ဂရန်မြေပိုင်ဆိုင်မှု ရှားပါးခြင်းကြောင့် SMEs လုပ်ငန်းရှင်များ ငွေချေးနိုင်သည့် အနေအထားမရသေး

ဂရန်မြေပိုင်ဆိုင်မှု ရှားပါးခြင်းကြောင့် SMEs လုပ်ငန်းရှင်များ ငွေချေးနိုင်သည့် အနေအထားမရသေး

ရန်ကုန်၊ ဒီဇင်ဘာ ၇ ။          ။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ချေးငွေရယူရန် မြေအပေါင်ပေးရပြီး ဂရန်မြေသာလက်ခံကာ လယ်ယာမြေများ အပေါင်ပေး၍မရသောကြောင့် ဂရန်မြေပိုင်ဆိုင်မှု ရှားပါးသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ငွေချေးနိုင်သည့် အနေအထားမရသေးဘူးကြောင်း အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်ထွန်းက ပြောသည်။

"စုစုပေါင်းရတာမှ ဘီလီယံ ၃၀ ပဲရတာ။ ဘီလီယံ ၂၀ ကျတော့ တိုင်းနဲ့ပြည်နယ်၊ နေပြည်တော်ကောင်စီ အပါအဝင် ၁၅ ခုကို ၁ ဘီလီယံစီ ဝေစုခွဲပေးလိုက်တယ်။ ပြီးတော့မှ ရန်ကုန်လို၊ မန္တလေးလို၊ ဧရာဝတီလို ကြီးတဲ့ဒေသကြီးတွေကို ၁ ဘီလီယံစီ ထပ်ဆောင်းပေးလိုက်တယ်။ အခုလက်ရှိမှာ အဲဒီ ၂၀ ဘီလီယံက မကုန်သေးပါဘူး။

ဘာဖြစ်လို့မကုန်သေးတာလဲဆိုတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ချေးငွေယူဖို့က အပေါင်ပေးရတယ်။ အပေါင်ပေးတဲ့အခါမှာ ကျွန်မတို့က မြေပဲလက်ခံတာ၊ ယာတို့၊ လယ်တို့ မရပါဘူး။ ဂရန်မြေပဲ ရတဲ့အခါကျတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဂရန်မြေပိုင်ဆိုင်မှုက တော်တော်ရှားပါးတယ်။ အဲဒီအတွက်ကြောင့် ဘီလီယံ ၂၀ ကမကုန်သေးပေမယ့် သူတို့မှာ ချေးနိုင်လောက်တဲ့ အနေအထား မရသေးဘူး" ဟု ဒေါက်တာ အိရွှေစင်ထွန်းက မဇ္ဈိမကို ပြောသည်။

၎င်းကပင် ၂၀၁၂ ကနေ ၂၀၁၄ အထိ ၁၀ ဘီလီယံကို အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် -SMIDB မှတဆင့် SMEs များအား ထောက်ပံ့ပေးခဲ့ကြောင်း နှင့် အတွေ့အကြုံ၊ နည်းပညာပိုင်းများ လိုအပ်နေခဲ့၍ ချေးငွေပမာဏမြောက်များစွာ ချေးမိခဲ့သောကြောင့် လိုအပ်သူ ၆၅ ဦးခန့်နှင့် ၁၀ ဘီလီယံကုန်သွားကြောင်း၊ လိုအပ်နေသော SMEs များစွာတွင် ၆၅ ဦးခန့်သာ ချေးငွေရလိုက်သောကြောင့် ဆင်ပါးစပ်နှမ်းပက်သကဲ့သို့ ဖြစ်သွားခဲ့ကြောင်း ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးမင်းခင်ကလည်း " ဘဏ်ရဲ့လုပ်ငန်းက အပေါင်ခံတာမဟုတ်ဘူး။ စီပွားရေးလုပ်ငန်းတွေ တိုးတက်လာအောင်၊ ငွေတွေ တိုးလာအောင် ပံ့ပိုးတာ။ တကယ့်ကိုထိရောက်တဲ့ ဘဏ်လုပ်ငန်းစစ်စစ်ဖြစ်လာအောင်၊ အလားတူပဲ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေရှိလာအောင် ရေတိုရော၊ ရေရှည်ရော ချိန်ဆပြီးလုပ် ရမယ်။ လောလောဆယ် ငွေရေးကြေးရေး အဖွဲ့အစည်း ဥပဒေ အသစ်ဆွဲနေတာ ရှိတယ်။ မပြဌာန်းနိုင်သေးဘူး။ တကယ့်ငွေရေးကြေးရေးကဏ္ဍကို လည်ပတ်လာနိုင်အောင် လုပ်ဖို့လိုတယ်။ ဥပဒေဆိုတာကတော့ အားလုံး လွယ်လွယ်ကူကူ ပြေပြေ လည်လည် ဖြစ်နိုင်အောင်၊ တရားသဖြင့်လုပ်နိုင်အောင် ပံ့ပိုးတာပေါ့။ လိုတဲ့ဥပဒေတွေ ပြင်စရာရှိတာ ပြင်ရမယ်" ဟု ပြောသည်။

၎င်းက SMEs လုပ်ငန်းများ ချေးငွေထုတ်ပေးသည့် ကိစ္စအား လတ်တလောတွင် အသေးစားအလတ်စားဌာနမှ အကူအညီပေးနေရသော်လည်း ရေရှည်တွင် တိုင်းပြည်၏ ဘဏ္ဍာရေးစနစ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ဘဏ်များ၊ ဘဏ်မဟုတ်သည့် အခြားသော ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများ တိုးတက်လာအောင် လုပ်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ်သိ၊ တတ်ကျွမ်းသော ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အသေးစားအလတ်စား လုပ်ငန်းဥပဒေ၊ အသေးစားချေးငွေ ဥပဒေများအား ရေတို၊ ရေရှည်ကြည့်၍ လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ နည်းလမ်း၊ လုပ်ထုံးလုပ်နည်းများအား နေရာတကျ ချိတ်ဆက်၍ စီစဉ်သွားရမည်ဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly