သေပြီသတင်းထွက်ထားသည့် တာလီဘန်ခေါင်းဆောင်၏ အသံဖိုင် ထွက်ပေါ်လာ

သေပြီသတင်းထွက်ထားသည့် တာလီဘန်ခေါင်းဆောင်၏ အသံဖိုင် ထွက်ပေါ်လာ

ကဘူးလ်၊ ဒီဇင်ဘာ ၆ ။              ။ ပါကစ္စတန်နိုင်ငံ၌ တာလီဘန်ခေါင်းဆောင် မူလက်ရှ်အက်ခါမန်ဆော ပစ်ခတ်ခံရပြီး သေဆုံးသည်၊ ဒဏ်ရာပြင်း ရသွားသည်စသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခြင်းကို ချေဖျက်သည့် အနေဖြင့် ဒီဇင်ဘာ ၅ ရက်က ၎င်း သတင်းစကားပြောထားသည့် အသံဖိုင်ကို တာလီဘန်များ ဖြန့်ချိခဲ့သည်။

ထွက်ပေါ်နေသည့် သတင်းများက တာလီဘန်ကို ခွဲပစ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်နေကြခြင်းဖြစ်ကြောင်း ၁၆ မိနစ်စာ ယင်းအသံဖိုင်တွင် ပြောဆိုထားသည်။

"ကျွန်တော့် လူတွေနဲ့ ကျွန်တော် အတူရှိနေပါတယ်။ ပစ်ခတ်ခံရတယ် ဆိုတာ လုံးဝမဖြစ်ခဲ့ပါဘူး၊ သတင်းမှားတွေပါ။ ရန်သူဖက်က ဝါဒဖြန့်ခြင်း သက်သက်ပါ။"ဟု မန်ဆောက ပြောထားသည်။

ယင်းအသံဖိုင်သည် မန်ဆောကိုယ်တိုင် ပြောထားခြင်းလားဟု အတည်ပြုရန် ခက်သော်လည်း တာလီဘန်ထိပ်တန်းအဖွဲ့ဝင်များက မန်ဆောဖြစ်ဖို့များကြောင်း ပြောကြသည်။

ပါကစ္စတန်အနောက်ပိုင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နှောင်းပိုင်းက တာလီဘန်တပ်မှူးတစ်ဦး၏ အိမ်၌ မန်ဆော ပစ်ခတ်ခံရပြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသည်ဟု သတင်းပေါင်းစုံထွက်ခဲ့ပြီးနောက် ၎င်း၏ ကံကြမ္မာမည်သို့ဖြစ်နေသည် မရေမရာဖြစ်နေချိန် ယခုအသံဖိုင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မန်ဆောနှင့် ပြိုင်ဖက်အုပ်စုနှစ်ရပ်စလုံးနှင့် နီးစပ်သည့် အချို့သောတာလီဘန်အဖွဲ့ဝင်များက မန်ဆောက ဒဏ်ရာပြင်းထန်စွာရထားပြီး ဆေးရုံတင်ပို့ထားရပြီဖြစ်၍ ၎င်း၏ အမိန့်သြဇာကို   ငြင်းပယ် လာကြသည်။ တစ်ချို့သောတာလီဘန်များကလည်း ဒဏ်ရာကြောင့် မန်ဆော သေဆုံးကြောင်း ပြောထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly