မော်လမြိုင်မြို့တွင် ပဋိပက္ခ သတိပြု သတင်းရေးသားနည်းသင်တန်းဖွင့်

မော်လမြိုင်မြို့တွင် ပဋိပက္ခ သတိပြု သတင်းရေးသားနည်းသင်တန်းဖွင့်

မော်လမြိုင်၊ ဒီဇင်ဘာ ၇ ။             ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မဇ္ဈိမ မီဒီယာမှ ဦးစီး၍ ပဋိပက္ခ သတိပြု သတင်းရေးသားနည်းသင်တန်းကို ဒီဇင်ဘာ ၇ ရက်မှ စတင်၍ သုံးရက်ကြာ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအတွင်း ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ကျား/မ ခွဲခြားဆက်ဆံခြင်းမှုများကို သတိပြုခြင်း၊ ပဋိပက္ခနှင့် ပတ်သက်သည့် သတင်းများတင်ဆက်ရာတွင် သတိပြုရေးသားခြင်း၊ သတင်းထောက်များ လုံခြုံရေး သတိပြုသတင်းရယူခြင်း စသည်တို့အတွက် သင်တန်းပို့ချခြင်းဖြစ်သည်။

သင်တန်းဆရာ/ ဆရာမများအဖြစ် Gender အတွက် ဒေါ်ခင်မမမျိုး၊ Peace Building အတွက် ဦးဝင်းမင်း၊ ပဋိပက္ခ သတိပြုသတင်းရေးသားနည်းနှင့် သတင်းထောက် လုံခြုံရေးအတွက် ဦးနိုင်မင်းဝေနှင့် ဦးကျော်ကျော်လင်းတို့က တာဝန်ယူခဲ့ကြောင်း သိရသည်။

မဇ္ဈိမ မီဒီယာမှ သင်တန်းရေးရာတာဝန်ခံ ဦးစိုးဇော်မော်က “ကျွန်တော်တို့ ဒီသင်တန်း သုံးရက်ပြီးရင် နှစ်ပတ်ကြာ Mentor အစီအစဉ်ရှိပါတယ်။ မော်လမြိုင် အခြေစိုက် မီဒီယာ နှစ်ခုဖြစ်တဲ့ သံလွင်တိုင်းမ် နဲ့ ဟင်္သာမီဒီယာတိုက်တွေမှာ ဆရာတွေက မန်တာလုပ်သွားမှာပါ” ဟုပြောသည်။

အဆိုပါ သင်တန်းသို့ Sky Net, MRTV အစရှိသော ရုပ်သံလိုင်းများမှ သတင်းထောက်များအပြင် The Voice,  မြန်မာ့အလင်း စသည့်သတင်းစာများမှ သတင်းထောက်များ၊ ဒေသတွင်းမီဒီယာများမှ သတင်းထောက်များ မြန်မာ့ခေတ်၊ စောင့်ကြည့် စသည့် ဂျာနယ်များမှ သတင်းထောက်များ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ ၂၆ ယောက် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းကို ဥရောပသမဂ္ဂ ၏ အထောက်အပံ့ဖြင့် Mizzima နှင့် UNESCO တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ယခုကဲ့သို့ ပဋိပက္ခ သတိပြု သတင်းရေးသားနည်း သင်တန်းကို ရန်ကုန်မြို့နှင့် ဘားအံမြို့များတွင်လည်း ပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly