ကနီငလျင် (၁၃၇၇ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်။၂၀၁၅ နိုဝင်ဘာ၂၇)

ကနီငလျင် (၁၃၇၇ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်။၂၀၁၅ နိုဝင်ဘာ၂၇)

သက္ကရာဇ် ၁၃၇၇ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊၂၀၁၅ခု နိုဝင်ဘာလ၂၇ ရက် ဒေသစံတော်ချိန် နေ့လည် ၃နာရီ ၃မိနစ် ၅၉ စက္ကန့် အချိန်၌ ပမာဏ ၅ ဒသမ ၅ ရှိသော ငလျင်တစ်ခု လှုပ်သွား သည်။

ထိုနောက် ၃ နာရီခန့်အကြာ ဒေသစံတော်ချိန် ၆ နာရီ ၃၄ မိနစ် ၂၀ စက္ကန့်၌ ပမာဏ ၄ ဒသမ ၆ ရှိသော နောက်ဆက်တွဲ ငလျင် လှုပ်ခဲ့သည်။ ဒေသခံများ၏ ပြောဆိုချက်အရ အခြားမှတ်တမ်းတင်နိုင်ခြင်း မရှိသော နောက်ဆက်တွဲ ငလျင်ငယ်ကလေးများ လှုပ်ခဲ့ကြောင်း သိရသည်။

ငလျင်ပမာဏသည် ၅ ဒသမ ၅ ဖြစ်ရာ ငလျင်၏ ပြင်းအား သက်ရောက်နိုင်မှုအရ လူအများ တုန်လှုပ်ခြောက်ခြားမှုလောက်သာ ဖြစ်နိုင်သောကြောင့် အရေးပါသော ငလျင်မဟုတ်ချေ။ သို့သော် မြန်မာနိုင်ငံတဝှမ်း ကြီးမားသော ပြတ်ရွေ့ရှင်ကြီးများနှင့် ၎င်းတို့၏ လှုပ်ရှားမှုနှင့်အတူ ငလျင်ကြီး လှုပ်နိုင်ချေအား ခန့်မှန်းထားကြသည့်အလျောက် ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှု ရှိနေသည်ကို သိရသည်။

ထို့အပြင် ကနီငလျင်ကြောင့် အနီးအပါးက ကနီ၊ မောင်းထောင် စသောအရပ်များ၌ စေတီများ၏ အထက်ပိုင်း၊ ထီးတော်များ ပြိုကျမှုများကိုပါ ကြုံခဲ့ရသည်။ အခြား မနီးမဝေး အရပ်များဖြစ်သော မုံရွာ၊ ရွှေဘို၊ ရေဦး၊ စစ်ကိုင်း၊ ရေစကြို၊ ညောင်ဦး၊ မန္တလေးမြို့များ၊ မိုးကုတ်ကဲ့သို့သော ခပ်လှမ်းလှမ်းအရပ်များထိ ငလျင်အရှိန် သက်ရောက်မှု ရှိခဲ့သည်။

မုံရွာ၊ ရေဦး၌ အိမ်၊ သစ်ပင်၊ တိုင်များ ယိမ်းထိုးလှုပ်ရှားမှု ရှိသည်ဟု ဆိုသည်။ ထိုအရပ်များက ပြည်သူတို့၏ တုန့်ပြန်မှု အချက်အလက်အပေါ် အခြေခံ၍ ငလျင်ပြင်းအား ပြန့်နှံ့သက်ရောက်ပုံအား ပုံ (၁)၌ ရေးဆွဲပြထားသည်။ ကနီ၊ မောင်းထောင်စသော အနီးအပါး အရပ်များသည် ပြင်းအားအဆင့် ၆ လောက်အထိ ခံရသည်။

ပုံ (၁) ပမာဏ ၅ ဒသမ ၅ရှိသော ကနီငလျင် ပြင်းအားသက်ရောက်ပုံ။

ငလျင်ပမာဏ (Magnitude) နှင့် ပြင်းအား (Intensity)

ဤနေရာ၌ ပမာဏနှင့် ပြင်းအားဟူသော အသုံးအနှုံးများအား ရှင်းပြလိုသည်။ ကမ္ဘာ၏ မြေတွင်းတနေရာ၌ ငလျင်လှုပ်သောအခါ ငလျင်လှိုင်းများ ပုံသဏ္ဍန်အမျိုးမျိုးနှင့် ထုတ်လွှတ်သည်။ပုံ (၂) ၌ ထို ကနီငလျင်က ထုတ်လွှတ်သည့် လှိုင်းများအား ထိုင်းနိုင်ငံက ဖမ်းယူရရှိသည့် မှတ်တမ်းတစ်ခုကို ပြထားသည်။ ထိုလှိုင်းများအား စက်နှင့်ဖမ်းယူ မှတ်တမ်းတင်ကာ ငလျင်လှုပ်သည့် တည်နေရာနှင့် မြေတွင်းအနက်ကို တွက်ချက်ယူနိုင်သည်။ ထို့အတူ လှိုင်းချဲ့ကားမှု အတိုင်းအတာ၊ အချိန်တို့အပေါ်လိုက်၍ ငလျင်စွမ်းအင်ကို တွက်၍ ရသည်။ ထိုစွမ်းအင် အရွယ်အစားကိုပင် ကိန်းတို (ပမာဏ ၄၊ ၅၊ ၆ စသည်) နှင့်ပြပြီး ငလျင်ပမာဏဟု ခေါ်ကြ သိကြသည်။

ပုံ (၂) ကနီငလျင် (ပမာဏ ၅ ဒသမ ၅) ထုတ်လွှတ်သော ငလျင်လှိုင်း အစဉ်အတန်းအား ထိုင်းနိုင်ငံမှ ဖမ်းယူရရှိထားပုံ။

စက်နှင့် ဖမ်းယူရရှိသော လှိုင်းအစဉ်အတန်းကတဆင့် တွက်ချက်ဖေါ်ပြသောကြောင့် ထိုငလျင်ပမာဏသည် ကမ္ဘာတလွှား မည်သည့်နေရာက တိုင်း၍ပြစေကာမူ အတူူတူပင် ဖြစ်သည်။ ငလျင်ပြင်းအားကမူ ထိုသို့မဟုတ်ပါချေ။ မီး၏ သဘောမျိုး ဖြစ်သည်။ မီးနှင့်နီးလျှင် ပိုပူ၍ မီးနှင့်ဝေးလျှင် အပူလျော့သကဲ့သို့ ငလျင်ဖြစ်ရာအရပ်နှင့် နီးလျှင် အရှိန်အဟုန်ပို၍ ပြင်းထန်ပြီး ထိခိုက်ခံရနိုင်ကာ ငလျင်ဖြစ်ရာ အရပ်နှင့်ဝေးသည်နှင့်အမျှ အရှိန်လျော့၍ ထိခိုက်ပျက်စီးမှုလည်း နည်းသွားတတ်ပေသည်။ ထို့ကြောင့် ငလျင်တစ်ခုက မည်မျှထိခိုက်နိုင်စေသနည်းဟု ဆိုခဲ့လျှင် ငလျင်ပမာဏက စ၍ပြောရမည်။ ပမာဏကြီးလျှင် ငလျင်အရှိန်စက်ကွင်းလည်း ကြီးတတ်သည်။ ပမာဏကြီးသော်လည်း ငလျင်ဖြစ်ရာ အရပ်နှင့်ဝေးလျှင် ထိခိုက်မှု သက်သာရာ ရနိုင်ပေသည်။ ငလျင်ပမာဏ ငယ်သော်လည်း ဖြစ်ရာအရပ်နှင့် နီးသောကြောင့် ကနီ၌ စေတီများ ထိခိုက်ပျက်စီးရသည်မှာ ဤသဘောသာ ဖြစ်သည်။

ကနီနှင့်ငလျင်ဖြစ်စေသော အကြောင်းများ

နိုဝင်ဘာ ၂၇ ရက်က လှုပ်သော ကနီနားက ငလျင်သည် ယခုမှ လှုပ်ဖူးသည့် ငလျင်မျိုး မဟုတ်ချေ။ ယခင်ကလည်း ဤနေရာ၌ အကြိမ်ကြိမ် လှုပ်ခဲ့ဖူးသည်။ မြန်မာပြည် ဘူမိဗေဒ၌ အနောက်ဖက်တောင်တန်းများ ဆိုတာရှိသည်။ မြောက်ဖက် နာဂတောင်တန်းများ၊ ချင်းတောင်နှင့် ရခိုင်ရိုးမတို့ ပါသည်။ အရှေ့ဖက်ရှိ ရှမ်းကုန်းမြင့်အပိုင်းနှင့် အနောက်ဖက် တောင်တန်းများအကြားက မြန်မာအလယ်ပိုင်း မြေနိမ့်လွင်ပြင် ဖြစ်သည်။ ယခုငလျင်ဖြစ်ရာ ချင်းတွင်းမြစ်ကြောင်း၊ မြစ်သာမြစ်ကြောင်းများ စီးရာသည် ထိုအနောက်ဖက် တောင်တန်းများ အပိုင်းနှင့် အလယ်မြေနိမ့်ပိုင်းတို့ ထိစပ်ရာနေရာ ဖြစ်သည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကပင် အိန္ဒိယမြေထုချပ်သည် ဗမာမြေထုချပ်နှင့် ခုတ်လျှိုးတွန်းတိုက်ခဲ့သည်ဟု ဘူမိဗေဒစာပေ၌ ဆိုထားသည်။ ထိုဖြစ်စဉ်သည် နှေးသော်လည်း ရပ်မနေ။ အိန္ဒိယမြေထုချပ်က အောက်ဖက်စိုက်ဝင်ပြီး ဗမာမြေထုချပ်က အပေါ်က လျောတက်သည်။ ထို့အတူ အနောက်ဖက်တောင်တန်းများသည် တွန့်ခေါက်ယုံမက အရှေ့မှအနောက်သို့ ဦးတည်လျှက် လျောတိုက်တွန်းတက်မှုများ ရှိနေကြသည်။ ထိုမြေထုချပ်နှစ်ခု မျက်နှာချင်းအပ်ရာ မျက်နှာပြင်တလျောက် ပွတ်တိုက်နေမှုကြောင့် ငလျင်အလွန်လှုပ်သည်။ ထိုအထဲ အင်းအားကြီးသော ငလျင်ကြီးများလည်း ပါသည်။ ထိုထိစပ်ရာ မျက်နှာပြင်ကလည်း အရှေ့ဖက်သို့ ငိုက်လျက်တည်နေသောကြောင့် ငလျင်များသည် အရှေ့ဖက်သို့ ရောက်လျှင် မြေတွင်းခပ်နက်နက်၌ လှုပ်လေ့ရှိကြသည်။ ဤထိစပ်ဇုံ၌ လှုပ်ခဲ့သော မှတ်တမ်းရှိသည့် ငလျင်များအား ပုံ (၃)၌ သိသာရန် ပြထားသည်။

အပြာရောင်နှင့် ပြထားသော ငလျင်များသည် အရှေ့ဖက်စွန်းကျ၍ မြေတွင်းအလွန်နက်သည်ကို တွေ့နိုင်သည်။ ထိုအချက်ကပင် အောက်ဖက်ရှိနေသည့် အိန္ဒိယမြေထုချပ်၏ အစွန်းအား ခန့်မှန်းကြည့်နိုင်သည်။ ထိုငလျင်များ၏ မြေပေါ်ဗဟိုချက် နေရာများအား လိုက်ကြည့်လျှင် မြောက်ဖက် ခန္တီးမှ တောင်ဖက် ပြည်မြို့လောက်အထိ ချင်းတွင်းမြစ်အတိုင်း ခပ်ကွေးကွေးလေး ဖြစ်နေသည်ကို တွေ့ရသည်။

အနောက်ဖက် တောင်တန်းများအပိုင်း၌ ဇောက်တိမ်ငလျင်များ လှုပ်သည်။ ထိုစောက်တိမ်ငလျင်များသည် အောက်ဖက်ရှိ မြေထုချပ်နှစ်ခု ထိစပ်သော မျက်နှာပြင်လှုပ်ရှားမှုနှင့် တိုက်ရိုက်မဆက်စပ်ဟု ဆိုနိုင်သည်။ သို့သော် ထိုလှုပ်ရှားမှုများနှင့်လည်း မကင်းပေ။ မြေထုချပ်ကြီးနှစ်ခုတို့ နှစ်ပေါင်းများစွာ တွန်းတိုက်ခဲ့ခြင်းက တွန့်ခေါက်တောင်များ ဖြစ်လာစေသည်။ ထိုတွန့်ခေါက်မှုများ လွန်ကဲသောအခါ ကျောက်လွှာထု အချင်းချင်း ပြတ်တောက်လျောထွက်မှုများ ရှိလာသည်။ ထိုကျောက်လွှာများအောက် အထက်လျောထွက်မှုများက ငလျင်များ ဖြစ်စေသည်။ အများအားဖြင့် ဇောက်တိမ်သည်။

ပုံ (၃) အနောက်ဖက် တောင်တန်းများအပိုင်းနှင့် အလယ်မြေနိမ့်ပိုင်းတို့ ထိစပ်ဇုံ၌ဖြစ်သော ငလျင်များ။ ငလျင်ဖြစ်ရပ်များအား ဇောက်အနက်နှင့် သရုပ်ပြထားသည်။

ပြတ်ရွေ့လှုပ်ရှားပုံနှင့် ပြင်အားသက်ရောက်မှု

ကနီငလျင်သည် ထိုထိစပ်ဇုံ၌ဖြစ်သော ငလျင်တစ်ခုသာ ဖြစ်သည်။ သို့သော် တိုင်းတာရရှိသော မှတ်တမ်းများအရ မြေပြင်အောက် ၂၂ ကီလိုမီတာခန့် ဖြစ်သောကြောင့် ငလျင်စောက်တိမ်သည်ကို တွေ့ရသည်။ ထိုအချက်အရ ကနီငလျင်သည် ထိစပ်ဇုံ၌ ကျနေသော်လည်း မြေထုချပ်နှစ်ခု ထိစပ်ရာ မျက်နှာပြင်၌ဖြစ်သည့် ငလျင်မျိုးမဟုတ်ဘဲ ဗမာမြေထုချပ်အတွင်း ကျောက်လွှာချပ်များ၌ဖြစ်သော ငလျင်မျိုး ဖြစ်သည်။ ပုံ (၄) သည် ငလျင်လှိုင်းဦး မှတ်တမ်းများအား သုံး၍ တွက်ချက်ပြသော မြေတွင်းလှုပ်ရှားမှု ပုံစံဖြစ်သည်။ ဘူမိဗေဒပညာရှင်များ နားလည်နိုင်သည်။ ပုံအရ အထက်အောက် လျောကျသည့် ပုံမှန်ဖြစ်နေကျ ပြတ်ရွေ့သဘောကို ပြသည်။ သို့သော် အထက်အောက် တည့်တည့်ကျသည်တော့ မဟုတ်။ အရှေ့မြောက်သို့ ခပ်ရွှေရွှေကျသည်ဟု ပြောရမည်။ ထိုပြတ်ရွေ့ လှုပ်ပုံအတိုင်းဆိုရလျှင် မောင်းထောင်၊ ကူတော၊ ဝင်းမနာ စသောအရပ်များက ကနီထက်စာလျှင် ပို၍ပြင်းသော ငလျင်အရှိန် ခံရနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းနိုင်သည်။

ပုံ (၄) ငလျင်လှိုင်းဦးများမှတဆင့် ပြသော ပြတ်ရွေ့လှုပ်ရှားပုံ။

ထိုပြတ်ရွေ့များ၏ လှုပ်ရှားသည့် ဦးတည်ရာသည် ငလျင်အရှိန်အား မည်သည့်အရပ်က ပို၍ခံရနိုင်သည်ကို အကြမ်းအားဖြင့် ခန့်မှန်းနိုင်သည်။ ပြတ်ရွေ့၏ ရွေ့လျားပုံအား ခွဲခြားပြရလျှင် အထက်အောက် ပြုတ်ကျခြင်း၊ ကန့်လန့်ဖြတ် လျောတက်ခြင်းနှင့် ဘေးတိုက်ရွေ့ခြင်းများ ဖြစ်သည်။ မြန်မာပြည် အလယ်ပိုင်းက စစ်ကိုင်းပြတ်ရွေ့သည် ဘေးတိုက်ရွေ့သော ပြတ်ရွေ့ ဖြစ်သည်။

ငလျင်ကြောင့် ပျက်စီးမှုကို ကြည့်လျှင် ငလျင်စောက် အတိမ်အနက်၊ ငလျင်၏ အရွယ်အစား ပမာဏ၊ ပြတ်ရွေ့တည်ပုံ၊ လှုပ်ရှားပုံ၊ ငလျင်ဖြစ်ရာအရပ်နှင့် အကွာအဝေးတို့အပေါ် မူတည်၍ ခန့်မှန်းတွက်ချက်လေ့ ရှိသည်။ စောက်တိမ်ငလျင်က မြေတွင်းနက်၌ဖြစ်သော ငလျင်ထက် ပို၍သက်ရောက်မှု ရှိသည်။ ထို့ကြောင့် မိမိတို့၏ နေရာအရပ်၌ ငလျင်ပြင်းအား မည်မျှသက်ရောက်နိုင်ကြောင်း အနောက်ဖက် တောင်တန်းများနှင့် ထိုထိစပ်ဇုံ၌ နေကြသူများ လေ့လာသုံးသပ်နိုင်မည် ထင်ပါသည်။ ငလျင်အင်ဂျင်နီယာများ အတွက်ကတော့ ငလျင်ပမာဏ ဖေါ်ပြချက်သာမက ငလျင်ပြင်းအားများကိုပါ တိုင်းတာဖေါ်ပြပေးစေလိုသည့် သဘောရှိသည်။ စက်နှင့်တိုင်းသောအခါ ငလျင်ပြင်းအားကို ငလျင်အရှိန်ဖြင့် ပြသည်။ ငလျင်ဖြစ်ရာ နေရာအား ဖေါ်ပြနိုင်ရန်အတွက်လည်းကောင်း၊ ထိုထက်ပိုသော ငလျင်အချက်အလက်များ ရနိုင်ရန်အတွက် လည်းကောင်း လက်ရှိ ငလျင်တိုင်းစခန်းများအား တိုးချဲ့ အဆင့်မြင့်ရန် လိုသည်။

Mizzima Weekly