နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး သတင်းအချက်အလက်ဋ္ဌာန ဂျပန်ထူထောင်မည်

နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး သတင်းအချက်အလက်ဋ္ဌာန ဂျပန်ထူထောင်မည်

တိုကျို၊ ဒီဇင်ဘာ ၇ ။           ။ လွန်ခဲ့သောလက ပါရီတွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအပါအဝင် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုများ၊ နိုင်ငံရပ်ခြားတွင် ဂျပန်နိုင်ငံသားများ သတ်ဖြတ်ခံရမှုများကြောင့် နိုင်ငံတကာ အကြမ်းဖက်မှုဆိုင်ရာ သတင်းအချက်အလက်များ စုစည်းလေ့လာနိုင်ရေးအတွက် ဂျပန်က သံတမန်ဋ္ဌာနသစ်တစ်တခုကို ယခုသီတင်းပတ်တွင် စတင်ထူထောင်မည်ဟု အစိုးရက ဒီဇင်ဘာ ၇ တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အစောပိုင်းက ဂျပန်နိုင်ငံသားနှစ်ဦးကို အိုင်အက်စ်တို့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းနှင့် ၂၀၁၃ခုနှစ်က အယ်လ်ဂျီးရီးယား ဓါးစာခံအကျပ်အတည်းတစ်ခုတွင် အခြားသူ ၁၀ ဦးသေဆုံးမှုတို့က ပြည်ပရောက်ဂျပန်နိုင်ငံသားများ၏ လုံခြုံရေးအားနည်းချက်ကို မီးမောင်းထိုးပြလျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအတွင်းရှိ ဋ္ဌာနသစ်က သတင်းအချက်အလက်များစုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာလေ့လာမှုတို့ပြုလုပ်မည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရအမျိုးသား ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒေဆူဂါက ပြောကြားခဲ့သည်။ "အကြမ်းဖက်မှုကို တားဆီးဖို့နဲ့ ဂျပန်နိုင်ငံသားတွေကို ကာကွယ်ဖို့ ကျွန်တော်တို့ အပြည့်အဝအရေးယူဆောင်ရွက်သွားမှာပါ"ဟု ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

ဒီဇင်ဘာ ၈ တွင် စမည်ဖြစ်သော ၎င်းဋ္ဌာနတွင် တိုကျို၌ ဝန်ထမ်း ၂၀ နှင့် ပြည်ပရှိ ဂျပန်သံတမန်မစ်ရှင်များတွင် ဝန်ထမ်း ၂၀ ရှိမည်ဟု အရာရှိများက ပြောကြားသည်။ ထို့အပြင် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ မြောက်နှင့် အနောက်အာဖရိကဒေသတို့တွင် အထူးအာရုံစိုက်သွားမည်ဟုလည်း ဆိုသည်။

မူလက ၂၀၁၆ခုနှစ် ဧပြီလမှ စတင်ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း မကြာသေးမီက ပါရီတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကဲ့သို့ ကြီးမားသည့် တိုက်ခိုက်မှုများ ပေါ်လာခဲ့မှုကြောင့် စော၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly