မိုင်းနောင်တွင် မိုင်းဗုံးနင်းမိပြီး ဒဏ်ရာရ သံဃာ လေးပါးအနက် တစ်ပါး ပျံလွန်တော်မူ

မိုင်းနောင်တွင် မိုင်းဗုံးနင်းမိပြီး ဒဏ်ရာရ သံဃာ လေးပါးအနက် တစ်ပါး ပျံလွန်တော်မူ

ချင်းမိုင်၊ ဒီဇင်ဘာ ၇ ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းနောင်မြို့နယ်အတွင်း မိုင်းဗုံးပေါက်ကွဲခဲ့သဖြင့် ထိခိုက် ဒဏ်ရာရရှိခဲ့သော သံဃာ ဦးသီဟသည် ဒီဇင်ဘာလ ၆ ရက်က အောင်ပန်းဆေးရုံတွင် ပျံလွန်တော်မူသွားပြီ ဖြစ်ကြောင်း ရှမ်းလူငယ်ကွန်ယက်မှ အဖွဲ့ဝင် ကိုလွယ်ခမ်းပန်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းက မိုင်းနောင်မြို့နယ် နားကန်းကျေးရွာအုပ်စု ကုန်းတော် ဘုန်းကြီးကျောင်းမှ ရေချိုးရန် ချောင်းသို့ အသွားလမ်းတွင် ထောင်ထားသည့် မိုင်းနင်း ပေါက်ကွဲခဲ့သဖြင့် သံဃာ ၄ ပါး ထိခိုက်ခဲ့၍ မိုင်းနောင်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိုမှ ဒဏ်ရာ ပြင်းထန်သဖြင့် သံဃာ နှစ်ပါးအား အောင်ပန်းစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ ဦးဇင်းသီဟဗျ။ သူက ဒဏ်ရာပြင်းတယ်ထင်တယ်။ မနေ့က ၁၂ နာရီဝန်းကျင်လောက် အောင်ပန်းဆေးရုံမှာဘဲ ပျံလွန်တော်မူသွားတယ်။ သူ့ကို ဒဏ်ရာပြင်းလို့ ဆိုပြီး အောင်ပန်းဆေးရုံကို နောက်တစ်ရက် ပို့လိုက်တယ်။ ကိုယ်ရင် ၂ ပါး ပို့လိုက်တယ်လို့ သိရတယ်၊ တချို့ ကိုယ်ရင်တွေက ဒဏ်ရာ သိပ်မပြင်းဘူး။ မိုင်းနောင်ဆေးရုံမှာပဲ ကျန်ခဲ့တယ်”ဟု ကိုလွယ်ခမ်းပန်က မဇ္ဈိမကို ပြောသည်။

အောင်ပန်းစစ်ဆေးရုံတွင် ဆေးကုသနေသော ကျန်သံဃာများ၏ အခြေအနေကို ဆက်သွယ်မေးမြန်းရန် ခက်ခဲနေသည်ဟု သူက ပြောသည်။ 

“ကျန်တဲ့ သံဃာတွေ အခြေအနေမသိရသေးဘူး။ အောင်ပန်းက စစ်ဆေးရုံ ဆိုတော့ သတင်းက မရဘူး။ သတင်းတွေ ပေးမထွက်ဘူး။ လူအတွေ့မခံဘူး”ဟု သူက ပြောသည်။

သံဃာများ နင်းမိသော မိုင်းဗုံးသည် မည်သည့် အဖွဲ့အစည်း ထောင်ထားသည်ကို ယခုထိ မသိရသေးသော်လည်း မိုင်းဗုံးပေါက်ကွဲသည့် နေရာသည် အစိုးရ စစ်တပ် ထိန်းချုပ်ထားသော နေရာဖြစ်ကြောင်း သိရသည်။

မိုင်းနောင်မြို့နယ်တွင် အစိုးရ စစ်တပ်နှင့် SSPP/SSA တို့အကြား ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags