ပေါက်ကြားလာသည့် စာရွက်စာတန်းများက IS တို့ နိုင်ငံထူထောင်နေပုံကို ဖော်ပြနေဟုဆို

ပေါက်ကြားလာသည့် စာရွက်စာတန်းများက IS တို့ နိုင်ငံထူထောင်နေပုံကို ဖော်ပြနေဟုဆို

လန်ဒန်၊ ဒီဇင်ဘာ - ၈ ။          ။ ပေါက်ကြားလာသည့် အိုင်အက်စ်တို့၏ စာတန်းတစ်ခုတွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သည့် ဘဏ္ဍာရေး၊ စီးပွားရေးအစီအစဉ်၊ အစိုးရဌာနများနှင့် ဆီးရီးယားနှင့် အီရတ်တွင် ပြည့်စုံသည့် နိုင်ငံတစ်ခုကို ထူထောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖော်ပြထားသည်ဟု ဆိုသည်။

ဗြိတိန် ဂါဒီးယန်းသတင်းစာက ရရှိလိုက်သည့် စာမျက်နှာ ၂၄မျက်နှာပါ စာတန်းတွင် နိုင်ငံတကာဆက်ဆံရေး၊ ပုံစံပြည့် ဝါဒဖြန့်ချိရေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စီးပွားရေး၏ အရေးကြီးသော အစိတ်အပိုင်းမျာကို ဗဟိုက ထိန်းချုပ်ရေးများကို ထူထောင်ရန် ပုံစံပြာစီမံကိန်းကို ပြင်ဆင်ထားသည်ဟု ဆိုသည်။

ယမန်နှစ်က ရေးသားခဲ့ပြီး အစ္စလာမ်နိုင်ငံတော် စီမံအုပ်ချုပ်ရေး အခြေခံမူများဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါစာတန်းတွင် အိုင်အက်စ်တို့၏ နိုင်ငံထူထောင်ရေး အခြေခံကျသော ရည်မှန်းချက်များနှင့် လွန်ခဲ့သည့် နှစ်ပေါင်း၅၀အတွင်း အချမ်းသာဆုံးနှင့် အကိုင်လှုပ်နိုင်ဆုံး ဂျီဟတ်အုပ်စုအဖြစ် ခြားနားပေါ်လွင်စေမည့် နည်းလမ်းများကိုလည်း ချမှတ်ထားသည်ဟု ဆိုသည်။

ဂါးဒီးယန်းသတင်းစာကရရှိခဲ့သည့် စာရွက်စာတန်းများအရ အိုင်အက်စ်အကြမ်းဖက်အုပ်စုမှာ ရက်စက်ကြမ်းကြုတ်စွာသော အကြမ်းဖက်မှုကို အခြေခံအုတ်မြစ်မူအဖြစ် သန္နိဌာန်ချထားသော်လည်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနှင့် အလုပ်အကိုင်ကဲ့သို့သော လောကီရေးရာများအတွက်လည်း ပြင်ဆင်ထားသောကြောင့် အချုပ်အားဖြင့် နိုင်ငံတစ်ခုကို ထူထောင်နေခြင်းပင် ဖြစ်သည်။   

အိုင်အက်စ်ခေါင်းဆောင် ဘခါ အယ်လ် ဘက်ဒါဒီက ၂၀၁၄ခုနှစ် ဇွန်၂၈ရက်နေ့တွင် အီရတ်နှင့် ဆီးရီးယား၌ ခါလီဖိတ်နိုင်ငံတော်ကို ကြေညာပြီး လပိုင်းအကြာ အုပ်ချုပ်ရေးမှူးကေဒါများကို လေ့ကျင့် သင်ကြားပေးရန် အခြေခံမူအနေဖြင့် ရေးသားခဲ့သည့် အဆိုပါ စာတန်းထဲတွင် ပညာရေး၊ သဘာဝသယံဇာတ၊ စက်မူလုပ်ငန်း၊ နိုင်ငံတကာဆက်ဆံရေး၊ လူထုဆက်ဆံရေးနှင့် စစ်စခန်းများအပါအဝင် အစိုးရဌာနများကို မည်သို့ ဖွဲ့စည်းမည်ကို ပုံကြမ်းဖော်ထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly