ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်းအသားကျောက်များအား မြန်မာငွေဖြင့် ရောင်းမည်

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်းအသားကျောက်များအား မြန်မာငွေဖြင့် ရောင်းမည်

ဒီဇင်ဘာလ ၈ ရက် ။            ။ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များအား ဒီဇင်ဘာ ၉ နှင့် ၁၀ တို့၌ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် မြန်မာကျပ်ငွေဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ယူရိုငွေဖြင့် ရောင်းချသည့်ပွဲနှင့် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်ပွဲဟူ၍ တစ်နှစ် လျှင် နှစ်ကြိမ်ခန့် ကျင်းပလျက်ရှိသည်။

ယခုပြပွဲတွင် ကျောက်မျက်ရိုင်း (၁၅၂) တွဲနှင့် ကျောက်စိမ်းအသား ကျောက် (၆၈၂၆) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ပြပွဲတွင် ကျောက်အတွဲ တင်ပြရောင်းချခွင့်ရှိသူများနှင့် တက်ရောက်ခွင့်၊ ဝယ်ယူခွင့်ရှိသူများ စသည်ဖြင့် ခွဲခြားသတ်မှတ်ထားသည်ကို မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်မျက်ရိုင်း (၁၅၂) တွဲကို ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် လေ့လာကြ၍ ဈေးနှုန်းအဆိုပြုလွှာများကို တင်ဒါပုံများ သို့ ထည့်သွင်းနိုင်ကြပြီး၊ ဒီဇင်ဘာ ၉ ရက်တွင် ရောင်းချမည်ဖြစ်သည်။

ကျောက်စိမ်းအသားကျောက် (၆၈၂၆) တွဲကိုမူ ဒီဇင်ဘာ ၇ - ၈ - ၉ ရက်တို့တွင် လေ့လာ၍ ဈေးနှုန်းအဆိုပြုလွှာများကို တင်ဒါပုံများသို့ ထည့်သွင်းရမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၀ ရက်၌ ရောင်းချမည်။

အဆိုပါ ကျောက်ရောင်းချပွဲသို့ တက်ရောက်ရန် ဝင်ကြေးနှုန်းထားများ သတ်မှတ်ထားပြီး ကျောက်အတွဲတင်ပြရောင်းချသူ ကုန်သည်၊ ကျောက်အတွဲဝယ်ယူသူကုန်သည်နှင့် ကုမ္ပဏီလုပ်ငန်းဆောင်ရွက် သူတို့အနေဖြင့် တစ်ဦးလျှင် ကျပ်ငါးသောင်း ပေးရမည်ဖြစ်သည်။ ကျောက်အတွဲထိန်းသိမ်းသူမှာမူ တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြစ်သည်။

ဝင်ကြေးငွေ၊ အာမခံစပေါ်ငွေနှင့် ကျောက်တန်ဖိုးငွေများကို ကမ္ဘောဇဘဏ် (နေပြည်တော်)၊ ဘဏ်ခွဲ (၄) တွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းအမှတ်များသို့ ပေးသွင်းကြရမည်။

အာမခံစပေါ်ငွေအနည်းဆုံး ကျပ် သိန်း ၂၀ ပေးသွင်းမှသာ ကျောက်အတွဲများ ဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။ ကျပ် သိန်း ၂၀ ပေးသွင်းပါက ကျပ် သိန်း ၄၀၀ တန်၊ သိန်း ၅၀ သွင်းပါက ကျပ် သိန်း ၁၀၀၀ တန် ကျောက်အတွဲများကို ဝယ်ယူခွင့်ပြု ထားသည်။

ကျောက်အတွဲများ ဝယ်ယူရန် တင်သွင်းထားသော ဈေးနှုန်းပေးသွင်းလွှာများအား ပယ်ဖျက်ခွင့် တင်ပြခြင်းကို အချိန်ဖြင့် သတ်မှတ်ခွင့်ပြုထားပြီး၊ သဘာပတိအဖွဲ့က ဒဏ်ငွေဆောင်စေခြင်း၊ ပယ်ဖျက်ခွင့်အား ငြင်းပယ်ခြင်း၊ ဒဏ်ငွေ ပေးဆောင်စေ၍ ပယ်ဖျက်ပေးခြင်းတို့ကို စိစစ်ဆောင်ရွက်သွားမည်။

ဒဏ်ငွေပေးဆောင်စေ၍ ကျောက်အတွဲ ဝယ်ယူခွင့် ပယ်ဖျက်ပေးရာတွင် မှားယွင်းရေးသားမိသော ကျောက်အတွဲတန်ဖိုး၏ ၂၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁၀၀ ထက်မပိုသော ဒဏ်ငွေ စသည်ဖြင့် သတ်မှတ်ထားသည်။

ကျောက်ရောင်းချပွဲသို့ တက်ရောက်ခွင့် တင်ပြရန် လိုအပ်သည့်စာရွက်စာတမ်းအမျိုးအစားများကို မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly