မွတ်စလင်များ အမေရိကန်သို့ အဝင်မခံရန် ရီပတ်ဘလီကန်သမ္မတလောင်း ဆော်သြ

မွတ်စလင်များ အမေရိကန်သို့ အဝင်မခံရန် ရီပတ်ဘလီကန်သမ္မတလောင်း ဆော်သြ

ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ။             ။ ကယ်လီဖိုးနီးယားပစ်ခတ်မှုကြောင့် အမေရိကန်သို့ မွတ်စလင်များကို အဝင်မခံရန် ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က ဆော်သြတိုက်တွန်းသည်။

မဲဆွယ်စည်းရုံးရေးထုတ်ပြန်ချက်တွင် အမေရိကန်အပေါ် မွတ်စလင်များ၏ သဘောထားကို နိုင်ငံက ကိုယ်စားလှယ်အမတ်များ လှစ်ဟထုတ်ဖော်နိုင်သည့် တိုင်အောင် နယ်စပ်ကို ပိတ်ထားသင့်ကြောင်း ထရန့်က တိုက်တွန်းထားသည်။

တောင်ကယ်ရိုလိုင်းနားမဲဆွယ်စည်းရုံးမှုတွင်လည်း သမ္မတလောင်းအဖြစ် ရှေ့ပြေးနေသည့် ထရန့်က ယင်းသို့ ထပ်လောင်းပြောသည်။

အိမ်ဖြူတော်နှင့် အခြားရီပတ်ဘလီကန်အမတ်များက ၎င်းအား ချက်ခြင်းဝေဖန်တုံ့ပြန်လိုက်ကြသည်။ ထရန့်၏ မှတ်ချက်သည် အမေရိကန်၏ တန်ဖိုးနှင့် အမျိုးသားလုံခြုံရေးအကျိုးစီးပွားကို ဖီလာဆန့်ကျင်နေသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။

သမ္မတလောင်းယှဉ်ပြိုင်နေသူတစ်ဦးလည်းဖြစ်သည့် ရီပတ်ဘလီကန်အမတ် ဂျက်ဘုရှ်ကလည်း “ဒီနယူးယောက်စီးပွားရေးသမား ထရန့်တစ်ယောက် စိတ်နောက်နေပြီ”ဟု ပြောလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အစွန်းရောက်တိုက်ခိုက်မှုဖြစ်ဖွယ်ရှိသည့် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုအရပ်ရှိ ကျန်းမာရေးစင်တာတစ်ခုတွင် မွတ်စလင်စုံတွဲ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုဖြစ်၍ လူ ၁၄ ဦးသေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly