အမေရိကန်က မြန်မာအပေါ် ကုန်သွယ်ရေးတင်းကြပ်ထားမှု ယာယီရုပ်သိမ်းပြီ

အမေရိကန်က မြန်မာအပေါ် ကုန်သွယ်ရေးတင်းကြပ်ထားမှု ယာယီရုပ်သိမ်းပြီ
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အေးရှားဝေါ (ASIA WORLD) ကုမ္ပဏီ၏ နိုင်ငံခြား သွင်းကုန်ထုတ်ကုန်အား အဓိကလုပ်ဆောင်နေသည့် ကွန်တိန်နာ သင်္ဘောဆိုဒ်ကပ်သည့် ဆိပ်ကမ်းအားတွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

နိုဝင်ဘာ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အတိုက်အခံပါတီအား အားပေးထောက်ကူမှုပြုခြင်း လုပ်ဆောင်ချက်တစ်ရပ်အဖြစ် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ခွင့်ပြုလိုက်ကာ အမေရိကန်က ကုန်သွယ်ရေးတင်းကြပ်ထားမှုအား ယာယီအားဖြင့် ခြောက်လ ရုပ်သိမ်းလိုက်သည်။ 

၂၅ နှစ်အတွင်း ပထမဆုံး လွတ်လပ်သည့် သမိုင်းတွင်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရပြီးနောက် ထွက်ပေါ်လာသည့် ယခုမူဝါဒ အပြောင်းအလဲသည် အမေရိကန်နိုင်ငံက ဘလက်စ်စာရင်းသွင်းထားသူ လုပ်ငန်းရှင်ကြီးများအောက်ရှိ ဆိပ်ကမ်းများနှင့် လေဆိပ်များတွင်လည်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ခွင့် ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဖြင့် ဆယ်စုများ အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၁ တွင် အရပ်သားအစိုးရ ဖွဲ့စည်းချိန်မှစကာ အမေရိကန်က မြန်မာ့အသွင်ကူးပြောင်းရေးကို အားပေးမြှင့်တင်လျက် ဒဏ်ခတ်ပိတ်ဆို့မှုများကို စတင်ရုပ်သိမ်းလာခဲ့သည်။ သို့သော် မြန်မာစစ်တပ်နှင့် နီးစပ်သော လုပ်ငန်းရှင်များအပေါ် ချမှတ်ထားသည့် ကျန်ရှိနေဆဲ  ဒဏ်ခတ်ပိတ်ဆို့မှုများက ကုန်သွယ်ကုန်ကူးခြင်း၌ မရည်ရွယ်သည့် အခက်အခဲများကို ဖြစ်ပေါ်စေကြောင်း တာဝန်ရှိသူများက အသိအမှတ်ပြုလက်ခံ လာခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိက ကုန်တင်ကုန်ချဆိပ်ကမ်းဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းကို အမေရိကန်၏ Blak List (အမည်ပျက်စာရင်း) ဝင် လုပ်ငန်းရှင်ကြီး၏ Asia World က ထိန်းချုပ်လုပ်ကိုင်နေခြင်းကြောင်း ဖော်ထုတ်တွေ့ရှိပြီးနောက် Citigroup ၊ Bank of America နှင့် PNC Finnancial တို့ကဲ့သို့သော အမေရိကန်ဘဏ်များအတွက် ငွေလွဲငွေပေးချေခြင်းများ လုပ်ကိုင်ရာတွင် ခက်ခဲကျပ်တည်းမှုများ ဖြစ်လာရကြောင်း ပြီးခဲ့သည့်လက ရိုက်တာက အထူးသတင်းဖော်ပြခဲ့သည်။

ပို့ကုန်များရောက်လာလျှင် အာမခံကျိန်းသေအောင် ပို့ကုန်လုပ်ငန်းရှင်များက ဘဏ်မှတစ်ဆင့် ကုန်သွယ်ငွေ ပေးချေကြခြင်းဖြစ်ရာ အမေရိကန်ဘဏ်များက ဘလက်စ်လစ်စာရင်းဝင် ပိတ်ဆို့ခံထားရသူများအတွက် ဝန်ဆောင်မှုမပေးနိုင်၍ မြန်မာနိုင်ငံသို့ အမေရိကန်၏ ကုန်တင်သွင်းမှုများ သိသိသာသာ ကျဆင်းလာခဲ့တော့သည်။

"အခု ယာယီဖြေလျှော့ပေးမှုက အစပါ။ အမေရိကန်ဘဏ်များအတွက်သာမကဘူး မြန်မာနိုင်ငံက ကုန်သည်များနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအတွက် ပြည်တွင်းပြည်ပ ကုန်သွယ်မှုကို စတင်ဖော်ဆောင်ပေးလိုက်တာပဲဖြစ်တယ်။"ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုမူဝါဒ အပြောင်းအလဲက ဒဏ်ခတ်ပိတ်ဆို့ခံ လုပ်ငန်းရှင်ကြီးများပိုင် ကုန်တင်ကုန်ချ နေရာများတွင် ကုန်သွယ်ရေးအတွက် ငွေပေးချေ ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သော်လည်း ဒဏ်ခတ်ပိတ်ဆို့ခံ ကုမ္ပဏီလုပ်ငန်းများနှင့် တိုက်ရိုက်စီးပွားရေးလုပ်ကိုင်ခြင်းကိုမူ တားမြစ်ထားဆဲဖြစ်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

ဒီဇင်ဘာ ၇ ရက်က ချမှတ်လိုက်သည့် ယခုပေါ်လစီအပြောင်းအလဲသည် "လာမည့်လများအတွင်း NLD ပါတီ အစိုးရဖွဲ့သည့်အခါ အသက်ရှုပေါက်ရစေရန် စီးပွားရေးအားဖြင့် အရေးကြီးဆုံးအရာကို တတ်နိုင်သရွှေ့ လုပ်ပေးခြင်းဖြစ်ကြောင်း။" အမေရိကန် အထက်တန်းအရာရှိတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly