အင်ဒိုနီးရှားတွင် မညီမျှမှုမှာ စံချိန်တင်အဆင့်သို့ ရောက်ရှိနေဟု ကမ္ဘာ့ဘဏ်ပြောကြား

အင်ဒိုနီးရှားတွင် မညီမျှမှုမှာ စံချိန်တင်အဆင့်သို့ ရောက်ရှိနေဟု ကမ္ဘာ့ဘဏ်ပြောကြား

ဂျာကာတာ၊ ဒီဇင်ဘာ ၈ ။            ။ အင်ဒိုနီးရှားတွင် မညီမျှမှုမှာ သမိုင်းတွင် စံချိန်တင်အဆင့်သို့ ရောက်ရှိနေပြီဟု ဒီဇင်ဘာ ၈က ဂျာကာတာတွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သော အစီအရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။ မညီမျှမှုကို တိုင်းတာသော ကမ္ဘာ့ဘဏ်၏ Gini အညွှန်းကိန်းပမာဏမှာ ၂၀၀၀ပြည့်နှစ်က ပွိုင့် ၃၀သာ ရှိခဲ့ရာမှ ၂၀၁၄တွင် ၄၁ ပွိုင့်သို့ ရောက်ရှိခဲ့ပြီး အင်ဒိုနီးရှားအတွက် အမြင့်ဆုံးအဆင့်ဖြစ်သည်။

အင်ဒိုနီးရှားမှာ စဉ်ဆက်မပြတ်တိုးတက်မှုရှိနေခဲ့သည့်တိုင် ယင်းသို့မညီမျှမှုမှာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်။ အဓိကမညီမျှမှု၏ အကြောင်းရင်းလေးခုမှာ အခွင့်အလမ်းမညီမျှမှု၊ အလုပ်အကိုင်မညီမျှမှုများ၊ အလွန်ချမ်းသာကြွယ်ဝရေးကို စူးစိုက်မှုနှင့် ဆင်းရဲသူများကြား ခံနိုင်ရည်နိမ့်ကျမှုတို့ဖြစ်သည်ဟု ဖော်ပြထားသည်။

"အင်ဒိုနီးရှားဟာ ဆင်းရဲအားနည်းမှုတွေကို ရှေ့ကိုဆွဲမခေါ်တဲ့ အန္တရာယ်နဲ့ကြုံနေပါတယ်"ဟု ကမ္ဘာ့ဘဏ်၏ အင်ဒိုနီးရှားဆိုင်ရာနိုင်ငံတာဝန်ခံ ရက်ဒရစ်ဂိုချေ့ဗ်စ်က ပြောသည်။ "ဆင်းရဲမွဲတေမှုလျော့ ကျခြင်းက စပြီးတန့်နေပါပြီ။ ၂၀၁၄မှာ သုညနီးပါးကျဆင်းခဲ့ပါတယ်။ ဝင်ငွေမညီမျှမှုက လျင်မြန်စွာမြင့်မားနေပြီး အခွင့်အလမ်းမညီမျှမှုကြောင့် သုံးပုံတစ်ပုံအထိမြင့်လာခဲ့ပါတယ်"ဟု၎င်းကဆိုသည်။

ယင်းသို့မညီမျှမှုများအတွက် အရေးယူဆောင်ရွက်ရမည့် အဓိကအချက်လေးချက်ကို ကမ္ဘာ့ဘဏ်က တင်ပြခဲ့ပြီး ၎င်းတို့မှာ ကျန်းမာရေး၊ ပညာရေးနှင့် မိသားစုစီမံကိန်း အခွင့်အလမ်းများအတွက် ဒေသ ဆိုင်ရာဝန်ဆောင်မှုတိုးတက်အောင်လုပ်ဆောင်ရေး၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်များနှင့် ကျွမ်းကျင်မှုသင်တန်းများကို အဆင့်မြင့်ရေး၊ စီးပွားရေးကြောင့်ဖြစ်လာမည့်ရိုက်ခတ်မှုဒဏ်များကို ကာကွယ်ရေးနှင့် မညီမျှမှုလျှော့ချရန် အခွန်နှင့် အစိုးရအသုံးစရိတ်တို့ကို အသုံးပြုရေးတို့ ဖြစ်သည်။

မြို့ပြနှင့် ကျေးလက်နှစ်ခုစလုံးတွင် ဆင်းရဲမွဲတေမှုအဆင့်များမှာ မကြာသေးမီနှစ်များအတွင်း တိုးတက်မှုရှိလာခဲ့သည်ဆိုသော်လည်း အများစုမှာ ဆင်းရဲနေဆဲဟု ဝေဖန်သူများက ပြောသည်။

အင်ဒိုနီးရှားသည် အထင်ကြီးလောက်စရာ တိုးတက်မှုလမ်းကြောင်းနှင့် စွမ်းအားပြည့်ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့ဘဏ်က ယခင်က ပုံဖော်ခဲ့သေးသည်။ သို့သော်လည်း အင်ဒိုနီးရှား၏ အဓိက စိန်ခေါ်မှုတစ်ခုမှာ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးမှာ တစ်လလျင် အမေရိကန်ဒေါ်လာ ၂၂ဒသမ၆၀င်ငွေဖြင့် အမျိုးသားဆင်းရဲမွဲတေမှုမျဉ်းတစ်ဝိုက်တွင် ရှိနေသည်ဟု အောက်တိုဘာက ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly