စက်ချုပ်ခများကို ရှင်းပေးရန် ၀င်စတန်ချာချီ ငြင်းဆန်ခဲ့ဟုဆို

စက်ချုပ်ခများကို ရှင်းပေးရန် ၀င်စတန်ချာချီ ငြင်းဆန်ခဲ့ဟုဆို

လန်ဒန်၊ ဒီဇင်ဘာ - ၇ ။           ။ ပြီးခဲ့သည့် ရာစုနှစ်များအတွင်း စက်ချုပ်ခပေးရန် ငြင်းဆန်မှုမှာ အင်္ဂလိပ် လူကြီးလူကောင်းများကြား ဂုဏ်သိက္ခာထိခိုက်စရာဖြစ်ခဲ့ရာ ၎င်းတို့အထဲတွင် ဝင်စတန် ချာချီသည်လည်း ချွင်းချက်မဟုတ်ကြောင်း ပူပူနွေးနွေးထွက်ပေါ်လာသည့် မှတ်တမ်းများအရ သိရှိရသည်။

ဒုတိယကမ္ဘာစစ်ကာလ ဗြိတိန်၏ခေါင်းဆောင်မှာ ၁၉၃၇ ခုနှစ်ဝန်းကျင်ခန့်က Savile Row အပ်ချုပ်ဆိုင် Henry Poole and Coထံမှ ကျသင့်ငွေ ၁၉၇ပေါင် (ယခုခေတ်ဈေးနှုန်း ကန်ဒေါ်လာ ၁၈၀၀၀) တောင်းခံလွှာကို ရရှိခဲ့သည်ဟု ဆိုသည်။ ဝင်စတန်ချာချီက အစော်ကားခံရသည်ဟု ယူဆကာ ငွေပေးချေရန် ငြင်းဆန်ခဲ့ပြီး နောင်တွင်လည်း ပိုး (Poole)၏ ဆိုင်ရိပ်ကို ဘယ်သောအခါမျှ မနင်းတော့ဟု ဆိုသည်။

ငွေလက်ကျန်ရှိနေသော်လည်း အပ်ချုပ်ဆိုင်က ချာချီအတွက် အဝတ်အစားများကို ဆက်လက် ချုပ်လုပ်ပေးနေခဲ့သည်ဟု Poole and Co၏ မှတ်တမ်းများကို စစ်ဆေးခဲ့သည့် သမိုင်းပညာရှင် ဂျိမ်းစ် ရှားဝုက ပြောကြားခဲ့သည်။

 ‘ဒါက ယုံကြည်မှုနဲ့ ဆိုင်တယ်လို့ ချာချီက ပြောခဲ့တယ်။ ကျနော်တို့ Henry Poole တွေအတွက် သူ့ကို အဝတ်အစားဆင်ယင်ပေးခွင့်ရနေတာ ကောင်းတယ်လို့ သူကမြင်ပါတယ်။ ကျနော်တို့မှာ ပိုက်ဆံပြတ်နေတာတော့ သူမသိဘူး။ သူက ဘယ်တုန်းကမှလည်း မပေးခဲ့ဘူး။ နောက်လည်း မလာတော့ဘူး။ ကျနော်တို့ကို ဘယ်တော့မှ ခွင့်မလွှတ်ခဲ့ဘူး’’ဟု ရှားဝုက ပိုး၏ ဝဘ်ဆိုက်တွင် ဖြည့်စွက် ရေးသားခဲ့သည်။

စစ်အတွင်းကာလနှင့် ၁၉၅၀ခုနှစ်များတွင် ဗြိတိန်အစိုးရကို ခေါင်းဆောင်ခဲ့သည့် ချာချီမှာ ကမ္ဘာ့သမိုင်းတွင် စက်ချုပ်ခမပေးလိုသည့် တစ်ယောက်တည်းသော ပုဂ္ဂိုလ်တော့မဟုတ်ပါ။

ဥပမာ ကမ္ဘာကျော်စာရေးဆရာကြီး ချား ဒစ်ကင်း၏ သားဖြစ်သူမှာလည်း ပိုးကုမ္ပဏီကို စက်ချုပ်ခမပေးဘဲ ရှောင်ပြေးနေခဲ့ရာ နောက်ဆုံးတွင် ဖခင်ဖြစ်သူ ချားဒစ်ကင်းကပင် ပေးချေခဲ့ရသည်ဟု ဆိုသည်။

သတ္တမမြောက် အက်ဒွပ်ဘုရင်မှာလည်း ဝေလမင်းသားဘဝဖြင့် ၁၈၇၀ခုနှစ်များက နှစ်ပေါင်းများစွာ ကြွေးများစုပုံလာသည့်အခါမှ သတိရသည့်အခါတွင် ငွေရှင်းတတ်သည့် အလေ့အကျင့်ရှိရာ ကျသင့်ငွေရှင်းတန်းတစ်ခုကို မင်းသားထံသို့ ပေးပို့ခဲ့ရာ နောင် အနှစ်၂၀ကြာ ဘုရင်ဖြစ်လာသည့်အခါတွင်မှ ငွေပေးခြေခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly