မဝါးလိုက်ပါနဲ့

မဝါးလိုက်ပါနဲ့
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ၂၀၀၄ ခုနှစ်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - မဇ္စျိမသတင်းဌာန)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှတဆင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်၏ ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိတော့မည်။ နိုဝင်ဘာ ၈ တွင် မဲဆန္ဒရှင်များအပါအဝင် ပြည်သူတစ်ရပ်လုံးသည် အင်န်အယ်လ်ဒီကို တစ်ကြိမ် ထပ်ပုံပြန်သည်။ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် လွှတ်တော် သုံးရပ်စလုံးတွင် ၈၀ ရာခိုင်နှုန်းဝန်းကျင်ဖြင့် အနိုင်ရသည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲပြီးနောက် နှစ်ရက်အကြာ နိုဝင်ဘာ ၁၀ မှာပင် သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ကို ပြည်သူ့ဆန္ဒအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြပါမည့်အကြောင်း စာရေးသား တောင်းဆိုခဲ့သည်။ လူထုခေါင်းဆောင်သည် ပြည်သူများအရေးအတွက် ချက်ချင်းလက်ငင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ တောင်းဆိုထားသည့် ခေါင်းဆောင်သုံးဦးစလုံးနှင့် တွေ့ဆုံဆွေးနွေးပြီးသည်သာမက ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) နှင့်ပင် နိုဝင်ဘာ ၄ က တွေ့ဆုံဆွေး နွေးပြီးဖြစ်သည်။ ပြည်သူတချို့မှာ အနည်းငယ် မျက်စိလည်သကဲ့သို့ ဖြစ်ကုန်ကြသည်။ ခေါင်းဆောင် သုံးဦးနှင့် တွေ့ဆုံပြီးနောက် ယင်းခေါင်းဆောင်များ၏ ခေါင်းဆောင်ကြီးနှင့်ပါ ထပ်မံ တွေ့ဆုံခြင်းသည် မည်သည့်အတွက်နည်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) သည် ယနေ့တိုင် ထိပ်သီးပုဂ္ဂိုလ်ကြီး ဖြစ်နေသေးသလားဟူသော မေးခွန်းသည် ထင်ရှားစွာ ပေါ်ပေါက်လာသည်။

ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရသစ်ကို ဦးဆောင်မည့် သမ္မတအဖြစ် မြင်လို ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတအဖြစ် ငါးနှစ်သက်တမ်းတစ်ခု ထမ်းဆောင်လိုက်လျှင် တိုင်းပြည်သည် ယခုထက် အများကြီး ကောင်းနိုင်သည်ဟု တွေးထင်ကြသည်။ သို့သော် အစိုးရအလုပ်မှာ လွယ်လှသည်တော့ မဟုတ်ပါ၊ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ အတားအဆီးနှင့် အခုအခံများက များစွာရှိနေမည်သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ခေါင်းဆောင်များ တွေ့ဆုံကြသည့်အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီသည် များစွာ ထုတ်ဖော် မပြောဆိုပါ၊ လုံလောက်သော ပြောဆိုစရာများ မရှိသေးသည့်အတွက် မပြောဆို၊ မရှင်းလင်းသေးခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ မရှင်းလင်း၊ မပြောဆိုနိုင်သေးသည့်တိုင် မပြောနိုင်သေးကြောင်း၊ တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုး လုပ်နေကြောင်းကို ထုတ်ဖော် ပြောဆိုသင့်သည်။

ယခုတော့ နှစ်ပေါင်းများစွာ တိုင်းပြည်ကို အုပ်စီး၍ ထင်ရာလုပ်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြသည်၊ ဆွေးနွေးကြသည်။ ဒေါ်အောင်ဆန်းစုကြည်က အာဃာတမထားနှင့်၊ ခွင့်လွှတ်ကြ၊ မေတ္တာနိုင်ငံရေး လုပ်ကြဟု ဆော်သြသည်။ အခြားတစ်ဖက်တွင်လည်း ပြည်သူ့ကိုယ်စားလှယ်များကို အရည်အချင်း တိုးတက်အောင် ဆောင်ရွက်ကြပါ၊ ပြည်သူနှင့် တသားတည်း ဖြစ်စေရန် အခြေခံ အလုပ်ဖြစ်သည့် အမှိုက်ကောက်ကြရန် တိုက်တွန်းပြန်သည်။

ပြည်သူများသည် စောင့်ကြည့်နေကြသည်၊ ကောင်းသတင်းကို နားစွင့်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မျက်လုံးစုံမှိတ် ယုံကြည်ထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့် လူထုကောင်းကျိုးကို ဆောင်ရွက်မည့်သူဖြစ်သည်။ ရှေးရှေးကလည်း သားကွဲ အိမ်ထောင်ကွဲနှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့သည်၊ နောက်နောက်လည်း ယခုကဲ့သို့ပင် အကြွင်းမဲ့ ဆောင်ရွက်သွားပေလိမ့်မည်ဟု ယုံကြည်ပြီး ဖြစ်ကြသည်။

တိုင်းပြည်နှင့်လူထုအကျိုးရည်၍ ထိုသို့ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ဦးမည်ဖြစ် သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အနစ်နာခံ ဆောင်ရွက်ခဲ့သည်ဟု မည်သည့်အခါကမှ မပြောပါ၊ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ်၊ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ် လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟုသာ အမြဲလိုလို ပြောဆိုခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြီးခဲ့သည့် နှစ် ၃၀ အတွင်း မြန်မာ့နိုင်ငံရေးတွင် ဆောင်ရွက်ခဲ့မှုများ၊ ပြည်တွင်းပြည်ပ မီဒီယာများတွင် တုံ့ပြန်ဖြေကြားချက်များကို စောကြော လေ့လာလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားနိုင်ငံရေးကို ကောင်းစွာနားလည်ပြီး၊ ဘာသာသာသနာနှင့် ပတ်သက်သည့် ပြည်သူအများစု၏ လိုလားချက်ကို ကောင်းစွာ သဘောပေါက်ပုံရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်ဖြစ်ပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေး ပြယုဂ်ဖြစ်နေသော်လည်း မြန်မာ့အမျိုးသားရေးနှင့် ပြည်သူအများစု၏ လိုအင်ကို ကျော်လွန်ပြီး လုပ်ကိုင် ဆောင်ရွက်ခဲ့ဖူးသည်ကို မတွေ့ရပါ။

သို့ဖြစ်ရာ အင်န်အယ်လ်ဒီကို ထောက်ခံမဲ ပေးခဲ့ကြသူများနှင့် မဲဆန္ဒရှင် ပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံးသည် နှစ်ပေါင်း ၁၀၀ အတွင်းမှသာ နှစ်ဦးသာ ရနိုင်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် မဝေဝါးကြဘဲ တိုင်းပြည်နှင့် လူထုအကျိုးရည် ကမ္ဘာ့အဆင့်မီ နိုင်ငံ့ခေါင်းဆောင်အဖြစ်သာ ရိုးရိုးသားသား ထင်မှတ်ယုံကြည်ကြရန် ကျွန်ုပ်တို့ တိုက်တွန်းလိုက်ရပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly