အမှိုက်ကောက်ခြင်းရဲ့ ရည်ရွယ်ရင်း အဓိပ္ပါယ်

အမှိုက်ကောက်ခြင်းရဲ့ ရည်ရွယ်ရင်း အဓိပ္ပါယ်

ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မိန့်ခွန်းပြောရာမှာ ကိုယ်စားလှယ်လောင်းများကိုယ်တိုင် ဦးဆောင်ပြီး အမှိုက်ကောက်တဲ့အလုပ်မျိုးကအစ လုပ်ကြဆိုတဲ့သဘော သက်ဝင်တဲ့ မိန့်ခွန်းကို ထည့်ပြောခဲ့ပါတယ်။ အခုဆိုရင် မြို့နယ်တော်တော်များများမှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဦးဆောင်တဲ့ အမှိုက်ကောက်ပွဲတွေ အရှိုအရှိုပေါ်ထွက်လာခဲ့ပါတယ်။

လမ်းသန့်ရှင်းရေး ရပ်ကွက်သန့်ရှင်းရေး မြို့သန့်ရှင်းရေးအတွက် အမှိုက်ကောက်ကြတာဟာ ကောင်းပါတယ်။ သန့်ရှင်းရေးကို အထောက်အကူပြုပါတယ်။ တချိန်တည်းမှာလည်း လမ်းထဲ၊ ရပ်ကွက်ထဲက လူတွေ သန့်ရှင်းရေးကို ယခင်ကထက် ပိုမိုသတိပြုမိလာပြီး လူထုကိုယ်တိုင်က သန့်ရှင်းရေးအသိ မြင့်မားလာစေနိုင်တာမို့လည်း ဒီလို အမှိုက်ကောက်တာကို ကြိုဆိုထောက်ခံကြရမှာပါ။

မှန်ပါတယ်။ မိမိတို့တိုင်းပြည်ကြီး ကျန်းမာရေးနဲ့ မညီညွတ်လောက်အောင် ပတ်ဝန်းကျင်သန့်ရှင်းမှု ထိခိုက်နေရတာ ကြာပါပြီ။ အထူးသဖြင့် စက်ရုံအလုပ်ရုံတွေနဲ့နီးရာ ဒေသတွေမှာနဲ့ မြို့ကြီးပြကြီးတွေမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု အဆိုးဝါးဆုံးဖြစ်လာနေတာ အားလုံးအသိဖြစ်ပါတယ်။ ဒီလိုညစ်ပတ်ရှုပ်ပွေတဲ့ ပတ်ဝန်းကျင်ဆိုတာ ဆိုးဝါးတဲ့အနံ့အသက်တွေ၊ လူကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ ခြင်၊ ယင် အစရှိတဲ့ ပိုးမွှားတွေ ပိုမိုခိုအောင်းနေထိုင်ရာဒေသဖြစ်လာခဲ့ပြီး လူတွေကို ရောဂါမျိုးစုံဖြစ်စေပါတော့တယ်။

ဥပမာတစ်ခုပြောရမယ်ဆိုရင် မင်္ဂလာတောင်ညွန့်မြို့နယ်ထဲ ဘတ်စ်ကားစီးရင်ဖြတ်သွားခဲ့မယ်ဆိုရင် ကြက်ဘဲဈေးက ထွက်ရှိလာတဲ့ အနံ့အသက်ဆိုးကြီးကို မလွဲမသွေ ရှူရှိုက်ကြရမှာပါ။ ဒီနေရာမှာ ခဏတဖြုတ် ဖြတ်သွားဖြတ်လာကြတဲ့လူများသည်ပင်လျင် အသက်ရှူရခက်လောက်အောင် ဒီလိုခံစားကြရမယ်ဆိုရင် အဲဒီနေရာတဝိုက် အဲဒီ မြို့နယ်ထဲက ပြည်သူတွေအဖို့ ၂၄ နာရီပတ်လုံး ဒီလို အနံ့အသက်ဆိုးကြီး ရှူရှိုက်ရင်း နေထိုင်ကြရတဲ့အဖြစ်ဟာ မတွေးဝံ့စရာပါပဲ။

အခုဆိုရင် NLD ကတော့ သူတို့ရဲ့ခေါင်းဆောင် ညွှန်ကြားမှုကို လိုက်နာတဲ့သဘော အမှိုက်ကောက်ကြပါပြီ။ ရည်ရွယ်တာကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင် ပညာပေးလှုပ်ရှားမှုကို ရည်ရွယ်တဲ့သဘောပါပဲ။ တချိန်တည်းမှာပဲ ပြည်သူတွေကလည်း အမှိုက်တွေကို စနစ်တကျ စွန့်ပစ်လာကြမယ်၊ သိမ်းဆည်းကြမယ်ဆိုရင် မိမိတို့ပြည်သူများ ကျန်းမာရေးအခြေအနေတွေ ယခင်က ထက်ပိုပြီး ကောင်းမွန်လာမယ်ဆိုတာလည်းမှန်ပါတယ်။ လက်တွေ့အကျိုးပြုမယ့် ကျန်းမာရေးလှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ထပ်ဆင့်အကြံပြုချင်တာ ရှိပါတယ်။ အခု မိမိတို့ပြည်သူများအနေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကျန်းမာရေးနဲ့ညီညွတ်စေရေးအတွက် အမှိုက်ကောက်ကြသလိုပဲ မိမိတို့ရဲ့ခေါင်းထဲ စိတ်ထဲမှာ ရှိနေတဲ့ စနစ်ဟောင်းခေတ်ဟောင်းက အမှိုက်များလို့ ဆိုနိုင်တဲ့ အတွေးအခေါ်အမှိုက်တွေကိုလည်း ရှင်းပစ်ဖို့ ကောက်ယူသိမ်းဆည်း ဖယ်ရှားကြဖို့ ပိုပြီး လိုအပ်ပါတယ်။

အကယ်၍သာ မိမိတို့ပြည်သူများ အတွေးအခေါ်အယူအဆအဟောင်း၊ အမူအကျင့်ဟောင်းလို့ တင်စားပြောဆိုနိုင်တဲ့ အဲဒီအမှိုက်တွေကိုလည်း စနစ်တကျ ကောက်ယူဖယ်ရှားပစ်နိုင်ကြမယ်ဆိုရင် မိမိတို့ရဲ့ စိတ်ကျန်းမာရေးလို့ခေါ်တဲ့ အတွေးအခေါ်တွေ မြင့်မားသစ်လွင်လတ်ဆတ်လာစေမှာကလည်း မလွဲဧကန်ဖြစ်ပါတယ်။

ဒါကြောင့်မို့ လမ်းပေါ်က အမှိုက်တွေကို စနစ်တကျ ကောက်ယူစွန့်ပစ်ကြသလိုပဲ မိမိတို့ရဲ့ခေါင်းထဲမှာရှိတဲ့ အမှိုက်ဟောင်းများဖြစ်ကြတဲ့ အတွေးအခေါ်ဟောင်းများကိုလည်း စနစ်တကျ ဖယ်ရှားပစ်ကြဖို့ ပိုပြီးအရေးကြီးကြောင်း တင်ပြလိုက်ပါတယ်။

အယ်ဒီတာ့ထံ ပေးစာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags