NCAစာချုပ်ကို ဒေါ်စု ဘာကြောင့် လက်မှတ်မထိုးသလဲ

NCAစာချုပ်ကို ဒေါ်စု ဘာကြောင့် လက်မှတ်မထိုးသလဲ
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁၅ရက်တွင် နေပြည်တော်ရှိ MICC 2တွင် ကျင်းပနေပြီး နံနက် ၉နာရီက အပစ်ရပ်လက်မှတ်ရေးထိုးစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း၊မဇ္ဈိမ)

နေပြည်တော်၊ ဒီဇင်ဘာ ၇ ။ ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လက်မှတ်မထိုးရခြင်းအကြောင်း (၃) ချက်ရှိကြောင်း ယနေ့ (ဒီဇင်ဘာ ၇ ရက်)က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် NLD အမတ် ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောသည်။

နိုင်ငံတော်သမ္မထံမှပေးပို့ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် နှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် သူမကပြောကြားခဲ့ခြင်းဖြစ်သည်။

“NCA အစာချုပ်ကို အန်န်အယ်လ်ဒီအဖွဲ့ချုပ် ဥက္ကဋ္ဌ အနေဖြင့် ပါဝင် လက်မှတ်ထိုးထားခြင်းမရှိပါဘူး။အကြောင်းအရင်းကတော့ တစ်နိုင်ငံလုံး လွှမ်းခြုံမှုမရှိဘဲ တစ်စိတ်တစ်ပိုင်း သဘောသာဖြစ်ခြင်း၊ ပါဝင်လက်မှတ်ရေးထိုးလိုက်ပါက စာချုပ်တွင် လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နားလည်မှု လွှဲမှားနိုင်ခြင်း၊ ယခုစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင်များအပေါ်တွင် ဖိအားပေးလာနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ” ဟု ဒေါက်တာဒေါ်မေဝင်းမြင့်က ပြောသည်။

လက်မှတ်ရေးထိုးရာတွင် မပါဝင်ခဲ့သည့် တိုင်းရင်းသားအဖွဲ့အစည်းများ ကျန်ရှိနေပြီး၊ လက်မှတ်ရေးထိုးရန် ဖိတ်ကြားခြင်းမခံရသည့် အဖွဲ့အစည်းများရှိနေခြင်းကြောင့် (NCA) စာချုပ်သည် တစ်နိုင်ငံလုံးကိုလွှမ်းခြံသည်ဟု မဆိုနိုင်ကြောင်း ၎င်းက ပြောသည်။

သို့သော် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ်ဖြစ်ပေးလာစေရန်အတွက် ကြိုးပမ်းခဲ့ကြသည့် တပ်မတော်၊ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး နှင့် ကြားခံပုဂ္ဂိုလ်အဖွဲ့အစည်းများ အားလုံးကို အသိအမှတ်ပြုသည်ဟု ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တော်လှန်ရေးကို အခြေခံသည့် နိုင်ငံရေးဆန္ဒကို နားလည်ခြင်း နှင့် ပြည်ထောင်စုစိတ်ဓတ် ခိုင်မြဲမှုတို့ကို ဦးတည်ကာ အစိုးရ နှင့် တပ်မတော်တို့အနေဖြင့် အန်လ်စီအေ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော အဖွဲ့များကို သဘောထားကြီးစွာ လက်ကမ်းကြိုဆိုသင့်သည်ဟု သူမက အကြံပြုဆွေးနွေးခဲ့သည်။

တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့သည့်ပြီးခဲ့သည် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်ရှိ မြန်မာမပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ( MICC-2) တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်တွင်း၊ ပြည်ပ သက်သေများကလည်းပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags