တရုတ်က ဝီကီပီးဒီးယားဝက်ဘ်ဆိုက်ကို ပိတ်ထားခြင်းအတွက် အရေးဆိုမည်

တရုတ်က ဝီကီပီးဒီးယားဝက်ဘ်ဆိုက်ကို ပိတ်ထားခြင်းအတွက် အရေးဆိုမည်

ပေကျင်း၊ ဒီဇင်ဘာ ၆ ။           ။ အွန်လိုင်းအခမဲ့စွယ်စုံကျမ်းဖြစ်သည့် ဝီကီပီးဒီးယားဝက်ဘ်ဆိုက်အား တရုတ်နိုင်ငံတွင် ပိတ်ထားခြင်းအတွက် တည်ထောင်သူက ပေကျင်းသို့ သီတင်းနှစ်ပတ်အတွင်း သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။

ကမ္ဘာ့လူကြိုက်အများဆုံး ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် ဝီကီပီးဒီးယားဝက်ဘ်ဆိုက်ကို မေလအတွင်းက တရုတ်နိုင်ငံ၌ ထပ်ပိတ်လိုက်ခြင်းဖြစ်သည်။ တရုတ်တွင် တင်းကျပ်သည့် အင်တာနက်ပေါ်လစီအရ ဖေ့ဘုတ်အပါအဝင် မှတ်ပုံတင်ရှိ ဆိုက်ပေါင်း ၃၀၀၀ နီးပါးကို ပိတ်ထားသည်။

ဝီကီပီးဒီးယား၏ တရုတ်ဘာသာစကားစာမျက်နှာကို ပိတ်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်စာမျက်နှာကိုမူ ဆက်လက်ကြည့်ရှု သုံးနိုင်ဆဲဖြစ်ကြောင်း ပေကျင်းရှိ စီအင်န်အေ သတင်းထောက်က ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ကျင်းပသည့် အာရှစွမ်းအင်ကဏ္ဍဦးဆောင်မှု ညီလာခံ ၂၀၁၅ ၌ စကားပြောကြားစဉ် ဝီကီပီးဒီးယားတည်ထောင်သူ ဂျင်မီဝေးလ်က တရုတ်အစိုးရနှင့် တွေ့ဆုံရန် မကြာမီ သွားရောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

"တရုတ်နိုင်ငံမှာ ဝီကီပီးဒီးယားကို ဘာသာအားလုံးနဲ့ ကြည့်ရှုနိုင်ခဲ့တာ ကြာပါပြီ။ တစ်ချို့စိတ်မချရတဲ့ စာမျက်နှာတွေက လွဲလို့ပေါ့။"ဟု ထျန်းအန်းမင်ရင်ပြင်နှင့် တက်ကြွလှုပ်ရှားသူ အီဝီဝီအကြောင်း ကဲ့သို့ အကြောင်းအရာများမှအပ အပိတ်မခံခဲ့ရခြင်းကို မှတ်ချက်ပြုပြောကြားသည်။

"ဒါပေမယ့် မကြာသေးမီက ပိုပြီးနောက်ကြောင်း ပြန်လှည့်သွားတယ်။ အခုဆိုရင် ဝီကီပီဒီးယားရဲ့ တရုတ်ဘာသာစကားစာမျက်နှာကို လုံးလုံး ပိတ်ခံထားရတာပဲဖြစ်တယ်။ ဒီကိစ္စကို ဆွေးနွေးနိုင်မယ့် တာဝန်ရှိဝန်ကြီးနဲ့ တွေ့ဖို့ တရုတ်ကို သွားမှာဖြစ်ပါတယ်။"ဟု ဂျင်မီဝေးလ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly