ဆီးရီးယားသူပုန်များ ဆော်ဒီတွင် တွေ့ဆုံဆွေးနွေးမည်

ဆီးရီးယားသူပုန်များ ဆော်ဒီတွင် တွေ့ဆုံဆွေးနွေးမည်

ရီးယာ့ဒ်၊ ဒီဇင်ဘာ ၈ ။          ။ ဖြစ်နိုင်ဘွယ်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မတိုင်မီ စည်းလုံးညီညွတ်မှုရှိရန် ကြိုးပမ်းသည့်အနေဖြင့် ဆီးရီးယား၏ အစိတ်စိတ်အမွှာမွှာဖြစ်နေသည့် အတိုက်အခံများသည် ဆော်ဒီအာရေဘီးယားနိုင်ငံ ရီးယာ့ဒ်မြို့တော်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့များပါ တက်ရောက်မည့် အစည်းအဝေးက ဘုံရပ်တည်ချက်တစ်ခုကို ရရှိရန် ရည်ရွယ်ပြီး ၎င်းရပ်တည်ချက်မှနေ၍ အစိုးရနှင့် ညိနှိုင်းရန် ရည်ရွယ်သည်။

ဆော်ဒီဆွေးနွေးပွဲများသို့ တက်ရောက်မည်ဟု အင်အားကြီးသည့် Jaish Al-Islam သူပုန်အုပ်စုက ပြောကြားသည်။ ဆီးရီးယားအစိုးရနှင့် အတိုက်အခံများကြား ဇန်နဝါရီလတွင် တရားဝင်ဆွေးနွေးပွဲများ စတင်ရန် ဗီယင်နာတွင် စည်းဝေးနေသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက လိုလားလျက်ရှိသည်။

အမျိုးမျိုးသော အတိုက်အခံအဖွဲ့အစည်းများကြား သဘောကွဲလွဲနေမှုက သံတမန်ရေးကို နှောင့်ယှက်နေပြီး ယခင် တူရကီအခြေစိုက် နိုင်ငံရေးအတိုက်အခံအဖွဲ့တစ်ခုမှာ မြေပြင်ရှိ တိုက်ခိုက်ရေး သမားများနှင့် အဆက်အသွယ်မရှိဟု ရှုမြင်ကြသည်။

သို့သော်လည်း ရီးယာ့ဒ်အစည်းအဝေးက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မအောင်မမြင်ဖြစ်စေနိုင်သည်ဟု အီရန်က ပြောသည်။ အီရန်သည် ဗီယင်နာဆွေးနွေးပွဲတွင် ပါဝင်လျက်ရှိပြီး ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ထောက်ခံသူဖြစ်သည်။ Jaish Al-Islam သည် ဒမတ်စကပ်အနီး ထင်ရှားသည့် လက်နက်ကိုင်အတိုက်အခံ အဖွဲ့အစည်းဖြစ် တစ်ခုဖြစ်ပြီး အရှေ့ပိုင်းဂိုတာ ဆင်ခြေဖုန်း၏ နေရာအများစုကို ထိန်းချုပ်ထားသည်။

သို့သော်လည်း ၎င်းအုပ်စု၏ တပ်မှူး ဇာဟာရန်အလောက်ရှ်မှာ ဒမတ်စကပ်မှ ထွက်ခွာရန် ၎င်းအသုံးပြုမည့် လမ်းတစ်ခုကို ထိန်းချုပ်မှု ဆုံးရှုံးခဲ့သည့်အတွက် တက်ရောက်မည်မဟုတ်ဟု သိရသည်။

ထို့အပြင် နိုင်ငံခြားစစ်ရေးအကူအညီရရှိထားသော အမေရိကန်က စိစစ်သည့် အဖွဲ့များအပါအဝင် Free Syrian Army(FSA) သူပုန်အုပ်စု တစ်ဒါဇင်လည်း တက်ရောက်မည်ဖြစ်သည်။

ဆော်ဒီသည် ဒေသတွင်းတွင် အဓိကကျသည့်နိုင်ငံတစ်ခုဖြစ်ပြီး ဆီးရီးယားအတိုက်အခံအဖွဲ့များ၏ အစည်းအဝေးကို လက်ခံကျင်းပပေးခြင်းမှ သေချာသည့် ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာမည်ဟု FSA အဖွဲ့တစ်ခု၏ အကြီးအကဲက ရိုက်တာသို့ပြောသည်။

Nusra Front နှင့် အိုင်အက်စ်တို့မှာ တက်ရောက်မည်မဟုတ်ပေ။ ဆီးရီးယားမြောက်ပိုင်းနေရာအများအပြားကို ထိန်းချုပ်ထားပြီး အမေရိကန်နှင့် အတူ အိုင်အက်စ်ကို တိုက်ခိုက်နေသော ဆီးရီးယားကာ့ဒ် အုပ်စုတစ်ခုကလည်း ၎င်းတို့အား ဖိတ်ကြားမထားဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly