စင်ကာပူတွင် အမေရိကန်ထောက်လှမ်းရေးလေယာဉ်များ ချထားရန် နှစ်နိုင်ငံသဘောတူညီမှုရရှိ

စင်ကာပူတွင် အမေရိကန်ထောက်လှမ်းရေးလေယာဉ်များ ချထားရန် နှစ်နိုင်ငံသဘောတူညီမှုရရှိ

ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ။            ။ ယခုလတွင် စင်ကာပူ၌ အမေရိကန်ထောက်လှမ်းရေးလေယာဉ် U.S P8 Poseidon ချထားရေး အမေရိကန်နှင့် စင်ကာပူတို့ သဘောတူညီမှုရရှိလိုက်ပြီဖြစ်သည်။ ယင်းလုပ်ရပ်က တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်ကြောင်း ပြောကြားကြိုးပမ်းနေမှုအပေါ် နောက်ဆုံးတုံ့ပြန်မှုတစ်ခုလည်းဖြစ်သည်။

အမေရိကန်ထောက်လှမ်းရေးလေယာဉ် စင်ကာပူတွင် ဒီဇင်ဘာ ၇မှ ၁၄အထိ စတင်ချထားရေးကို အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာနှင့် စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen တို့က ကြိုဆိုကြောင်း ဒီဇင်ဘာ ၇ ကပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုအပြီး ပူးတွဲကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

စင်ကာပူတွင် နောက်ထပ် လေယာဉ်များချထားနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း အမေရိကန်ကာကွယ်ရေးအရာရှိ တစ်ဦးက ပြောသည်။ နယ်မြေပိုင်ဆိုင်ကြောင်းပြောဆိုဆောင်ရွက်နေမှုနှင့် ပတ်သက် ၍တရုတ်၏ အယုံကြည်လွန်နေမှုကြောင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုမြင့်မားနေစဉ် ယင်းဖြစ်ရပ်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်၏ ထောက်လှမ်းရေးလေယာဉ်ချထားမှုက တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် အငြင်းပွားနေသော တရုတ်ကို ဒေါသထွက်စေနိုင်သည်။ စွမ်းအင်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု တရုတ်က ပြောကြားထားသည်။ ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာ ၅ ထရီလီယံကျော်မှာ တောင်တရုတ် ပင်လယ်ကို နှစ်စဉ်ဖြတ်သန်းလျက်ရှိသည်။

အမေရိကန်သည် ၎င်း၏ P8 လေယာဉ်များကို ဂျပန်နှင့် ဖိလစ်ပိုင်တို့မှ ထောက်လှမ်းပျံသန်းနေသည့် အပြင် စင်ကာပူ၏ အိမ်နီးချင်း မလေးရှားမှလည်း ထောက်လှမ်းပျံသန်းလျက်ရှိသည်။
စင်ကာပူတွင် P8 ချထားခြင်းက နှစ်ဘက်နှင့် အများပါဝင်သော လေ့ကျင့်မှုများမှ တဆင့် ဒေသဆိုင်ရာစစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်တင်နိုင်မည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထား သည်။

ထို့အပြင် ဒေသဆိုင်ရာ HADR နှင့် ပင်လယ်ရေကြောင်းလုံခြုံရေးလုပ်ဆောင်ချက်များအတွက်လည်း အချိန်နှင့် တပြေးညီ အထောက်အကူပေးနိုင်မည်ဟုလည်း ဖော်ပြခဲ့သည်။ HADR မှာ လူသားချင်းစာနာမှုနှင့် ကပ်ဘေးဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများ၏ အတိုကောက်အခေါ်အဝေါ်ဖြစ်သည်။

အမေရိကန်နှင့် စင်ကာပူတို့သည် ကာလရှည်ကြာ ကာကွယ်ရေးဆက်ဆံမှုများရှိနေပြီး P8 လေယာဉ်ချထားမှုမှာ ကာတာနှင့် Ng တို့လက်မှတ်ရေးထိုးခဲ့သော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်မြင့်တင်ရေး၏ အစိတ်အပိုင်းဖြစ်သည်။ ထို့အပြင် နိုင်ငံဖြတ်ကျော်အကြမ်းဖက်မှုနှင့် ပင်လယ်ဓါးပြတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူညီချက်တွင်ပါဝင်သည်။

တောင်တရုတ်ပင်လယ်၏ အငြင်းပွားစပရက်တလီကျွန်းစုတွင် တရုတ်က ကျွန်းတုများတည်ဆောက်နေမှုအပေါ် ဝါရှင်တန်က ဝေဖန်လျက်ရှိပြီး ၎င်းကျွန်းများအနီး မကြာသေးမီက ကင်းလှည့်မှု များပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly