မြောက်ကိုရီးယား နျူကလီးယားလှုပ်ရှားမှုက ဆွေးနွေးပွဲ ဖိတ်ခေါ်ခံလို၍ ဟန်ရေးပြနေခြင်းသာဖြစ်

မြောက်ကိုရီးယား နျူကလီးယားလှုပ်ရှားမှုက ဆွေးနွေးပွဲ ဖိတ်ခေါ်ခံလို၍ ဟန်ရေးပြနေခြင်းသာဖြစ်

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မြေမှ လတ်တလော လှုပ်ရှားမှုများသည် မကြာမီ ဗုံးစမ်းသပ်ဖောက်ခွဲရန်အတွက် ပြင်ဆင်နေခြင်းထက် ဟိတ်ရေးဟန်ရေးပြနေခြင်း သက်သက်က ဖြစ်ဖို့ပို များကြောင်း နျူကလီးယားစမ်းသပ်ခြင်းတားမြစ်စောင့်ကြည့်ရေး နိုင်ငံတကာအဖွဲ့မှ ခေါင်းဆောင်က ပြောသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသနအဖွဲ့က မြောက်ကိုရီးယားအရှေ့ဖက်ကမ်းခြေရှိ Punggye-ri နျူကလီးယားလုပ်ကွက်တွင် ဥမင်သုံးခုအပြင် နောက်ထပ်ဥမင်သစ်တစ်ခု တည်ဆောက်ထားသည်ဟု ဂြိုဟ်တုဓာတ်ပုံများကို စိစစ်ကာ သတင်းထုတ်ပြန်ခဲ့သည်။

"ဒီလေးခုမြောက် ဥမင်က နျူကလီးယားစမ်းသပ်ဖို့ထက် နိုင်ငံတကာအသိုက်အဝန်းက ဆွေးနွေးပွဲတွေ ဖိတ်ခေါ်လာအောင်  ဖိအားပေးတဲ့ ဟန်ရေးုပြသက်သက် လုပ်ကိုင်ပြနေခြင်းပဲ ဖြစ်တယ်လို့ ကျွန်တော် ပြောရဲတယ်။"ဟု နျူကလီးယားစမ်းသပ်မှုတားမြစ်ခြင်းဘုံပဋိညာဉ်အသင်းကြီး CTBTO မှ အကြီးအကဲဖြစ်သူ Lassina Zerbo ကပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစကာ ဥမင်ဟောင်းသုံးခု၌ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု သုံးကြိမ်ပြုလုပ်ခဲ့သည်။

၂၀၁၃ ခုနှစ်က နောက်ဆုံးစမ်းသပ်မှုသည် ၎င်း၏ အဓိက မဟာမိတ် တရုတ်အပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းရှုတ်ချခဲ့ကြသည်။ အထီးကျန်မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားလက်နက်စီမံကိန်းအတွက် ရန်ပုံငွေ ရမနေအောင် ကုလသမဂ္ဂက ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့ထားခဲ့သည်။

နျူကလီးယားစီမံကိန်းအဆုံးသတ်ရေးနှင့် ပတ်သက်ကာ ၂၀၀၅ ခုနှစ်က အမေရိကန်နှင့် မြောက်ကိုရီးယားအပါအဝင် ခြောက်နိုင်ငံသံတမန်ဆွေးနွေးပွဲများမှ သဘောတူညီချက်ကိုလည်း မြောက်ကိုရီးယားက လိုက်နာခြင်းမရှိပေ။

၎င်းက နျူကလီးယားစီမံကိန်းများကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သော်လည်း စတုတ္တမြောက်ဥမင်ကမူ နျူကလီးယားစမ်းသပ်ဖောက်ခွဲရသေးဟန် မရှိကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly