ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ချင်းတိုးတက်ရေး ပါတီမှ ဒေါ်ချယ်ရီဇဟောင်နှင့် မဇ္ဈိမ မေးမြန်းမှု

ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ချင်းတိုးတက်ရေး ပါတီမှ ဒေါ်ချယ်ရီဇဟောင်နှင့် မဇ္ဈိမ မေးမြန်းမှု

‘အမျိုးသမီးတွေက နိုင်ငံရေးမှာ ဆိုရင်လည်း ရှုထောင့်အမျိုးမျိုးက တိုက်ခိုက်ခံရနိုင်တယ်။ အထူးသဖြင့် ငယ်ရွယ်သူ အမျိုူးသမီးတွေပေါ့ ‘

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း  ကျင်းပမည်ဖြစ်ရာ ဝင်ရောက် ယှဉ်ပြိုင်မည့် သူများကလည်း ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်သည်။ လက်ရှိ လွှတ်တော်တွင် အမျိုးသမီး ပါဝင်မှုနှုန်းမှာ ငါးရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက် များများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် အရပ်ဘက် လူမှုအဖွဲ့အစည်းများကလည်း ကူညီပေးနေကြပြီ ဖြစ်သည်။ သို့ဖြစ်၍ လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းတိုးတက်ရေးပါတီမှ အမျိုးသမီး တစ်ဦးဖြစ်သူ ဒေါ်ချယ်ရီဇဟောင်ကို မဇ္ဈိမက ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းကာ ကောက်နှုတ် ဖော်ပြထားပါသည်။
 ဒေါ်ချယ်ရီဇဟောင်အနေနဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာပါလဲ။

အဓိကကတော့ ကျွန်မတို့ ပြည်နယ်မှာဆိုရင် တခြားပြည်နယ်တွေထက် ဖွံ့ဖြိုးတိုးတက်မှု အင်မတန်မှ နောက်ကျနေတယ်။ ချင်းပြည်နယ်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစမှာ လုပ်ဆောင် ပေးစရာတွေ အများကြီး လိုအပ်နေတယ်။ အဲဒါတွေ အလုပ်လုပ်ပေးဖို့ ဝင်ပြိုင်တာပေါ့၊ ချင်းပြည်နယ်မှာ ၂၀၁၄ ဧပြီ သန်းခေါင်စာရင်းအရဆို လူဦးရေ ငါးသိန်းကျော် ရှိတယ်။ ဒီထဲမှာ အမျိုးသမီးဦးရေက ထက်ဝက်ကျော် ပါတယ်။ ဒီအမျိုးသမီးတွေအတွက် လိုအပ်ချက်တွေ လိုလားချက်တွေကို ပြောဆိုပေးမယ့် အသံတွေ လွှွှတ်တော်ထဲမှာ များများ လိုအပ်တယ်။ ပြီးတော့ လွှွှတ်တော်ထဲ ဝင်ထိုင်ဖို့၊ နိုင်ငံရေးထဲပါဖို့က လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ အလုပ်မဟုတ်ဘူး။ သူတို့နဲ့ မဆိုင်ဘူးဆိုတဲ့ သဘောထားမျိုးတွေ ရှိနေတယ်။ ကျွန်မက ဒါကို လူငယ်တွေနဲ့ အမျိုးသမီးတွေလည်း ဆိုင်တယ်။ သူတို့လည်း လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို တစ်နိုင်လုံးမှာရှိတဲ့ အနာဂတ်လူငယ်တွေ၊ အမျိုးသမီးတွေ အားယူစရာတစ်ခုအဖြစ် သက်သေပြချင်တယ်။

အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေ၊ လိုလားချက်တွေကို လွှွှတ်တော်မှာ ပြောပြပေးနိုင်တဲ့သူ ရှိဖို့ လိုတယ်။ ချင်းပြည်နယ်က တခြားပြည်နယ်တွေထက်စာရင် ဖွံ့ဖြိုးမှုက  အများကြီး နှေးနေတယ်ပေါ့နော်။ ဒါကြောင့် ကျွန်မတို့က ချင်းပြည်နယ်အတွက် လုပ်စရာတွေအများကြီး အလုပ်လုပ်ဖို့ အများကြီး လိုနေသေးတယ်ပေါ့။ ဒါကြောင့် ပြောရရင် ကျွန်မက  ပြည်နယ်အတွက် အလုပ်လုပ်ချင်လို့ ဝင်ရွေးခံတာပေါ့။

မဲဆွယ်စည်းရုံးရေးအတွက်ရော ဘာတွေ ပြင်ဆင်ထားပါသလဲ။  

အခုလောလောဆယ်မှာတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ကျွန်မအနေနဲ့ မဲဆွယ်တာတွေ လုပ်လို့ မရသေးပါဘူး။ ကျွန်မလုပ်လို့ရတာက ပါတီရဲ့ခရီးစဉ်တွေမှာ ကျွန်မလိုက်သွားတယ်။ ပါတီရုံးဖွင့်ပွဲတွေကို လိုက်ပါသွားတယ်။ ပါတီထဲက အမတ်တွေရဲ့ လူထုစည်းရုံးရေး ခရီးစဉ်တွေကို လိုက်သွားတယ်။ လူထုထဲမှာ လူ့အခွင့်အရေးသင်တန်းတွေ၊ အခြေခံနိုင်ငံရေးသင်တန်းတွေ ပေးတယ်။ ပါတီရဲ့မူဝါဒပိုင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွေမှာ စကားပြောတယ်။ လောလောဆယ်တော့ ဒါတွေလုပ်နေတယ်။ မဲဆွယ်ချိန် မစခင်အထိပေါ့။

အမျိုးသမီးတွေရဲ့ စီးပွားရေး၊ လူမှုရေး ဘယ်လိုမျိုး မြှင့်တင်ဆောင်ရွက်ပြီး လုပ်ကြမလဲ။ ဥပမာပြောရရင် ချင်းပြည်နယ်မှာဆိုရင် အမျိုးသမီးတွေက  တောင်ယာ အလုပ်လုပ်ကြတယ်။ ဒီလိုတောင်ယာ လုပ်ရင်းနဲ့ ဝင်ငွေ ပိုမိုရရှိလာအောင် ဘယ်လိုလုပ်မလဲပေါ့၊ ဒါမျိုးတွေ လုပ်ပေးသင့်တယ်။ လိုလည်း လိုအပ်နေတယ်။ လောလောတယ်မှာဆိုရင် ချင်းပြည်နယ်အစိုးရအဖွဲ့မှာ အမျိုးသမီးအရေး နဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးဖို့ ဖွဲ့စည်းထားတာ မရှိသေးဘူး။ ဆုံးဖြတ်ချက်ချသူနေရာမှာ လူငယ်နဲ့ အမျိုးသမီးတွေ မရှိသေးဘူး၊ပြီးတော့ လူထုအသံကို များများနားထောင်ပေးဖို့ ပြောရရင် လူထုအသံလို့ ကျွန်မတို့ပြောရမယ့် လူထုရဲ့လိုအပ်ချက်တွေဖြစ်တဲ့ တံတားတွေ၊ စာသင်ကျောင်းတွေ၊ ရေမြောင်းကိစ္စတွေ ဒါတွေကို ထိရောက်အောင်တင်ပေးဖို့လိုတယ်။ ဒီအသံတွေက ကျွန်မတို့ ပါတီကိစ္စတွေလုပ်ဖို့ ပြည်နယ်အနှ့ံ့ရောက်ရင် အမြဲကြားနေရတဲ့ အသံတွေပါပဲ။ အခုလည်း အမတ်တွေက ပြောနေတာ၊ လုပ်ပေးနေတာပါပဲ။ ဒါပေမဲ့ ခုထက်ပိုပြီးတော့ လုပ်ဖို့ပြောဖို့လိုတယ်လေ။

ပြည်နယ်တွေမှာ ကျွန်မတို့ပြောပြောနေတဲ့ ဖက်ဒရယ်သာ ရခဲ့ရင် ပြည်နယ်တွေက အခုထက်ပိုပြီး လုပ်ပိုင်ခွင့် အများကြီး ရလာမယ်။ ဒါလိုအပ်တယ်လို့ မြင်တယ်။

ပါတီမူဝါဒကရော ဘာဖြစ်မလဲရှင်။

ချင်းတိုးတက်ရေးပါတီအနေနဲ့ ကိုင်စွဲထားတဲ့ ရပ်တည်ချက်ကတော့ တိုင်းရင်းသားပါတီတစ်ခုအနေနဲ့ အခြားသော တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်မူကို ရရှိရေး လက်တွဲဖော်ဆောင်သွားဖို့ပါ။ ကျွန်မတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်မူအတွက် ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဆောင်သွားမှာပါ၊

ချင်းတိုးတက်ရေးပါတီကနေ အမျိုးသမီးကိုယ်စားလှယ် ဘယ်နှဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါလဲ။

ကျွန်မအပါအဝင် လေးဦးပါ။

အစ်မက ဘယ်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါလဲ။

ချင်ပြည်နယ်၊ ဖလမ်းမြို့နယ်ကပါ။

ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ အတွက်ရော ဘာများ ပြောချင်ပါသေးလဲ။

အဓိကကတော့ ကိုယ့်ရဲ့ပြည်နယ် ကိုယ့်မဲဆန္ဒနယ်အတွက် အလုပ်လုပ်ပေးဖို့ဆိုတော့ အဲဒီမှာရှိတဲ့ နေထိုင်သူတွေရဲ့ လူမှုရေး၊နိုင်ငံရေး၊ စီးပွားရေး စသော ပြဿနာတွေ၊ အခက်အခဲတွေအတွက် ဘာတွေလုပ်ပေးလို့ရတယ်၊ ဘယ်လိုလုပ်ပေးရမယ် ဆိုတာကို သေချာလေ့လာထားဖို့ လိုပါတယ်။

ပါတီဘက်ကနေလည်း Political support ပေါ့၊ အမျိုးသမီးတွေ ပါဝင်လာတာကို ကြိုဆိုဖို့ လိုတယ်။ အမျိုးသမီးတွေက နိုင်ငံရေးမှာ ဆိုရင်လည်း ရှုထောင့်အမျိုးမျိုးက တိုက်ခိုက်ခံရနိုင်တယ်။ အထူးသဖြင့် ငယ်ရွယ်သူ အမျိုူးသမီးတွေပေါ့။ ဒါကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly