နောက်ဆုံးတော့လည်း သုံးပွင့်ဆိုင်

နောက်ဆုံးတော့လည်း သုံးပွင့်ဆိုင်
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် မူကြမ်းရေးဆွဲရေးကော်မတီ (Framework for Political Dialogue Drafting Committee ) ဒုတိယအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၅ရက် ကျင်းပနေစဉ်။ (ဓာတ်ပုံ - Myanmar Peace Center)

မြန်မာနိုင်ငံဆိုတာ အမြဲတန်းပဲ စံချိန်ကျိုးတဲ့ နိုင်ငံ တစ်နိုင်ငံပါပဲ။ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဘယ်လိုကျင်းပရမလဲဆိုတဲ့ မူဘောင် (Framework for Political Dialogue) မူကြမ်း တစ်ခုကို သုံးရက်အတွင်း အပြီးသတ် ရေးဆွဲပြလိုက်ပြန်ပါပြီ။ ဘယ်လို ရေးဆွဲခဲ့တာလဲ၊ ဘာရလာဒ်တွေ ရလာသလဲ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကောင်းကောင်းမွန်မွန် စတင် ကျင်းပနိုင်တော့မလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အစိုးရနဲ့ တောတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အကြိမ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးတဲ့နောက် နှစ်ဖက် သဘောတူတဲ့ NCA လို့ခေါ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် တစ်ခုကို ရခဲ့ပါတယ်။ ခက်ခက်ခဲခဲ ညှိနှိုင်းပြီးမှ ရခဲ့တဲ့ အဲဒီ သဘောတူညီချက်ဟာ သမိုင်းဝင် သဘောတူညီချက် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ တကယ့်တကယ် နှစ်ဖက် အင်အားစုတွေ လက်မှတ်ထိုးကြတော့မယ် ဆိုတဲ့ အချိန်ကျမှ ပြသနာက ပေါ်လာပါတယ်။ အဲဒါကတော့ အစိုးရဘက်ကနေ ကိုးကန့်၊ တအာန်းပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့ သုံးဖွဲ့ကို အပစ်ရပ် စာချုပ် လက်မှတ်ထိုးရာမှာ ပါဝင်ခွင့် မပေးတဲ့ ကိစ္စပါ။ အထူးသဖြင့် သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေး ကြိုးပမ်းနေဆဲ ကာလအတောအတွင်းမှာမှ တခါ ပြန်ပေါ်ပေါက်လာပြီး တပ်မတော်ကို အရှက်တကွဲ အကျိုးနည်းဖြစ်စေတဲ့ ကိုးကန့်တပ်ဖွဲ့ကို ပါဝင်စေလိုခြင်း မရှိတာပါ။ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ကိုးကန့်တပ်ဖွဲ့ကို အကြွင်းမဲ့ လက်နက်ချတာကိုသာ လိုလားပါတယ်။ ဒီအခြေအနေအောက်မှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေထဲမှာ အဲဒီသုံးဖွဲ့ မပါပဲ လက်မှတ် မထိုးဘူးဆိုတဲ့ အုပ်စုနဲ့ ဘယ်လိုဖြစ်ဖြစ် ငြိမ်းချမ်းရေးကို တစ်နေ့ တစ်ရက် စောပြီး တည်ဆောက်နိုင်လေ ကောင်းလေ ဆိုတဲ့ အုပ်စု နှစ်စု ကွဲသွားတာမျိုး ဖြစ်စေခဲ့ပါတယ်။

ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး အပါအဝင် အဖွဲ့ (၈) ဖွဲ့က NCA ကို လက်မှတ်ထိုးခဲ့ပြီး ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး တပ်မတော်နဲ့ အခြား အဖွဲ့တွေကတော့ လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါဘူး။ ဇာတ်လမ်းက ဒီမှာတင် ရပ်မသွားပါဘူး။ NCA စာချုပ်ထဲမှာ အပစ်ရပ်တာ တစ်ခုတည်း မဟုတ်ပဲ ရှေ့ဆက် လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကလည်း အချိန်ဇယားနဲ့တကွ ပါလာပါတယ်။ တစ်ပိုင်းကတော့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆိုင်တဲ့ အပိုင်းဖြစ်ပြီး နောက်တစ်ပိုင်းကတော့ နိုင်ငံရေးနဲ့ ဆိုင်တဲ့ အပိုင်းဖြစ်ပါတယ်။ NCA ထိုးပြီးနောက် တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေဟာ နှစ်ဖက် စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့စည်းတာ၊ နှစ်ဖက် စစ်သည်တော်တွေ လိုက်နာရမယ့် ကျင့်ဝတ်ရေးဆွဲတာ၊ အောက်ခြေ နှစ်ဖက် တပ်မှူးတွေ တွေ့ဆုံတာတွေ လုပ်ခဲ့ကြပါတယ်။ ဒီအပိုင်းဟာ နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့တွေအကြား အကောင်အထည် ဖော်ရတာမို့ အောင်မြင်မှုရနေတယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။

နောက်တစ်ပိုင်းကတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ အပိုင်းပါ။ NCA စာချုပ်အရ တိုင်းပြည်ရဲ့ အနာဂတ်ကို နိုင်ငံရေးနည်းနဲ့ ပုံဖော်ဖို့ နိုင်ငံရေးဆွေးနွေးပွဲကြီးတွေ ကျင်းပရပါလိမ့်မယ်။ အဲလို နိုင်ငံရေးဆွေးနွေးပွဲကြီးကို ဘယ်သူတွေနဲ့ ကျင်းပမယ်၊ ဘယ်အဖွဲ့က ဘယ်လောက်တက်မယ်၊ ဘာတွေ ဆွေးနွေးကြမယ်၊ ဆုံးဖြတ်ချက်တွေ ဘယ်လို ချမှတ်ကြမယ်ဆိုတဲ့ မူဘောင် Framework for Political Dialogue တစ်ခုကို ရက်ပေါင်း ၆၀ အတွင်း ရေးဆွဲရပါမယ်။ အဲလို မူဘောင်ရေးဆွဲဖို့ဆိုရင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား နှစ်ဖက်နဲ့ မလုံလောက်တော့ပါဘူး။ NCA စာချုပ်ပါ ဖော်ပြချက်အရ နိုင်ငံရေးပါတီတွေပါ ပါဝင်ပြီး သုံးပွင့်ဆိုင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို ဖွဲ့စည်းရပါလိမ့်မယ်။ ပြဿနာက အဲဒီမှာ စတာပါ။ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က ကိုယ်စားလှယ်တွေ ရွေးချယ်တာ ပြဿနာ မရှိပေမယ့် နိုင်ငံရေးပါတီ အစုအဖွဲ့မှာ ဘယ်သူတွေကို ရွေးချယ်မလဲဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားရုံလောက် အနေအထားပဲရှိတဲ့ ပါတီမျိုးကို ဒီလို တိုင်းရေးပြည်ရေး အရေးကြီးတဲ့ ဆွေးနွေးပွဲတွေမှာ ကိုယ်စားပြုခိုင်းတာ မသင့်တော်ပါဘူး။ နောက်တစ်ကြောင်းကလည်း ရွေးကောက်ပွဲကြီး ကျင်းပပြီးလို့ ဘယ်ပါတီတွေကိုတော့ဖြင့် ပြည်သူလူထု ဘယ်လောက် ထောက်ခံတယ်ဆိုတဲ့ ရလာဒ်လည်း ပေါ်ပေါက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရတဲ့ အင်န်အယ်လ်ဒီက ဦးဆောင်၊ ရွေးကောက်ပွဲ ရလာဒ်ကို အခြေခံပြီး ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ သင့်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ အဲလို ဖြစ်မလာပါဘူး။ ဝန်ကြီး ဦးအောင်မင်း နဲ့ အစိုးရဘက်က အဆိုပြုတဲ့ ပါတီ (၈၀) ကျော်ထဲက ရွေးချယ်ဆိုတဲ့ နည်းလမ်းကိုပဲ အသုံးပြုခဲ့ပါတယ်။ ဒါကို အင်န်အယ်လ်ဒီဘက်က သဘောမတူတဲ့အတွက် ဒီမူဘောင် ဆွေးနွေးပွဲထဲကိုလည်း ကိုယ်စားလှယ် မထည့်ခဲ့ပါဘူး။ အခုဆို အဲဒီ မူဘောင် ရေးဆွဲရေးအဖွဲ့ဟာ သုံးရက်တည်းနဲ့ မူဘောင် တစ်ခုရအောင် ရေးဆွဲနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဒါဟာ နောင် လွှတ်တော်ကို လွှမ်းမိုးမဲ့၊ နောင် အစိုးရဖွဲ့မယ့် အင်န်အယ်လ်ဒီ ပါတီက သဘောတူတဲ့ မူဘောင် ဖြစ်လာမှာတော့ မဟုတ်ပါဘူး။

အခု မူဘောင်ထဲမှာ နောင်ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာလည်း အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ အချိုးတူ ပါဝင်ကြမယ်ဆိုပြီး ရေးဆွဲထားတယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။ ဒီတစ်ကြိမ်မှာလည်း နိုင်ငံရေးပါတီ ကိုယ်စားပြုဆိုတာ ပြဿနာ ဖြစ်လာပါဦးမယ်။ တကယ်တော့ လက်ရှိ နိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ ပြဿနာ အ၀၀ကို ဖြေရှင်းဖို့ တာဝန်ရှိသူတွေဟာ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်သူ ဆိုတဲ့ သုံးပွင့်ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရတို့ လွှတ်တော်တို့ကို ဘာကြောင့် မထည့်သွင်းရသလဲဆိုရင် အဲဒီမှာ ရွေးကောက်ခံတွေ၊ ဒါမှမဟုတ် သူတို့က တင်မြှောက်သူတွေပဲ ဖြစ်နေလို့ပါ။ ဒါကြောင့် နောင် နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပတဲ့အခါ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသားနဲ့ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ခံ အမတ်တွေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်မှသာ တိုင်းပြည်အတွက် အကျိုးရှိ၊ အလုပ်ဖြစ်မယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ့် အစည်းအဝေးကြီး ဖြစ်ပေါ်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly