ဗြိတိန်၏ အိုင်အက်စ်ထိုးစစ် ကျရှုံးလိမ့်မည်ဟု ဆီးရီးယားသမ္မတ လှောင်ပြောင်ပြောဆို

ဗြိတိန်၏ အိုင်အက်စ်ထိုးစစ် ကျရှုံးလိမ့်မည်ဟု ဆီးရီးယားသမ္မတ လှောင်ပြောင်ပြောဆို

လန်ဒန်၊ ဒီဇင်ဘာ ၆ ။              ။ အိုင်အက်စ်စစ်သွေးကြွအုပ်စုအား ချေမှုန်းသည့် ဗြိတိန် စစ်ဆင်ရေး ရှုံးနိမ့်လိမ့်မည်ဟု ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်း၏ မဟာဗျူဟာကို ရယ်သွမ်းသွေးလှောင်ပြောင်ကာ ဆီးရီးယားသမ္မတ ဘာရှာအာဆတ်က အင်တာဗျူးတွင် ပြောကြားသည်။

ဆီးရီးယားရှိ အိုင်အက်စ်တို့အား ဗုံးကြဲချေမှုန်းရန် ဗြိတိန်လွှတ်တော်အမတ်များက ဒီဇင်ဘာ ၃ ရက်တွင် အတည်ပြုခဲ့သည်။ လွှတ်တော်အတည်ပြုပြီး နာရီပိုင်းအတွင်း အနောက်နိုင်ငံများကို တိုက်ခိုက်ရေး အတွက် အိုင်အက်စ်တို့၏ ရန်ပုံငွေရရှိရာအဖြစ် ရေနံမြေများကို ကမ်မရွန်းအစိုးရက တော်ဝင်လေတပ်ဖြင့် စတင်တိုက်ခိုက်လာခဲ့သည်။

အိုင်အက်စ်ကို တိုက်ခိုက်ရန် ဗြိတိန်လွှတ်တော်အတည်ပြုပြီးချိန် ဆန်းဒေးတိုင်းမ်စ် သတင်းစာနှင့် အင်တာဗျူးရာတွင် ဒေးဗစ်ကမ်မရွန်း၏ မဟာဗျူဟာက အဆိုးသာကြုံတွေ့ လာမည်ဖြစ်ပြီး   ကောင်းမွန်သည့် ရလဒ်ထွက်လာမှာ မဟုတ်ကြောင်း အာဆတ်က ပြောကြားထားခြင်းဖြစ်သည်။

"နောက်တစ်ကြိမ် ထပ်ရှုံးအောင် လုပ်နေတာပါပဲ။ ကင်ဆာဆိုတာ ဖြတ်ထုတ်လို့ မရသလို အမြစ်ကနေ ဖယ်ရှားပစ်မှ ရမှာမဟုတ်လား။ ဒီဗြိတိန်ရဲ့ စစ်ဆင်ရေးက ကင်ဆာကို အပိုင်းလိုက် လှီးပြီး   ဖြတ်ထုတ်သလိုဖြစ်နေတယ်။ ဒါက ခန္ဓာကိုယ်အနှံ့ ပိုမြန်မြန် ပျံ့သွားအောင် လုပ်တာနဲ့ အတူတူပဲ။"ဟု အာဆတ်က ပြောသည်။

လန်ဒန်မြေအောက်ဘူတာရုံတစ်ခု၌ "ဆီးရီးယားအတွက်"ဟု အော်ဟစ်ကြွေးကြော်ကာ လူတစ်ဦး ဓားဖြင့် ရမ်းကားမှု ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားထားသည်မှ လောလောလတ်လတ်ပင် ရှိနေသေးသည်။

ဆီးရီးယား၌ ပြည်တွင်းစစ်ကို နိုင်ငံရေးအားဖြင့် ဖြေရှင်းလိုသော၊ လေကြောင်းထိုးစစ်ကြောင့် အားနည်းနေသည့် ဂျီဟတ်ဝါဒီတို့ထံမှ နယ်မြေများ ပြန်လည်ရရှိလာနိုင်သော အနောက်အုပ်စု   ထောက်ပံ့သည့် အတိုက်အခံတိုက်ခိုက်ရေးအင်အား ၇၀၀၀၀ ကျော် ရှိကြောင်း ကမ်မရွန်း၏ ပြောဆိုချက်ကိုလည်း အာဆတ်က လှောင်ပြောင်ပြောဆိုသည်။

"ကမ်မရွန်းရဲ့ ဂန္တဝင်မြောက် ဗရုတ်သုက္ခ ဟာသတွေမှာ ဒါက အသစ်စက်စက် ဟာသပဲဗျာ။ အင်အား ခုနစ်သောင်း ဟုတ်လား၊ သူတို့ ဘယ်မှာလဲ၊ သူပြောနေတဲ့ အလယ်အလတ်ဝါဒီတိုက်ခိုက်ရေးသမား ခုနစ်သောင်းက ဘယ်မှာလဲ။ ဒီမှာတော့ ခုနစ်သောင်း မရှိပါလား။"ဟူ၍ အာဆတ်က ပြောဆိုလှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly