဆယ်အသင်းသည် လက်ရှိတွင် ဒီဇင်ဘာ ၇ ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်မှုပြုလုပ်လျက်ရှိပြီး လာမည့် ဒီဇင်ဘာ ၁၆ ရက်သို့ တရုတ်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly