မန္တလေးတွင် လယ်မြေများတစ်ဧက ကျပ်သိန်း ၅၀၀ ကျော်စျေးပေါက်

မန္တလေးတွင် လယ်မြေများတစ်ဧက ကျပ်သိန်း ၅၀၀ ကျော်စျေးပေါက်
ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊ဒီဇင်ဘာ ၈ ။             ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာ အနီးတဝိုက်တွင် လယ်ယာမြေ တစ်ဧကလျှင် ကျပ်သိန်း ၁၀၀မှ ကျပ်သိန်း၅၀၀ ကျော်အထိဈေးဖြစ်ပေါ်နေပြီး ရွာနှင့်ထိစပ်နေသည့် လယ်မြေများမှာ ကျပ်သိန်း၁၀၀၀ခန့်အထိဈေးပေါက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လယ်ယာမြေများကို အကွက်ရိုက်မရောင်းချရန် သတိပေးဆိုင်းပုဒ်များဖြင့် အသိပေးထားသော်လည်း နားလည်မှုဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း မဲကင်းကုန်းကျေးရွာ အသက် ၇၂ နှစ်ရွယ် ဦးမှတ်ကြီး ကပြောသည်။

"ခေတ်ကပြောင်းပြီလေဗျာ။ဗွက်ထဲမှာနွားနဲ့ဖက်ပြီး မရုန်းချင်ကြတော့ဘူး။ကိုယ်ပိုင်တဲ့မြေကိုရောင်းတာပြသနာမရှိပါဘူး။"ဟု မိဘများပိုင်ဆိုင်ခဲ့သော လယ် သုံးဧက ရောင်းခဲ့သူ ကိုခင်မောင်စိုး ကပြောသည်။

စီးပွားရေးအဆင်မပြေသူများက ငွေဖော်သည့်သဘောဖြင့် လယ်ယာမြေကိုရောင်းချသည့်အတွက် အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ကြောင်း    ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင် တစ်ဦး ကပြောသည်။                                                                                                                           

အသက် ၆၈ နှစ်အရွယ် လယ် ၆ ဧက ပိုင်ဆိုင်သူ ဒေါ်အေးမယ် က " ရွှေဥတစ်နေ့တစ်လုံးဥပေးတာကို လောဘကြီးပြီးရိုတ်သတ်လိုက်သလိုပဲ။မြေက အမေတို့တောသူတောင်သားတွေအနေနဲ့က ပဒေသာပင်ပဲလေ။ဒါကိုအပြတ်ရောင်းနေတော့ နောင်ကြာလာရင် စိုက်ပျိုးမြေပျောက်သွားတော့မယ်။"ဟုပြောသည်။

အဆိုပါလယ်ယာမြေများကိုရောင်းချပြီး အများစုသည် စိုက်ပျိုးရေးမပြုလုပ်တော့ဘဲ အခြားစီးပွားရေးပြောင်းလုပ်မှုများရှိခဲ့ပြီး သက်ကြီးပိုင်းတစ်ချို့သာ မိဘလက်ငုတ်လက်ရင်းအဖြစ်မပျောက်ပျက်ရန် ဆက်လက်စိုက်ပျိုးလျှက်ရှိနေကြောင်း ဒေသခံအချို့ကဆိုသည်။

ပုသိမ်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း "အဲဒီနေရာတွေက ရွာမြေလျှောက်ထားတယ်။တစ်ချို့နေရာတွေကတော့ နိုင်ငံတော်ကစီမံခန့်ခွဲနိုင်တဲ့မြေတွေပါ။အဲဒီနေရာတွေကတော့ မရောင်းရပါဘူး။မရောင်းဖို့လည်း အသိပေးစာတွေကပ်ထားပါတယ်။"ဟုပြောသည်။

စိုက်ပျိုးမြေများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်သူအချို့ကလည်း ယင်းကဲ့သို့လယ်ယာမြေများကို အကွက်ရိုက်ရောင်းချနေမှုကို  သက်ဆိုင်ရာမှ တားမြစ်ပေးစေချင်သည်ဟု ဒေသခံတစ်ချို့ က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly