ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တာ ၅၉(စ) တံခါးကို အတူဖွင့်ဖို့လား

ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တာ ၅၉(စ) တံခါးကို အတူဖွင့်ဖို့လား

ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက်ပိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ခြေလှမ်းတွေ စတင် ပြင်ဆင်ခဲ့တာ တွေ့ရ ပါတယ်။ ရွေးကောက်ပွဲ ရလဒ်အရ သူဦးဆောင်တဲ့ပါတီ အစိုးရ ဖွဲ့ခွင့် ရခဲ့တဲ့အတွက် သူ့အနေနဲ့ အစိုးရ ဖွဲ့စည်းနိုင်ရေး ကြိုးစားမှုအနေနဲ့ တစ်ချို့ တွေ့သင့် တွေ့ထိုက်သူတွေနဲ့ လိုက်လံတွေ့ဆုံတာ၊ ပါတီအတွင်းနဲ့ အနိုင်ရ အမတ်တွေကို စီစဉ် ညွှန်ကြားတာတွေ လုပ်ခဲ့ပါတယ်။

၂၀၁၆ ကနေ စတင် ပေါ်ထွက်လာမယ့် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အကြီးအကဲ နိုင်ငံတော်သမ္မတရဲ့ အထက်မှာ သူရှိနေမယ်၊ သမ္မတဟာ သူ့ရဲ့ စီမံမှုအောက်မှာ ရှိရမယ်လို့ ပြောဆိုခဲ့တာကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာ ဗျူဟာမြောက် ချဉ်းကပ်မှုက အတော်လေး စိတ်ဝင်စားစရာ ကောင်း နေပါတယ်။ ဒီလို ပြောဆိုခဲ့မှုရဲ့ နောက်မှာ လူအများစိတ်ဝင်စားနေတဲ့ NLD ကတင်မြောက်မယ့် သမ္မတလောင်း ကိစ္စက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။

တစ်ဆက်တည်းမှာပဲ အာဏာလွှဲပြောင်းရေး ကိစ္စ ငြင်သာစွာ ဆောင်ရွက်နိုင်ဖို့ လက်ရှိ နိုင်ငံတော် သမ္မတအပါအဝင် နိုင်ငံရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုဟာ ဘယ်လို ရလဒ်တွေ ထွက်ပေါ် လာမလဲ ဆိုတာက အာရုံစိုက်စရာ ကိစ္စတစ်ခု ဖြစ်လာပြန်ပါတယ်။ နိုင်ငံ သမ္မတနဲ့ တွေ့ဆုံမှုမှာတော့ နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်း တည်ငြိမ် ချောမွေ့စွာ တာဝန် လွှဲပြောင်းနိုင်ရေး၊ ပြည်သူများအနေနဲ့ စိုးရိမ် ပူပန်မှုများ မရှိ စေရေး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မယ့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ ယခင်က အစဉ်အလာ မရှိခဲ့သေးတဲ့ နိုင်ငံတော် အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးတဲ့ အစဉ်အလာ ကောင်းတစ်ခု ထူထောင်ဖို့ ဆွေးနွေး နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတွေ့ဆုံပွဲမှာ အာဏာလွှဲပြောင်းဖို့အတွက် လျောလျောရှုရှု ဖြစ်အောင် ဆိုတဲ့ သတင်းမီဓီယာတွေကို ဖော်ပြတာထက် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့၊ တစ်နည်းအားဖြင့် ပါတီက ဦးဆောင်ပြီး အစိုးရဖွဲ့ရင် ဖြစ်လာနိုင်တဲ့ အုပ်ချုပ်ရေး ယန္တရားကို ပိုပြီးတည်တည် ငြိမ်ငြိမ်ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က သမ္မတကြီးဘက်ကို တစ်စုံတစ်ခု အတိုင်းအတာ တစ်ခုထိတော့ အထွေထွေ သဟဇာတဖြစ်ရေးနဲ့ ပတ်သက်လို့ ကတိခံဝန်ချက် တစ်ခုကို ပေးထားနိုင်ခဲ့တယ်လို့ ကျွန် တော် ယုံကြည်တယ်။ NLD ဘက်က တစိုက်မတ်မတ်သုံးလာတဲ့ အထွေထွေ သဟဇာတဖြစ်ရေးမူပေါ့ဗျာ။ အဲဒီမူကို အခုတွေ့ဆုံပွဲမှာ နိုင်ငံတော် သမ္မတကြီး သဘောပေါက်အောင် ရှင်းပြနိုင်ခဲ့တယ်လို့ ယုံကြည်တယ်" လို့ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဆိုပါတယ်။

နိုင်ငံတော်သမ္မတနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့ တွေ့ဆုံမှုမှာ ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လွတ်လပ် တရားမျှ တ စွာ ကျင်းပပေးခဲ့တဲ့အတွက်ကြောင့် ကျေးဇူးတင်ရှိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အပြန်အလှန်ပြော ဆို ခဲ့မှုတွေကို ကြည့်မယ်ဆိုရင် ဒါက အပေါင်းလက္ခဏာဆောင်တယ်လို့ ပြောရမှာပါ။

အဲဒီတွေ့ဆုံပွဲမတိုင်မှီမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာက အထွေထွေ သဟဇာတ ဖြစ်ရေးအတွက် တွန်းအားတစ်ခုအဖြစ် ရရှိခဲ့ မှာအမှန်ပါ။ အဲဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်းထံက နိုင်ငံရဲ့ အတိတ်ကာလက အခြေအနေ၊ လက်ရှိအခြေအနေနဲ့ ပစ္စုပ္ပန် အခြေနေတွေကို သုံးသပ် ရှုမြင်လို့ အပြောင်းအလည်းကာလ အာ ဏာလွဲပြောင်းမှုမှာ ချောမွေ့အောင်မြင်ဖို့ ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အကြံပြုချက် တွေရခဲ့တယ် ဆိုတာက မြေကြီးလက်ခပ် မလွဲပါ။

ဒီလိုပဲ "သူနဲ့ သူ့ပါတီဟာ အောင်နိုင်ထားပြီးဖြစ်သော်လည်း မာန်မာနမရှိဘဲ အပြု သဘောဆောင်ပြီး နှိမ့်ချ ဆောင်ရွက် မှုတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်နေတာ တွေကို ကြိုဆိုရမယ်၊ ဂုဏ်ပြုရမယ်။လာမယ့် အစိုးရအဖွဲ့ထဲမှာလည်း ပါဝင်သင့်သည့် တိုင်းရင်း သား အစုအဖွဲ့ များ ပါဝင်ရေးကို မျှော်မှန်းထားတယ်ဆိုတာကလည်း မင်္ဂလာသတင်းပါ။ ဒီအခွင့်ကောင်းကို ရယူအသုံးပြုပြီး နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြဖို့ လိုပါတယ်" လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ(၃၀)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံမှုအပြီးမှာ သူ့ရဲ့ လူမှုကွန်ယက်မှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးပြေပြစ်ချောမွေ့မှုကို ပြသတဲ့ ပြယုဂ်တစ်ခုပါ။ ဒီဇင်ဘာ ၂ရက် နေ့ နေ့လည်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုမှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုခဲ့တာကို ကြည့်ရင် လာမယ့်(၅)နှစ်တာကာလမှာ စစ်ဖက်အရပ်ဖက် ဆက်ဆံ ရေး ကောင်းမွန်လာနိုင်တဲ့ အလားအလာပါ။ဒီလိုသာ စစ်ဖက်အရပ်ဖက်ဆက်ဆံရေး ကောင်းမွန်ခဲ့ မယ်ဆိုရင် လက်ရှိကြုံတွေ့နေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေး အကြပ်အတည်းကို ကျော်လွှား လာနိုင်မှာလား ဆိုတာက မေးခွန်းထုတ် စရာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့တော့ " စစ်ဖက်အရပ်ဖက်ဆက်ဆံရေးကို အရင်ကောင်းအောင် တည်ဆောက်ဖို့က အဓိကကျတယ်လို့ ကျွန်တော် မြင်တယ်ဗျ။ တစ်ခုပြောချင်တာက စစ်ဖက်အရပ်ဖက်ကောင်းအောင် တည် ဆောက်ခြင်းဆိုတဲ့နေရာမှလည်း ကိုယ့်ရဲ့ ရပ်တည်ချက်ကို မပျောက်အောင် တည်ဆောက်ခြင်းမျိုးကို ဆိုလိုတယ်။ တစ်ဖက်ဖက်က လုပ်တာကို တစ်ဖက်ဖက်က လုံးဝကြီး လိုက်လျောပေးလိုက်ရတယ် ဆိုတဲ့တည် ဆောက်မှုမျိုးမဟုတ်ဘူး။ အဲဒီ စစ်ဖက် အ ရပ်ဖက် ဆက်ဆံရေး ကောင်းလာတာနဲ့အမျှ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေလည်း သွက်လက် မြန်ဆန်လာမယ်" လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမြအေးက ပြောပါတယ်။

ယခင် စစ်အစိုးရလက်ထက်က ရေးစွဲအတည်ပြုပြီး ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြောင်းလွယ် ပြင်လွယ်မဟုတ်ပဲ တပ်မတော်ရဲ့ ထောက်ခံမှုရမှသာ ပြောင်းလဲ ပြင်ဆင်နိုင်မယ့်အချက်ဟာ တပ်မ တော်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို လျော့ကျစေခဲ့တဲ့အချက်တစ်ခု ဖြစ်ခဲ့ရပါတယ်။

ဒီတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ အမတ်(၇၅)ရာခိုင်နှုန်းက ထောက်ခံမယ်ဆိုရင်တောင် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးရဲ့ ထောက်ခံမဲ မရလို့ ပြင်ဆင်နိုင်ခြင်းမရှိခဲ့တာက သက်သေပါ။ လာမယ့်အစိုးရသစ် ကာလ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာကော ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မလား၊ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ကော သူမဦးဆောင်တဲ့ NLD အနိုင်ရ သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ ဘာတွေက လိုအပ်ချက်အဖြစ် ရှိနေဦးမလည်း၊ တပ်မတော်နဲ့ သဟဇာတဖြစ်စွာ ဖွဲ့စည်း ပုံပြင်ဆင်နိုင်မလားဆိုတာကတော့ အားလုံးက စိတ်ဝင်စားလျှက်ရှိနေတုန်းပါပဲ။

တစ်ဆက်တည်းမှာပဲ  နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဒီဇင်ဘာလ ၅ရက်နေ့မှာ "နိုင်ငံရေးဖြစ်စဉ်အတွင်း ပြည်သူများပါဝင်လာနိုင်ရန်အတွက် ကျွန်တော်တို့ တာဝန် ထမ်းဆောင်ခဲ့သည့် ငါးနှစ် တာ ကာလအတွင်း အရေးကြီးသည့် နိုင်ငံရေးအခြေခံများကို တည်ဆောက်ခဲ့ ပါသည်။ နိုင်ငံရေးဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးဖြစ်စဉ်များ အရှိန်မြင့်တက်လာသည်နှင့် အမျှ ပြည် သူများ၏ နိုင်ငံရေးနိုးကြားမှုနှင့် နိုင်ငံရေးရေချိန် မြင့်မား လာခဲ့ပါသည်။စေ့စပ်ဆွေးနွေးအဖြေရှာသည့် နိုင်ငံ ရေးယဉ်ကျေးမှုအသစ်ကိုလည်း အုတ်မြစ်ချနိုင်ခဲ့ သည့်အတွက် နိုင်ငံရေး အင်အားစုများ အကြား ပူးပေါင်း ဆောင်ရွက်မှုများ မြင့်တက်လာခဲ့ ပါတယ်"လ့ို ပြည် သူတွေထံ သဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။

ဒါဟာ လက်ရှိရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမှု အပြီး ပြည်သူလူထုကို သမ္မတရဲ့ ပထမဆုံး အသိပေးတဲ့စာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရဲ့ အ ဓိကတာဝန်ရှိသူတွေ ဖြစ်တဲ့ နိုင်ငံတော် သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့တဲ့အပြင် ယခင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ လတ်တလော သတင်းတွေ ထွက်ပေါ် နေတာကို ကြည့်ရင် တိုင်း ပြည်ပြုပြင်ပြောင်းလဲရေးအတွက် လက်တွဲလုပ်ဆောင်ကြမယ့် အလားအလာကို တွေ့မြင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီပါတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသား ရင်ကြား စေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ လုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲကစလို့ လွှတ်တော်တွင်းနိုင်ငံရေးမှာ စတင် လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ကာလတွေမှာ ထိရောက်တဲ့ ပြုပြု ပြောင်းလဲရေးတွေ မလုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရမှာပါ။ မကြာမီမှာစတင်တော့မယ့် ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းမှာ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုကို ရယူနိုင်ခဲ့မယ် ဆိုရင်တော့ လက်ရှိကြုံတွေ့ နေရတဲ့ ဖွဲ့စည်းပုံအကြပ်အတည်းကို ကျော်လွှား နိုင်လိမ့်မယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ် ကြပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အဓိက လိုအပ်ချက်သည် တပ်မတော်ဘက်က ပူးပေါင်းပါဝင်မှုပဲ။ ဘယ် လောက်ပဲ ဦးဝင်းထိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့က ပြောပြော လာမယ့် ၂၀၁၆-၂၀၂၀ ကာလ၏ အစိုးရ သည် လွှတ်တော်သည် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ခြင်းမရှိသလို တရားဥပဒေစိုးမိုးရေးကိုတောင် ဆောင်ရွက် နိုင်မှာမဟုတ်ဘူး။ ဒါဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည်းပဲ"လို့ ဖွဲ့စည်းပုံအကြပ်အတည်းနဲ့ ပတ်သက်ပြီး ဒေါက်တာ အေးမောင်က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်က သူမအနေနဲ့ မြန်မာနိုင်ငံရဲ့ သမ္မတအနေနဲ့ တာဝန် ထမ်းဆောင် လိုကြောင်း တရားဝင် ပြောဆိုခဲ့ဘူးပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ ခြေခံဥပဒေဟာ သူသမ္မတဖြစ်ခွင့်ရဖို့ အခွင့် အ ရေး ပေးထားတာကို မတွေ့ရ ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)အရ ဒေါ်အောင်စုကြည်ဟာ သမ္မတ ဖြစ် ခွင့် အခွင့်အရေး ဆုံးရှုံးနေဦးမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)မှာ မိမိ ကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊မိမိ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊မိမိ၏ တ ရားဝင် သား သမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးသီး၏ ဇနီးသို့မဟုတ် ခင်ပွန်း သည် နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတ ပါး၏ နိုင်ငံသား ဖြစ်သူများမဖြစ်စေရလို့ ပြဌာန်းထားတာပါ။

ဒီဥပဒေ ပုဒ်မအရဆိုလျှင် လက်ရှိအချိန်ထိ မြန်မာနိုင်ငံသားမဟုတ်သူ သားနှစ်ဦးရှိနေတဲ့ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဘယ်လိုမှ သမ္မတအဖြစ်ရွေးခြယ်တင်မြှောက်ခြင်း မခံရနိုင်ပါ။ အဆိုပါ ပုဒ်မကို မဖြစ်မနေပြင် ဆင်နိုင်မှသာလျှင် သူ့၏ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ သမ္မတဖြစ်ရေးအပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အောင်မြင် နိုင်ပါလိမ့်မယ်။ သို့ဆိုလျှင် ယခင်စစ်အစိုးရ လက်ထက်ကရေးစွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ၅နှစ်တာ ကာလ အ တွင်းမှာ ဘယ်လိုချဉ်းကပ်မလည်းဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly