SSPP နှင့် အစိုးရတို့ တိုက်ပွဲများရန့်တန့်ရေး ဒုတိယအကြိမ်ဆွေးနွေးမှု မပြီးပြတ်

SSPP နှင့် အစိုးရတို့ တိုက်ပွဲများရန့်တန့်ရေး ဒုတိယအကြိမ်ဆွေးနွေးမှု မပြီးပြတ်
ဓာတ်ပုံ- အီးပီအေ 
 
 

ချင်းမိုင်၊ ဒီဇင်ဘာ ၇ ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP/SSA)တို့ နေပြည်တော်တွင် ဒီဇင်ဘာလ ၇ ရက်က တိုက်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမှု မပြီးပြတ်သေးကြောင်း SSPP ကိုယ်စားလှယ်ခေါင်းဆောင် ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီက ပြောသည်။

UPWC ဘက်မှ SSPP/SSA ကို လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော မိုင်းရှူး၊ မိုင်းနောင်ကားလမ်းမ၏ မြောက်ဘက်ကို ဆုတ်ခွာပေးရေးကို ထပ်မံ တင်ပြဆွေးနွေးခဲ့သဖြင့် ပြေလည်မှု မရသေးဘဲ ဒီဇင်ဘာလ ၈ ရက်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

“ဆွေးနွေးတာ မပြီးသေးဘူး။ ဘာမှရေရေရာရာ မရသေးဘူး။ တပ်ရွှေ့ပြောင်းရေးကိစ္စမှာ ညှိနှိုင်းရန် အဆင် မပြေသေးဘူး။ အစိုးရကနေ တပ်ရွှေ့ရေးကိစ္စ တင်ပြတယ်လေ။ ကျနော်တို့ဘက်ကလည်း အထက်ကို ပြန်ညှိရမယ်၊ အချိန်ယူရအုန်းမယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီက မဇ္ဈိမကို ပြောသည်။

UPWC ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဦးတင်မောင်စိုး၊ ပညာရေးဝန်ကြီးတို့ ပါဝင်ပြီး SSPP/SSA ဘက်မှ အထွေထွေအတွင်ရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီ ဦးဆောင်သော ကိုယ်စားလှယ် ၆ ယောက်တို့ ပါဝင် ဆွေးနွေးခဲ့သည်ဟု ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီက ပြောသည်။

တိုက်ပွဲများ ရပ်ဆိုင်းရေး၊ စစ်ပြေး ဒုက္ခသည်များ နေရပ်သို့ ပြန်လည် နေရာချထားရေး၊ တိုက်ပွဲကြောင့် ပိတ် ထားရသော စာသင်ကြောင်းများ အမြန်ဆုံး ဖွင့်လှစ်ရေး အပါအဝင် အချက် ၄ ချက်ကို အဓိက သွားရောက် ဆွေးနွေးမည် ဖြစ်ကြောင်း SSPP/SSA ၏ ဗဟိုကော်မတီဝင် ဗိုလ်မှူးစိုင်းဆုက ဒီဇင်ဘာလ ၄ ရက်က မဇ္ဈိမကို ပြောဆိုခဲ့သည်။ SSPP/SSA နေဖြင့် မိုင်းရှူး၊ မိုင်းနောင် ကားလမ်း၏ မြောက် ဘက်ခြမ်းတွင် ဘိုးစဉ်ဘောင်ဆက် အခြေချခဲ့သဖြင့် ပြောင်းရွှေ့မည် မဟုတ်ကြောင်း သူက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ နှင့်၂၄ ရက်က UPWC နှင့် SSPP/SSAတို့ တွေ့ဆုံဆွေးနွေးမှုတွင် SSPP/SSA အနေဖြင့် မိုင်းနောင်၊ မိုင်းရှူး ကားလမ်းမြောက်ဘက်ခြမ်းသို့ ရွှေ့ပြောင်း နေထိုင်ရန်နှင့် တောင်ဘက်ရှိ တပ်မတော် စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်း နေရာချထားရန်၊ လက်ရှိ ပဋိပက္ခကြောင့် ယာယီ ပိတ်ထားရသော စာသင်ကျောင်း ၁၇ ကျောင်းကို အမြန်ဆုံးဖွင့်လှစ်ရန်နှင့် စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်ရေး နှစ်ဖက် ပူးပေါင်းညှိနှိုင်းရန် စသည့် သဘောတူညီမှုများကို ၅ ရက်အတွင်း အကောင်အထည်ဖော်ရန် သဘောတူညှိနှိုင်းခဲ့သည်။

ထိုသို့ နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် ဒီဇင်ဘာလ ၃ ရက်မှစတင်၍ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှစတင်၍ မိုင်းရှူး၊ မိုင်းနောင်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် SSPP/SSA တို့ တိုက်ပွဲတွင် အစိုးရစစ်တပ်ဘက်မှ မြေပြင်တွင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို၊ ဝေဟင်မှ ရဟတ်ယဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် လက်ရှိ ထွက်ပြေး တိမ်းရှောင်ခဲ့သော စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွားမှုတွင် အစိုးရ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးရန် အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေးဌာနက ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်လိုက်သည်။

SSPP/SSA သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags