လေထုညစ်ညမ်းမှုကပ်ဘေးကို ခံနိုင်ရည်ရှိစေရန် ပေကျင်းမြို့တော်တွင် ယာဉ်ကြောကို ထက်ဝက်ခန့် လျှော့ချထား

လေထုညစ်ညမ်းမှုကပ်ဘေးကို ခံနိုင်ရည်ရှိစေရန် ပေကျင်းမြို့တော်တွင် ယာဉ်ကြောကို ထက်ဝက်ခန့် လျှော့ချထား

ပေကျင်း၊ ဒီဇင်ဘာ - ၈ ။             ။ ပထမဆုံး ကြီးမားသည့် ညစ်ညမ်းမှုအန္တရာယ် သတိပေးချက်အရ တရုတ်နိုင်ငံမြို့တော် ပေကျင်း၏ လမ်းမအျားပေါ်မှ ကိုယ်ပိုင်ကားအရေအတွက်ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ထက်ဝက်အထိ လျှော့ချလိုက်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် ကျောင်းများကိုလည်း ပိတ်ထားလိုက်သည်။

လူဦးရေ ၂၁.၅သန်းနီးပါး နေထိုင်သည့် မြို့ကြီးအပေါ်တွင် အုပ်ဆိုင်းနေသည့် မီးခိုရောင်မြူများထဲတွင် အဆုတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်သည့် အဏုကြည့်အမှုန် ပါဝင်မှုအဆင့်မှာ အန္တရာယ် ရှိသည့် PM2.5 အဆင့်သို့ပင်ရောက်ရှိနေပြီး အမေရိကန်သံရုံး၏ သီးခြားတိုင်းတာမှုအရ တစ်ကုဗမီတာ ၃၀၀မိုက်ခရိုဂရမ်ထက် တစ်မှတ် မြင့်တက်နေသည်ဟု ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထောက်ခံထားသည့် အန္တရာယ်မဖြစ်လောက်သည့် အမြင့်ဆုံး အမှုန်ပါဝင်မှုမှာ ၂၅မျှသာ ဖြစ်သည်။ ယခုသတိပေးချက်မှာ ပါရီတွင်ကျင်းပနေသည့် ကမ္ဘာနှင့်အဝန်း ရာသီဥတုပြောင်းလဲမှု ဆွေးနွေးပွဲများနှင့်လည်း တိုက်ဆိုင်နေပြီး ထိုဆွေးနွေးပွဲများတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချသွားမည်ဟု ကတိပြုခဲ့သည်။

ဆောင်းကာလများတွင် လိုအပ်ချက်မြင့်မားလာလေ့ရှိသည့် လျှပ်စစ်ဓာတ်နှင့် အပူအတွက် ကျောက်မီးသွေးများကို မီးရှို့ရာမှ ထွက်လာသည့် ဖန်လုံအိမ်ဓာတ်ငွေ့အများစုမှာ မီးခိုးမြူများ ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းပင် ဖြစ်သည်။

အဆိုးဆုံးအခြေအနေနှင့် ဝေးလှမ်းနေသေးသော်လည်း လွန်ခဲ့သည့်နှစ်နှစ်က လေထုညစ်ညမ်းမှုအရေးပေါ်အစီအစဉ်များ စတင်ဆောင်ရွက်ပြီးကတည်းက အာဏာပိုင်များက အန္တရာယ်သတိပေးချက် ကြေညာသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ပေကျင်းတစ်မြို့လုံးကို ထူထပ်သော မီးခိုးမြူများက လွှမ်းခြုံထားပြီး မြင်နိုင်စွမ်းအားမှာ ဆိုးဆိုးရွားရွားကျဆင်းနေကာ လေထု တစ်ကုဗမီတာတွင် အဏုကြည့်အမှုန် ၆၃၄မိုက်ခရိုဂရမ်နှင့် အမှုန်ပါဝင်မှုအဆင့်ကို PM2.5အထိ ရောက်ရှိသွားခဲ့ပြီး ရက်သတ္တတစ်ပတ်အကြာတွင် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။   

အရောင်အဆင့် သတိပေးစနစ်တွင် အမြင့်ဆုံးဖြစ်သောကြောင့် ပြင်ပ ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ပိတ်ခိုင်းထားသကဲ့သို့ စာသင်ကျောင်းများကိုလည်း ပိတ်ထားရန် တိုက်တွန်းထား သည့်အပြင် ပေကျင်းဌာနေများကိုလည်း ၎င်းတို့၏ ကလေးငယ်များကို အိမ်များတွင်သာ နေထိုင်စေရန် ပြောကြားထားသည်ဟု ဆိုသည်။

စုံ-မ နံပါတ်ပြားစနစ်အရ မြို့တော်၏ ကိုယ်ပိုင်ကား ထက်ဝက်ခန့်ကိုလည်း စုံ-မနေ့ရက်များအလိုက် လမ်းများပေါ်သို့ ထွက်ခွင့်မပေးပေ။ တရားဝင်ကိန်းဂဏန်းများအရ ၂၀၁၄နှစ်ကုန်အထိ ပေကျင်းမြို့တော်တွင် မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်ကား ၄.၄သန်းနီးပါး ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly