ရတနာများနှင့် နစ်မြှုပ်သွားသည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး သင်္ဘောပျက် ကိုလံဘီယာတွေ့ရှိ

ရတနာများနှင့် နစ်မြှုပ်သွားသည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး သင်္ဘောပျက် ကိုလံဘီယာတွေ့ရှိ

ကာတာဂျီးနား၊ ကိုလံဘီယာ၊ ဒီဇင်ဘာ-၆ ။              ။ ကမ္ဘာပေါ်တွင် ရတနာအများဆုံးနှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ကျော်က တောင်အမေရိက ကိုလံဘီယာနိုင်ငံ ကမ်းလွန်တွင် နစ်မြှုပ်သွားခဲ့သည့် စပိန်ရွက်သင်္ဘောကြီးကို ရှာဖွေတွေ့ရှိမှုကို သမ္မတ ဂျူအန် မင်နျူရုယ် ဆန်းတို့စ်က ချီးကျူးဂုဏ်ပြုခဲ့သည်။

ကိုလိုနီခေတ် ဆိပ်ကမ်းမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရွက်သင်္ဘောကြီး ဆန်ဂျို့စ်၏ နေရာအတိအကျနှင့် နိုင်ငံတကာ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် မည်သို့မည်ပုံ တွေ့ရှိခဲ့သည် ဆိုသည့်အချက်မှာမူ ၎င်းအနေဖြင့် ပုဂ္ဂိုလ်အရေးအရ စောင့်ထိန်းရမည့် နိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ရွက်သင်္ဘောကြီးမှာ ကာတာဂျီးနားတောင်ဘက် ကိုလံဘီယာ၏ ဘာရူးကျွန်းဆွယ်ကမ်းလွန် ကျယ်ပြန့်သောဧရိယာအတွင်း တစ်နေရာရာတွင် နစ်မြှုပ်လျှက်ရှိနေသည်။

သင်္ဘောပျက်နေရာသို့ လူသားတစ်စုံတစ်ဦးမျှ ရောက်ဖူူးသေးခြင်းမရှိသော်လည်း ရေအောက် ထောက်လှမ်းရေး စက်ရုပ်ယာဉ်များမှာမူ ထိုနေရာသို့ သွားရောက်ခဲ့ပြီး စပိန်ရွက်သင်္ဘောကြီးမှန်း သိသာစေသည့် နဂိုနေမပျက်ယွင်းသေးသော လင်းပိုင်ပုံထွင်းထားသည့် ကြေးဝါအမြောက်ကြီးများပုံကို ရိုက်ယူလာခဲ့သည်ဟု ကိုလံဘီယာအစိုးရက ပြောကြားခဲ့သည်။

ယခုရှာဖွေတွေ့ရှိမှုမှာ လူ ၆၀၀ တင်ဆောင်လာခဲ့သည့် စပိန်ရွက်သင်္ဘောကြီး ဗြိတိသျှ စစ်သင်္ဘောအုပ်စုလက်မှ လွတ်မြောက်ရန် ကြိုးစားစဉ် နစ်မြှုပ်သွားခဲ့သည့် ရာစုနှစ်သုံးခုအလွန် ၁၇၀၈ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့က အစပြုလာခဲ့သည့် ရှည်လျားလှသော ဒဏ္ဍာရီ၏ နောက်ဆုံးအခန်းပင် ဖြစ်သည်။ အဆိုပါ ရွက်သင်္ဘောကြီးမှာ စပိန်ထိန်းချုပ် ကိုလိုနီနယ်မြေများမှ ကန်ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ကြေးရှိသည့် ရွှေဒင်္ဂါး ၁၁သန်းနှင့် ကျောက်မျက်ရတနာများကို သယ်ဆောင်လာခဲ့သည်ဟု ယူဆရသည်။

ပင်လယ်ရေကြောင်းကျွမ်းကျင်သူများက စပိန်ကိုလိုနီခေတ် သင်္ဘောပျက်များထဲတွင် အရေးအကြီးဆုံးအဖြစ် ယူဆထားကြသည့် ဤရွက်သင်္ဘောကြီးမှာ အမေရိကန်၊ ကိုလံဘီယာနှင့် စပိန်တို့ နစ်မြှုပ်နေသည့် ရတနာများကို မည်သူ ပိုင်ဆိုင်ခွင့်ရှိသည်ဆိုသည့် အချက်အပေါ် ဥပဒေကြောင်းအရ အငြင်းပွားနေရသည့် အကြောင်းအရာတစ်ရပ်လည်း ဖြစ်နေသည်။

၁၉၈၂ခုနှစ်တွင် ကွယ်လွန်သူ ရုပ်ရှင်မင်းသား မိုက်ကယ် လန်ဒန်နှင့် ထိုစဉ်က အကျဉ်းကျခံနေရသည့် နစ်ဆင်ခေတ် အိမ်ဖြူတော်အကြံပေး ဂျွန် အားလစ်ချ်မန်းအပါအဝင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများ ပိုင်ဆိုင်သည့် သင်္ဘောဆယ်ယူရေးကုမ္ပဏီ Sea Search Armada က ရေမျက်နှာပြင်အောက် ပေ၇၀၀အကွာ ဆန်ဂျို့စ်သင်္ဘော နစ်မြှုပ်ရာနေရာကို တွေ့ရှိပြီဖြစ်ကြောင်း   ကြေညာခဲ့သည်။

နောင်နှစ်နှစ်အကြာတွင် ကိုလံဘီယာအစိုးရက သင်္ဘောပျက်ကို နေရာအတိအကျ ရှာဖွေနိုင်သူ မည်သူ့ကိုမဆို ၅၀ရာခိုင်နှုန်းပေးရသည့် တည်ဆဲ ပင်လယ်ရေကြောင်းဥပဒေကို ပြောင်းပြန်လှန်ပစ်ကာ Sea Search၏ အကျိုးအမြတ်ကို ၅ရာခိုင်နှုန်းအထိ လျှော့ချပစ်ခဲ့သည်။

ဝါရှင်တန် ဖက်ဒရယ်ရုံးတော်တွင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများ၏ တရားစွဲမှုကို ၂၀၁၁ခုနှစ်တွင် ပယ်ချခဲ့ပြီး နောက်နှစ်နှစ်အကြာ အယူခံတွင်လည်း ထိုဆုံးဖြတ်ချက်ကိုပင် ခိုင်မာစေခဲ့သည်။ ကိုလံဘီယာ အထက်ရုံးတော်က ရတနာများနှင့် ပတ်သက်သည့် နိုင်ငံတကာ အငြင်းပွားမှုကို မဖြေရှင်းနိုင်မီတွင် သင်္ဘောကို အရဆယ်ယူရန် အမိန့်ထုတ်ခဲ့သည်။  

ကိုလံဘီယာသမ္မတ ဆန်းတို့စ်က မည်သည့်သင်္ဘောဆယ်ယူရေးကုမ္ပဏီ၏ တွေ့ရှိကြောင်းပြာဆိုချက်ကိုမျှ ထည့်သွင်းဖော်ပြခြင်းမရှိခဲ့သော်လည်း ၎င်း၏ အစိုးရအဖွဲ့ကမူ သင်္ဘောပျက်ကြီးကို   ရေအောက်မြေပုံ နည်းပညာသစ်များကို အသုံးပြ၍ နိုဝင်ဘာ ၂၇ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း နေရာအတိအကျကို မဖော်ပြဘဲ ကြေညာခဲ့သည်။

ကိုလံဘီယာတွင် Sea Search ၏ ကိုယ်စားလှယ်လုပ်လာခဲ့သည့် ဒနီလို ဒီဗစ်ကမူ ကန်ဒေါ်လာ ၁၀ဘီလျံကျော်နိုင်သည့် နစ်မြှုပ်နေသည့် ရတနာများကို မကြာမီပြန်လည် ရရှိတော့မည်ဟု   ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly