အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးငွေ လုပ်ငန်းရှင် ၄၁၇ ဦးအား ထုတ်ချေးထား

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးငွေ လုပ်ငန်းရှင် ၄၁၇ ဦးအား ထုတ်ချေးထား
ရန်ကုန်တိုင်းအတွင်းက အသေးစား၊ အလတ်စား လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် ။ ။ အစိုးရမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးစေရန်ဟုဆို၍ ၂၀၁၂ ခု ဒီဇင်ဘာမှစပြီး ချေးငွေများ ထုတ်ပေးခဲ့ရာ ကျပ် ဘီလီယံ ၃၀ အတွက် လုပ်ငန်းရှင် ၄၁၇ ဦးအား ထုတ်ချေးထားပေးပြီးဖြစ်သည်ဟု သိရသည်။ 

၂၀၁၂ ခု ဒီဇင်ဘာတွင် ကျပ် ၅ ဘီလီယံ၊ ၂၀၁၃ ခု ဇူလိုင်တွင် ကျပ် ၅ ဘီလီယံ ပေါင်း ၁၀ ဘီလီယံအား အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ တစ်ဆင့် လုပ်ငန်းရှင် ၆၂ ဦးကို ထုတ်ချေးခဲ့သည်။ 

၂၀၁၄ ခု မတ်လ အတွင်းကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအရ တတိယအကြိမ်အဖြစ် ထပ်ချပေးသည့် ချေးငွေ ၂၀ ဘီလီယံမှ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကောင်စီနယ်မြေများမှ လုပ်ငန်းရှင်ပေါင်း ၃၅၅ ဦးကို ကျပ်ငွေ ၁၀ ဘီလီယံကျော် ထုတ်ချေးထားပြီးဖြစ်သည်ဟု ဒီဇင်ဘာ ၇ ရက် အစိုးရသတင်းစာက ဖော်ပြသည်။

ယင်းအချက်အလက်များကို ရန်ကုန်မြို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးခန်း၌ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပသည့် "Credit Guarantee Insurance – CGI စနစ် အသိပညာပေးဟောပြောပွဲ" မှ သိရသည်ဟု သတင်းကဆိုသည်။

CGI စနစ်သည် အပေါင်ပစ္စည်းမပါဘဲနှင့် ငွေချေးပြီးနောက် ပြန်မဆပ်နိုင်လျင် ပြန်လျောပေးမည့် အာမခံစနစ် အမျိုးအစား ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် SMIDB မှတစ်ဆင့် မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုကို ပေါင်ပစ္စည်းအဖြစ် အသုံးပြု ချေးငွေရယူနေရကြောင်း သိရသည်။ အာမခံပစ္စည်း ပိုင်ဆိုင်မှုမရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်း များအတွက်မူ ချေးငွေရရှိရန် အခက်အခဲ ရှိနေသည်။

CGI စနစ်အရ အသေးစားနှင့် အလတ်စားလုပ်ငန်းများမှ အပေါင်ပစ္စည်းမလိုတော့ဘဲ ချေးငွေရယူနိုင်မည့်အပြင် အသေးစားနှင့် အလတ်စားလုပ်ငန်းများအား အပေါင်ပစ္စည်းမဲ့ ငွေထုတ်ချေးသော ဘဏ်လုပ်ငန်းများအား ဆုံးရှုံးမနစ်နာ စေရန် ကာကွယ်ပေးသွားနိုင်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags