အပျိုပေါက်ကျောက်စိမ်း

အပျိုပေါက်ကျောက်စိမ်း
ဖားကန့်ဒေသရှိ အစိုးရပိုင်ကျောက်စိမ်းလုပ်ကွက်အားတွေ့ရစဉ်။ ဓာတ်ပုံ - Kachin Land

တရုတ်နိုင်ငံထုတ် South Chaina Morring Post  သတင်းစာကြီးမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကြံပေး ဦးရောဘတ်ဖေနဲ့ အင်တာဗျုးပါတဲ့အကြောင်း RFA ရေဒီယိုကနေ မောင်မှန် နားထောင် လိုက်ရပါတယ်။ ဒီအင်တာဗျုးမှာ ဦးရောဘတ်ဖေက မကြာမီ ဗမာပြည်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက် များပြားလာစေဖို့အတွက် မလိုလားအပ်တဲ့ ဥပဒေ အဆီးအတားတွေကို အစိုးရသစ်က လျော့ပေါ့ပေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ပေါက်ဖေါ် သတင်းစာက NLD  အဝန်းအဝိုင်းကို ခြေဦးလှည့်လာတဲ့သဘော တွေ့ရပါတယ်။ သူတို့မှာလည်း မြစ်ဆုံဝေဒနာ၊ လက်ပံတောင်း ဒဏ်ရာတွေနဲ့ဆိုတော့ တက်တဲ့အစိုးရ ကိုယ့်အစိုးရလုပ်ဖို့ ကြိုးစားရတာ နေမှာပေါ့။ (တကယ် က တက်ကို မတက်ရသေးတဲ့ အစိုးရပါ)

ဂျပန်ကလည်း NLD ပြောရေးဆိုခွင့် ရှိသူကို သူ့နိုင်ငံဖိတ်တယ်။ အဆင်ပြေချောမွေ့စွာ အာဏာ လွှဲပြောင်းနိုင်ရေးနဲ့ အစိုးရသစ် ဖွဲ့စည်းရေးအတွက် ဂျပန်နိုင်ငံက တက်ကြွစွာ ကူညီဆောင်ရွက်ပေးမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံပြောကြားခဲ့ပါတယ်။ NLD ဘက်ကလည်း " ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် တိုင်းပြည်တည်ဆောက်ရေး ကဏ္ဍတွေမှာ အရေးကြီးပါတယ်" လို့ ဂျပန်သတင်းစာတစ်စောင်မှာ ပြန်လည် ပြောကြားခဲ့ပါတယ်။ ဟုတ်တော့ ဟုတ်နေကြတာပဲ၊ ခေတ်သစ်စိန်ကြည်တွေ ပေါ်လာကြဦးမယ် ထင်ပါတယ်။ နောက်တာပါခင်ဗျာ။

ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုတာ လာလေကောင်းလေပါပဲ။ ကိုယ့်အမျိုးသားတွေ တကယ်အ ကျိုး ဖြစ်ထွန်းမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့ နွေးထွေးစွာ ကြိုဆိုရမှာပါ။ ခေတ်သစ် စိန်ကြည်တွေ မပေါ်ပေါက်ရေးကိုတော့ မောင်မှန်တို့ တစ်မျိုးသားလုံးက အသိရှိရှိနဲ့ ကာကွယ်ရမှာပါ။ (မျိုးစောင့် ဥပဒေ ဆိုတာလောက်နဲ့တော့ ပျင်းတောင်ပျင်းသေး ပြောကြပါလိမ့်မယ်၊ ခုတ်ရာတခြား ရှရာတစ်လွဲ ဖြစ်နေတဲ့ ဥပဒေကြီးနဲ့ အရေးယူလာလိုက်တာ အရေးယူခံရတဲ့အထဲ ခုထိလူမျိုးခြား မပါသေးပါဘူး)

ပေါက်ဖော်တွေ နိပွန်တွေက သတင်းစာ အင်တာဗျုးလုပ်လိုက်၊ နိုင်ငံရေးထဲ ဖိတ်ခေါ်လိုက် လုပ်နေတောလေတော့ အန်ကယ်ဆမ်က ဘယ်နှယ့် နေရမယ်မသိဘူး ဖြစ်နေတယ်၊ ယနေ့ဗမာပြည် ရဲ့ ဖြစ်ပေါ် ပြောင်းလဲမှုတွရဲ့ ခေါင်းကိုင်ဖခင်ဟာ သူပါလို့ အမေရိကန်က ကိုယ့်ကိုကိုယ် ခံယူထားခဲ့ တာ မဟုတ်လား။ ၂၀၁၀ ဝန်းကျင်ကစလို့ ဝါရှင်တန်နဲ့ နေပြည်တော်ကို ရန်ကုန်-ဒလလို သဘော ထားပြီး ကူးချည်သန်းချည် လုပ်လာခဲ့တာ အန်ကယ်ဆမ်တို့ပါခင်ဗျာ၊နောက်မှလဲလာသေး၊ မောင်ဦး လည်း မှည့်သေးတာလောက်ကတော့ အန်ကယ်ဆမ်က သနားတယ်ပေါ့။ ပျင်းသနားလွန်းလွန်းမို့ အမေရိကန်အာရှ ပစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ရပ်ဆဲ(လ်)က ဗမာ ပြည်သူတွေနဲ့ လက်ဖက်ရည်ဆိုင်ပါ ထိုင်ပစ်ပြလိုက်တယ်၊ ဒူးတင်ပေါင်တင်နိုင်ငံရေး ဆွေနွေးပြလိုက် တယ်၊ အားလုံးကို ဖြတ်ပြလိုက်တာပေါ့။

ဒန်နီရယ်ရပ်ဆဲ(လ်)ဟာ ရွေးကောက်ပွဲမတိုင်မီကလည်း ဗမာပြည်ကို လာခဲ့တယ်။(သူဟာ သမ္မတ အိုဘာမားရဲ့ အထူးတမန်တော်ပါ) ရွေးကောက်ပွဲအပြီး NLD နိုင်တော့လည်း ထပ်လာတယ်၊ တိုင်းပြည်ရဲ့ ထိပ်တန်းခေါင်းဆောင် အားလုံးနဲ့ တွေဆုံခဲ့သလို  အောက်ခြေပြည်သူတွေနဲ့လည်း လက်ဖက်ရည်ဆိုင်ကို သွားထိုင်ခဲ့တယ်။ သာသာယာယာပဲ၊ သူတို့ဖောက်ခဲ့တဲ့လမ်း အတော်ခရီးတွင် လာပြီဆိုတော့လည်း လက်မထောင် ကြပေမပေါ့။

အဲဒီနိုင်ငံကြီးတွေနဲ့ နည်းတူပဲ အခြားနိုင်ငံအသီးသီးကလည်း အထုပ်တပြင်ပြင်နဲ့ ဗမာပြည်ထဲ ဝင် ရင်းနှီးမြှုပ်နှံဖို့ ပြင်နေကြပါပြီ။ ဗိုင်းကောင်းကျောက်ဖိ စည်းကမ်းရှိသော ဒီမိုကရေစီ အပျိုဖျန်းက လေး ဗမာပြည်ဟာ ချစ်သူဝိုင်းဝိုင်း လည်နေပါပြီ။ (ချစ်သူရွေးမယ် ချစ်ဝဲလယ်ဘဝကိုတော့ ဘယ်နေ့ ရောက်မယ်မသိပါ) အဲသလိုပဲ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး ပေါ်လစီကို အခိုင်အမာ အကောင်အထည်ဖေါ် နေကြပါပြီ၊ အန်ကယ်ဆမ်တို့ဟာ ပေါက်ဖေါ်ဝိုင်းပတ်ရေး ပေါ်လစီကို အခိုင်အမာ ကောင်အထည် ဖော်နေကြပါပြီ၊ ပေါက်ဖေါ်တွေကလည်း တောင်တရုတ်ပင်လယ်ထဲမှာ ကျွန်းများသခင်လုပ်ဖို့ ပြင်ဆင် နေကြပါပြီ၊ မောင်မှန်တို့နဲ့ အနီးတစ်ဝိုက်မှာပဲ ကပ်ခွေရှုပ်ထွေးနေကြတာပါ။ ကိုယ့်လာပြီး အဖျားခတ် နိုင်ပါတယ်၊ ဝင်ခတ်ထွက်ခတ် အခတ်မျိုးစုံနဲ့လည်း ကြုံနိုင်ပါတယ်။ အတော့်ကို သတိထားနိုင်မှ တော်ကာကျပါလိမ့်မယ်၊ ကိုယ်က စည်းကမ်းရှိသော ဒီမိုကရေစီ အပျိုပေါက်လေးမို့လား။

ဗမာပြည်ဟာ တိုင်းပြည်က ချမ်းသာပြီး လူထုက ဆင်းရဲတဲ့ နိုင်ငံရယ်လို့ နာမည်ကြီးပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက ဝိုင်းဝန်း မျက်စိကျနေကြတာပါ။  အောက်တိုဘာလထဲမှာ ထွက်ရှိတဲ့ Global Witness အဖွဲ့ကြီးရဲ့ကျောက်စိမ်း မြန်မာနိုင်ငံ၏ ကြီးမားသော လိျှုဝှက်ချက်ဆိုတဲ့ အစီရင်ခံ စာဟာ ဗမာပြည် သယံဇာတ ကျောက်စိမ်း ကြွယ်ဝမှုနဲ့ အကျိုးအမြတ်ကို လူတစ်စုသာ ခံစားနေရမှုကိုဖော်ပြ ထားခဲ့ပါတယ်။ ဒီကိစ္စကို မောင်မှန်ရေးခဲ့ ပြီးပါပြီ၊ အစီရင်ခံစာထွက်ထွက်ချင်းမှာ သက်ဆိုင်သူ တွေဘက်က ဘာသံမှ မကြားခဲ့ရပါ။ ဝန်မခံသလို ငြင်းလည်း မငြင်းခဲ့ကြပါ။ အခု ရွေးကောက်ပွဲပြီးကာမှပဲ တစ်ယောက်က ပျာပျာသလဲ ထငြင်းပါတယ်။

"ဦးနေအောင်က ကျနော်သားဆိုတာ မှန်ပါတယ်၊ ကျနော်သားက မြတ်ယမုံကျောက်မျက် ကုမ္ပ ဏီပိုင်ရှင်ရဲ့တူ ဦးခင်မောင်မြင့်နဲ့ တက္ကသိုလ်အတူတက် ဘူမိဗေဒဘွဲ့ အတူတူရပြီး သူငယ်ချင်းရဲ့ အဆက် အသွယ်နဲ့ မြတ်ယမုံမှာ ဝင်လုပ်နေပြီး ငွေကြေးအရင်းအနှီးမပါဘဲ သူ့ သူငယ်ချင်းရဲ့ အစီစဉ်နဲ့ ဒါရိုက်တာဖြစ်လာခဲ့တာပါ။ ကျနော့်သားကလည်း ဝန်ထမ်းသာဖြစ်သလို ဒီလုပ်ငန်းတွေရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေကို ကျနော်ဘာမှမသိပါဘူး။ အကျိုး အမြတ်ခံစားခွင့်တွေကလည်း ကျနော်နဲ့ လုံးဝ မပတ်သက်ပါဘူး။ မလျော်သြဇာသုံးပြီး အခွင့်အရေးရဖို့ ဆောင်ရွက်ပေးခဲ့တာလည်း မရှိပါဘူး" လို့ မွေး/ရေဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက ပြောဆိုရှင်းလင်းခဲ့ပါတယ်။

မောင်မှန်တို့များ မိဘကလည်း မကောင်း၊ အပေါင်းသင်းကလည်း မကောင်းတာကြောင့် ခုထိ ကို မကြီးပွား မချမ်းသာနိုင်ပါဘူး။ ကျေးဇူးရှင်မိဘတွေကိုလည်း မလွှဲသာမရှောင်သာ အပြစ်ဆိုရပါ တော့တယ်။ ကြည့်လေ သူများသားသမီးတွေကျ အဖေက ဗိုလ်ချုပ်ဝန်ကြီး ဖြစ်တာနဲ့ပဲ သူငယ်ချင်း ဦးလေးရဲ့ ကျောက်မျက်ရတနာ ကုမ္ပဏီမှာ ငွေကြေးအရင်းနှီး တစ်ပြားမှမပါပဲ ဒါရိုက်တာ သွားဖြစ် တယ်။ ဒါတောင် အဖေဗိုလ်ချုပ် ဖြစ်သူက မလျော်သြဇာသုံးပြီး ဘာအခွင့်အရေးမှ မတော်မတရား ရအောင်လုပ်ခဲ့တာ မရှိဘူးနော်။ မလျော်သြဇာ သုံးများသုံးခဲ့ရင် သူ့သားက ကျောက်မျက်ရတနာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌရာထူးလောက်ရသွားနိုင်မယ် ထင်ပါတယ်။  ဦးနေအောင်ရဲ့ သူငယ်ချင်း ကျောက် မျက်ရတနာ ကုမ္ပဏီရဲ့ တူကတော့ စိတ်ညစ်ရင် စိတ်ညစ်မှာပေါ့နော်။ သူငယ်ချင်းရဲ့ ဖခင် ဗိုလ်ချုပ် ကြီးဆီက  အခွင့်အလမ်းများရမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဦးလေးကို ပြောပြပြီး ကုမ္ပဏီမှာ ဒါရိုက် တာ တစ်နေရာစာ ပေးထားတာဖြစ်မှာပေါ့။ ခုတော့ ငွေအရင်းလဲ မပါ၊ သြဇာကလည်း သုံးမရတဲ့ သူကို အလုပ်ခန့်ထားမိသလို ဖြစ်နေတော့ ဦးလေးအဆူအကြိမ်းလည်း ခံရကောင်း ခံရနိုင်တာပေါ့ခင်ဗျာ။

တစ်ခါ ဗိုလ်ချုပ်ဟောင်းကြီးက မိမိမှာ လက်ရှိအချိန်တွင် မည်သည့်ပိုင်ဆိုင်မှုမှမရှိဘဲ တိုက်ကြီး တွင် စိုက်ပျိုးရေး ခြံတစ်ခြံနှင့် ငါးကန်တစ်ကန်ရှိကြောင်း၊ အဆိုပါ ငါးကန်ကိုပင် သားဖြစ်သူ ဦးမင်း သိမ်း၏  အကြွေးများအတွက် ကူညီပေးဆပ်ရန် ရောင်းချရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါ တယ်။ အော်…. သံဝေဂရစရာပါ။ ချက်ခြင်းဆိုသလို ဆင်းရဲသွားပုံရပါတယ်။ ပြည်ခိုင်ဖြိုး အတွင်းရေး မှုးကလည်း အဖြုတ်ခံရ၊ စီးပွားရေးကလည်းကျ သားရဲ့အကြွေးတွေပါ ကူဆပ်ရမယ့် အခြေနေကို တန်းရောက်သွားတော့တာပါပဲ။ ဒါကို အလိုက်ကန်ဆိုးမသိ ကိုယ့်ဂျာနယ်ရောင်းဖို့ပဲသိတဲ့ ဂျာနယ်လစ် မလေး တစ်ယောက်ကလည်း မလျော်မေးခွန်းကို မေးလိုက်သေးသဗျ။ ဦးမင်းသိမ်းရဲ့ အကြွေးအတွက် ကူညီဆပ်ပေးဖို့ ဦးမောင်မောင်သိမ်း ရောင်းပေးမယ်ဆိုတဲ့ ငါးကန်ဟာ ဧကပေါင်း ဘယ်လောက်ရှိပါသ လဲလို့ မေးတဲ့အခါ"  သမီးက ဝယ်မှာလား၊ မဝယ်ရင် မပြောပါရစေနဲ့"  လို့ ဦးမောင်မောင်သိမ်းက ပြန်ဖြေပါသတဲ့။ ဗိုလ်ချုပ်ဟောင်းဝန်ကြီးဟောင်း တစ်ယောက်ရဲ့ အယဉ်းကျေးဆုံး ပြန်လည်ဖြေကြား လိုက်တာပါ။ မဝယ်နိုင်ဘဲ လာမေးနေတာ ဘာလို့ဖြေရမှာလဲ, ဟင်း  မောင်မှန်သာဆို တစ်ခါထဲ မောင်းထုတ်ပစ်လိုက်မှာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly