“ အဝေးပြေး အဆင့်မြင့် ဘတ်စ်ကားကြီးတွေမှာ ကုန်စည်တင်ဆောင်တာ ခွင့်ပြုပေးသင့် သလား”

“ အဝေးပြေး အဆင့်မြင့် ဘတ်စ်ကားကြီးတွေမှာ ကုန်စည်တင်ဆောင်တာ ခွင့်ပြုပေးသင့် သလား”

အခုဆိုရင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဟာ အဝေးပြေးလမ်းမှာ ဖြတ်သန်းသွားတဲ့ အဆင့်မြင့် လူစီး ဘတ်စ်ကားတွေကို ကုန်စည်စလွယ်တွေ တင်ဆောင်လာတာ ရှိမရှိ စစ်ဆေးနေပါပြီ။ တင်ဆောင် လာတာ တွေ့ရင် ပထမအဆင့် ပညာပေးကာလ တုန်းကတော့ ကုန်စည်တွေကို ချ၊ အခြားကုန်တင်ယာဉ်နဲ့ ပြောင်းတင် ခိုင်းတာမျိုး လုပ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကနေစ ခရီးသည်တင် လူစီး အဝေးပြေး ဘတ်စ်ကား တွေအနေနဲ့ စည်းကမ်းလိုက်နာမှုမရှိပဲ ကုန်ပစ္စည်းတွေ တင်ဆောင်လာရင် တည်ဆဲ အမြန်လမ်းမကြီးများ ဥပဒေ၊ မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေတွေအရ အရေးယူမယ်လို့ ဆိုထားပါတယ်။ ဒီနေ့အချိန်ထိ အဝေး ပြေး ဘတ်စ်ကား ဘယ်နှစ်စီး အရေးယူထားပြီလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ “လမ်းမကြီး ပြုပြင်ရေးနဲ့ ထိမ်းသိမ်းရေး အဖွဲ့” က ထုတ်ပြန်ထားတဲ့ ဒီညွှန်ကြားချက်ဟာ ဘာသဘော ဆောင်သလဲ၊ ခရီးသည်တင် ယာဉ်လိုင်းပိုင်ရှင်တွေကရော ဒီ စည်းကမ်းလိုက်နာဖို့ ဘာကြောင့် ခက်ခဲနေရသ လဲ၊ တကယ်တန်း ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်တော့ ခရီးသည်တင် အဆင့်မြင့် ယာဉ်လိုင်းတွေ ဆိုတာဟာ (ခ) လိုင်စင်ရယူ လုပ်ကိုင်နေတဲ့ ယာဉ်တွေပါ။ ဥပဒေအရဆိုရင် ဒီလို ခရီးသည်တင်ယာဉ်တွေမှာ စီးပွားရေးနဲ့ဆိုင်တဲ ဝန်စည်စလွယ်တွေကို တင်ဆောင်ခွင့် မရှိပါဘူး။ ကုန်စည်တင်ဆောင်ဖို့ အတွက်ဆိုရင် (ဂ)လိုင်စင် လျောက်ထား လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေဟာ စာအုပ်ထဲမှာပဲရှိပြီး လက်တွေ့ အကောင်အထည်မပေါ်တာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက မြန်မာနိုင်ငံ ပြည်တွင်းမှာ ပြေးဆွဲတဲ့ (ခ)လိုင်စင် ခရီးသည်တင် အဝေးပြေး ဘတ်စ်ကားကြီးတွေမှာ ကုန်စည်တွေ တင်ဆောင် သွားလာနေကြတာပါ။ ခရီးသည်တင် အဝေး ပြေး ဘတ်စ်ကားလိုင်းတွေဟာ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို အဓိက လုပ်သလို၊ ဒုတိယ ဝင်ငွေ အနေနဲ့ ကုန်စည် တင်ဆောင်တာတွေ၊ အမြန်ချောစာနဲ့ ချောထုတ် တင်ဆောင်တာတွေကို လုပ်ပါတယ်။

နဂို ဒါမျိုးလုပ်စဉ် တုန်းကတော့ အကြောင်းအချက်များစွာ ရှိခဲ့ပါတယ်။ အစိုးရ အာဏာပိုင်တွေဘက် ကနေ အဝေးပြေး ဘတ်စ်ကားခတွေကို သတ်မှတ် ပြေးဆွဲစေတာ၊ ပြည်တွင်းမှာ အပေါ့စား အမြန်ချောပို့ လုပ်ငန်း မထွန်းကားတာ၊ ကားတင်သွင်းခွင့် ခက်ခဲအောင် လုပ်ထားတဲ့အတွက် ကုန်ကား၊ ဘတ်စ်ကားတွေ ဈေးနှုန်းကြီးမြင့်နေတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ခရီးသည်တင် အဝေးပြေးကားတွေဟာ လူလည်း တင် ကုန်လည်းတင် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုလုပ်တဲ့အတွက် အဓိက ထိခိုက်တာကတော့ ခရီးသွားပြည်သူတွေပဲ ဖြစ်ပါတယ်။ အများစုသော အဝေးပြေး ဘတ်စ်ကားလိုင်း ထောင်ထားသူတွေဟာ ခရီးသည်တွေကို သူတို့ တင်ဆောင်လိုတဲ့ ဝန်စည်စ လွယ်တွေကို သိပ်ပြီး တင်ဆောင်ခွင့် မပြုချင်ပါဘူး။ အကြောင်းကတော့ ခရီးသည်တွေတင်တဲ့ ဝန်စည်စလွယ် နည်းလေလေ၊ သူတို့အနေနဲ့ ကုန်များများ တင်နိုင်လေလေ၊ ငွေများများ ရလေလေ ဖြစ်လို့ ဖြစ်ပါတယ်။ ခရီးသည်တွေရဲ့ ဝန်စည်စလွယ် နည်းနည်းလေးများတာနဲ့ တန်ဆာခဆိုပြီး မတန်တဆ ငွေတောင်းခံတာ မျိုးလည်း လုပ်ခဲ့ကြပါတယ်။

ခုလည်း လုပ်နေကြဆဲပါ။ နောက်ပြသနာ တစ်ခုကတော့ တစ်ချို့ ဘတ်စ်ကား လိုင်းတွေအတွက် ကုန်တင်ချိန်၊ ကုန်ပစ္စည်းချချိန်ကို အချိန်ပေးရလို့ ခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်ရတာ မျိုးလည်း ရှိပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းအလေးချိန် အများကြီး တင်ထားရင် အဲဒီ ခရီးသည်တင် ဘတ်စ်ကား မောင်းနှင် ပြေးဆွဲရာမှာ အန္တရယ် ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ သြဂုတ်လ ၁၀ ရက်နေ့ ညနေက ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၁၀၅ မှာ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်- လားရှိုး ပြေးဆွဲတဲ့ ရွှေလီဦး ခရီးသည် တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပါတယ်။ ဖြစ်ပွားပြီးပြီးခြင်း ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၉ ယောက် သေဆုံးခဲ့ သလို ၂၇ ယောက် ဆေးရုံတင်လိုက်ရပါတယ်။ ဒီလို ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာဟာ ယာဉ်မောင်းရဲ့ ပေါ့လျော့မှု၊ လမ်းပြဿနာတင်မက လူစီးဘတ်စ်ကားပေါ်မှာ ကုန်တွေနင့်နေအောင် တင်ထားမှုကြောင့်လည်း ဖြစ်နိုင် တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ ဒါတွေက ခရီးသည်တင် အဝေးပြေး ဘတ်စ်ကားတွေမှာ ဥပဒေနဲ့ မညီ ကုန်ပစ္စည်းတင်ဆောင်လို့ ပေါ်ပေါက်လာရတဲ့ ပြဿနာတွေပါ။

အခုလို ကုန်ပစ္စည်းတင်ဆောင်ရတာနဲ့ ပတ်သက်ပြီး ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ကနေ အစည်းအဝေးတစ်ရပ် ကျင်းပ၊ ဆုံးဖြတ်ချက် တစ်ချို့ချပြီး ဒုသမ္မတ ဦးဉာဏ်ထွန်းဆီကို စာတစ်စောင် ပေးပို့ထားပြီလဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ပေးစာမှာ တင်ဆောင်ခွင့် ပေးနိုင်မယ့် ကုန်စည်အမျိုးအစားကို သတ်မှတ်ပေးဖို့၊ ကုန်ချိန် ဘယ်လောက် တင်နိုင်မလဲဆိုတာ သတ်မှတ်ပေးဖို့နဲ့ အဲလို ခွင့်မပြုနိုင်ဘူးဆိုရင် ကားခတွေ ဈေးနှုန်းတိုးမြှင့် ယူခွင့်ပြုဖို့ စတာတွေ ပါပါတယ်။ ကားခဈေးနှုန်း တိုးမြှင့်ယူဖို့ သူတို့ တောင်းဆို တာက ခရီးသည်တစ်ယောက် တစ်မိုင်ကို ၃၅ ကျပ်ကနေ ကျပ် ၅၀ အထိ ကောက်ခံခွင့်ပြုဖို့ တင်ပြထားပါ တယ်။ ဒီနှုန်းအတိုင်းဆိုရင် လက်ရှိ ရန်ကုန်-မန္တလေး ကားခကျပ် ၁၀၅၀၀ ကနေ ကျပ်တစ်သောင်းခွဲ နှစ်သောင်းလောက်အထိ ဈေးမြင့်တက်သွားမယ့် သဘောရှိပါတယ်။

ခရီးသည်တင် အဝေးပြေး ဘတ်စ်ကားတွေဟာ ခုလို ကုန်တင်ရာကနေ တစ်ခေါက်ကို ကျပ် တစ်သိန်း စွန်းစွန်း ရတယ်လု့ိ အကယ်ဒမီ ယာဉ်လိုင်းပိုင်ရှင် ဦးအေးဇော်က ပြောထားပါတယ်။ ဒါဟာ ဂဏန်းဖာ ၄၀ လောက်တင်တာကို တွက်ချက်ပြထားတာ ဖြစ်ပါတယ်။ တကယ်လို့ ယာဉ်လိုင်းကို အဲဒီလောက်ငွေ ပမာဏ ပိုရအောင်ဆိုရင် ခရီးသည်တစ်ယောက် ကျပ် ၂၀၀၀ စီလောက် ပိုကောက် ရမယ့် သဘောဖြစ်ပါတယ်။

ပြဿနာကို ခြုံငုံကြည့်လိုက်ရင် ခရီးသည်တင်ကားဆိုတာ ခရီးသည်တင်ဖို့ပဲ ဖြစ်သင့်ပြီး ကုန်တင်ဖို့ မဖြစ်သင့်ဘူးဆိုတာ အမှန်ပါ။ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း ယာဉ်လိုင်းတွေ တွက်ခြေကိုက်မယ့် ကားခ ဈေးနှုန်းတစ်ခု ညှိနှိုင်း သတ်မှတ်ပေးဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် လက်ရှိ ခရီးသည်တင်ယာဉ်လိုင်းတွေက လုပ်နေတဲ့ ဒီညပို့ မနက်ရောက် ကုန်ပစ္စည်း၊ ချောစာ၊ ချောထုတ် ပို့ဆောင်ရေး လုပ်ငန်း ကောင်းကောင်းမွန်မွန် ထွန်းကားအောင် စီစဉ်ပေးဖို့လည်း လိုပါဦးမယ်။ ဒါတင်မက အဝေးပြေးခရီးသည်တင် ယာဉ်တွေမှာ ကုန်စည် မတင်ရဆိုတဲ့ စည်းကမ်းထုတ်မယ်ဆိုရင် ရန်ကုန်- နေပြည်တော်- မန္တလေး လမ်းတစ်ကြောင်းထဲမှာ မလုပ်ပဲ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ အခုပြဿနာကို ဥပဒေပါအတိုင်းဆိုပြီး ဇွတ်တားမြစ်တာမျိုး မလုပ်ပဲ ဘက်ပေါင်းစုံ အခြေအနေကို တွက်ချက်ပြီးမှ စနစ်တကျ အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags