တရားသူကြီးတို့ တရားရုံးအတွင်းတွင်ပင် ပေါ်တင် လာဘ်စားနေ

တရားသူကြီးတို့ တရားရုံးအတွင်းတွင်ပင် ပေါ်တင် လာဘ်စားနေ
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ(၈)ရက်တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမအား တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်၊ ဒီဇင်ဘာ ၈။ ။ လက်ရှိ အစိုးရသက်တမ်းအတွင်း တရားစီရင်ရေးစနစ်သည် လွတ်လပ်မှု၊ ဖြောင့်မတ်မှု၊ တရားမျှတမှုတို့ရှိရန် များစွာလိုအပ်နေပြီး တရားသူကြီးများကိုယ်တိုင်က တရားရုံးအတွင်းတွင်ပင် လာဘ်စားမှုများ ရှိနေသည်ဟု ပြည်သူ့လွှတ်တော်၏ ကော်မတီတစ်ရပ်က လွှတ်တော်သို့ အစီရင်ခံလိုက်သည်။

ပြည်သူ့လွှတ်တော်တွင် အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းထားသော တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ၎င်းတို့၏ ကွင်းဆင်းလေ့လာမှုအရ တွေ့ရှိချက်များအား လွှတ်တော်သို့ အစီရင်ခံလိုက်ခြင်း ဖြစ်သည်။

ကော်မတီ၏ အစီရင်ခံစာအရ လာဘ်စားမှုများတွင် တရားသူကြီးများသာမက တရားရေးဝန်ထမ်းများ၊ ရှေ့နေရှေ့ရပ်များ၊ ဥပဒေဝန်ထမ်းများ၊ တရားစွဲအဖွဲ့အစည်းများ၊ ဝန်ထမ်းအကြီးအမှူးဖြစ်သော ညွှန်ကြားရေးမှူးချုပ်အဆင့်မှအစ ဆင့်စာလုလင်အထိ ပါဝင်ဆက်စပ်နေကြောင်း အောက်ပါအတိုင်း ဥပမာပေးထားသည်။

အစီရင်ခံစာပါ သာဓက(၇)ခုအနက် ပထမဆုံး သာဓကတွင် တရားလိုက တရားပြိုင်ထံမှ ငွေလေးသိန်းရလိုမှုဖြင့် တရားစွဲရာတွင် မြို့နယ်တရားသူကြီးက တရားပြိုင်အား တစ်လလျှင် ငွေကျပ် ခုနှစ်သောင်းနှုန်းဖြင့် ငွေသုံးသိန်းခွဲပေးရန် အမိန့်ချခဲ့ကြောင်း၊ တရားပြိုင်က ပေးရသည့်ငွေများမှာ ရှေ့နေကြီးအတွက် လ္ဘက်ရည်ဖိုးပေးရငွေ၊ ရှေ့နေလမ်းညွှန်ချက်အရ တရားသူကြီးကို အမှုနိုင်ရန် ပေးရငွေ၊ အမှုလိုက်ခအဖြစ် ရှေ့နေခပေးရငွေ၊ တံဆိပ်ခေါင်းဖိုး ပေးရငွေ၊ စာပို့လုလင်အားပေးရငွေ စုစုပေါင်း ငွေကျပ်သုံးသိန်းကျော် ကုန်ကျခဲ့သည်ဟု ဆိုသည်။

 ထိုသို့ ငွေပေး၊ ငွေယူကို တရားရုံးဝင်းအတွင်းတွင်ပင် လုပ်ဆောင်နေပြီး ရုံးချိန်းမှာလည်း ၂၁ကြိမ် သွားရောက်ခဲ့ရကြောင်း စိစစ်တွေ့ရှိရသည်ဟု ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာအပေါ် ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦးက “အစီရင်ခံစာတင်လည်း ဘာမှမထူးပါဘူး။ တရားသူကြီးတွေက တယ်ပြီး လာဘ်စားတာကိုး။ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရကျရင်တော့ အဲ့ဒီတရားသူကြီးတွေ အစောကြီးပြုတ်မှာပဲ” ဟု ပြောသည်။

တရားသူကြီးများကို တရားသူကြီးချုပ်များက ချုပ်ကိုင်လွှမ်းမိုးထား

လက်ရှိ တရားစီရင်ရေးစနစ်တွင် နိုင်ငံတော်အကြီးအကဲနှင့် အခြေခံဥပဒေကပေးအပ်သော အခွင့်အရေးအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်များ၏ ထောက်ခံချက်အသီးသီးဖြင့် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများသည် တရားသူကြီးချုပ်များ၏ လွှမ်းမိုးမှုမှ လွတ်ကင်းနိုင်ခြင်းမရှိဟု ကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။
 
တရားသူကြီးအဆင့်ဆင့်သည်လည်း အထက်တရားသူကြီးအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာ အပေးအယူကိစ္စများတွင် ကွင်းဆက်များရှိနေသည်ကို တွေ့ရှိရသည်ဟု ကော်မတီက ဆိုသည်။

 ဥပဒေဘာသာရပ်သင်ကြားမှု ကမ္ဘာနှင့် မြန်မာ ဆန့်ကျင်ဘက်ဖြစ်နေ

တရားစီရင်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်ရန် သင်ယူရသည့် ဥပဒေဘာသာရပ်သည် အဝေးသင်ပညာရေးစနစ်ဖြင့်ပင် အချိန်တိုအတွင်း အလွယ်တကူ ဥပဒေဘွဲ့ရနိုင်သည့် အနေအထားသည် ကမ္ဘာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟုလည်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသေးသည်။
 
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဥပဒေပညာကိုသင်ယူရန်မှာ ငွေကြေးများစွာကုန်ကျခြင်း၊ ဉာဏ်ရည်မြင့်မားရန် လိုအပ်ခြင်း၊ အချိန်ကာလ ကြာမြင့်ခြင်း၊ လက်တွေ့လေ့လာဆည်းပူးရခြင်းများဖြင့် ဉာဏဗလကိုသာမက စာရိတ္တဗလကိုပါ လေ့ကျင့်သင်ကြာပေးလျက်ရှိသည်ဟု ကော်မတီက ဆိုသည်။
 
မြန်မာနိုင်ငံတွင်မူ အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျင်ပင် ပညာရေး၊ စီးပွားရေးနိမ့်ကျနေခြင်းကြောင့် ဥပဒေပညာကို ပို့ချပေးနေသည့် တက္ကသိုလ်များတွင် သင်ကြားရေးအပိုင်းကို အဆင့်မြင့်ပေးရန် လိုအပ်ပါသည်ဟု ကော်မတီက အကြံပြုထားသည်။
 
တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီကို အဖွဲ့ဝင်(၁၅)ဦးဖြင့် ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၅ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ကွင်းဆင်းလေ့လာကာ လွှတ်တော်သို့ အထက်ပါအတိုင်း အစီရင်ခံထားခြင်း ဖြစ်သည်။ ထိုအစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်ဖြစ်သူ အုတ်ဖိုမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးတင်ထွေးက လွှတ်တော်သို့ အစီရင်ခံခဲ့ခြင်းလည်း ဖြစ်သည်။

တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီတွင် သူရဦးအောင်ကိုက ဥက္ကဌအဖြစ် တာဝန်ယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly