ပရိသတ်များ၏ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆန်းချက်ဇ် ရရှိ

ပရိသတ်များ၏ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆန်းချက်ဇ် ရရှိ

အင်္ဂလန်၊ ဒီဇင်ဘာ ၈ ။           ။ အာဆင်နယ်တောင်ပံ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်သည် ပရိသတ်များအစည်းအရုံး FSF မှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၅ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည်။

ဆန်းချက်ဇ်သည် လက်စတာတိုက်စစ်မှူး ဗာဒီ၊ မန်စီးတီးတိုက်စစ်မှူး အဂူရို၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်ယူဂိုးသမား ဒီဂီယာနှင့် အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းတို့ကို ဖြတ်ကျော်ကာ ထိုဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဆွာရက်ဇ်က ဆုရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်က အဂူရိုက ရရှိထားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဆန်းချက်ဇ်သည် ယခုအခါတွင် တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့်အတွက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ၎င်း၏ကိုယ်စား ဆုလက်ခံရယူခဲ့သည်။

ဆုရရှိခဲ့သည့်အတွက် ဆန်းချက်ဇ်က 'ပရိသတ်တွေရဲ့တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့လို့ ဝမ်းမြောက်မိပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ၂၀၁၅ ခုနှစ်မှာ ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ အကောင်းဆုံးဖြစ်အောင် ကစားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဒီရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် အခုအချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့် စိတ်ပျက်စရာ ဖြစ်နေရပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အသင်းဖော်တွေကို ပြန်လည် ကူညီနိုင်ပြီး အောင်မြင်တဲ့ နောက်ထပ်ရာသီတစ်ခုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်' ဟု ပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly