ပြည်ခိုင်ဖြိုး အမာခံပါတီဝင်တွေရွေးချယ်ဖို့ စီစဉ်

ပြည်ခိုင်ဖြိုး အမာခံပါတီဝင်တွေရွေးချယ်ဖို့ စီစဉ်
၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်က ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၊ တောင်သူလယ်သမားရေးရာလူထုတွေ့ဆုံပွဲကို ပဲခူးမြို့ရွှေမော်ဓေါကွင်း၌  ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၆။     ။ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံပါတီဝင်များ ပြန်လည်ရွေးချယ်ရန်စီစဉ်နေသည်ဟု ပါတီဗဟိုကော်မတီဝင်လည်းဖြစ်၊ ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူးလည်းဖြစ်သည့် ဦးသာဝင်းက ဒီဇင်ဘာ ၆ရက်၊ နေ့လယ်ပိုင်းတွင် တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကိုပြောသည်။

"ပါတီဝင်တွေကိုပြန်စိစစ်တာမဟုတ်ပါဘူး။ ပြန်ပြီးတော့ဖွဲ့ဖို့ပြုဖို့တွေ စဉ်းစားနေကြတာပါ။ အမာခံပါတီဝင်တွေကို ပြန်ပြီးရွေးချယ်ဖို့၊ အဲဒီလိုပြန်လုပ်ဖို့ရှိတာပါ။" ဟု ၎င်းကဆိုသည်။


ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ သြဂုတ်လ ၁၂ရက်နေ့ညပိုင်းကလည်း ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲအဖြစ် သူရဦးရွှေမန်း၊ ဦးအောင်သိန်းလင်း၊ သူရဦးအောင်ကိုတို့အပါအဝင် ၁၀ဦးကျော်ကိုမူလ ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှူဆောင်ရာထူးမှ၊ ဗဟိုကော်မတီနှင့် ရိုးရိုးပါတီဝင်တို့အထိ ရာထူး အပြောင်းအလဲ ပြုလုပ်ထားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ အမာခံပါတီဝင်များနှင့် ပါတီဝင် ပြန်လည်စိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်မည့်အပေါ် မဇ္ဈိမ၏ မေးမြန်းမှုကို ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဝင်းမော်ထွန်းက "အခုထိတော့ကျွန်မတို့ဘာမှ မလုပ်သေးပါဘူး။ အခုတော့ အားလုံးကငြိမ်နေတယ်။ ဘာမှကိုမစသေးပါဘူး။ လူကြီးတွေလည်းပြန်မစုသေးဘူး၊ ရုံးပြန်မတက်ကြသေး။" ဟုပြန်လည်ဖြေကြားသည်။

ယင်းအပြင် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင်ပင် မူလပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရသူ သူရဦးရွှေမန်းကို ပါတီဝင်အဖြစ်မှ ထုတ်ပြန်မည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့သေးသည်။

"တချို့နေရာတွေမှာဆို ၂မဲလောက်ပဲရတာတွေရှိတော့ စည်းရုံးရေးမှူးကတောင် မဲမထည့်တဲ့သဘော ဖြစ်နေလို့ ပြန်စိစစ်တာ ဖြည့်ချင်လည်းဖြည့်လို့ပေးတာမျိုးရှိသလို ပါတီဝင်အချင်းချင်း မိသားစုအချင်းချင်း ဖြည့်ဖို့လည်း တိုက်တွန်းတယ်။" ဟု ရန်ကုန်တိုင်းအတွင်းရှိ သာမန်ပါတီဝင် အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုသတင်းပေးသည်။

၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ရက်တွင်ကျင်းပသည့်၊ အထွေထွေရွေးကောက်ပွဲ၏ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းမှအပ ကျန်ပြည်ထောင်စုလွှတ်တော်နေရာ ၄၉၈နေရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၃၉၀နေရာနှင့် ပြည်ခိုင်ဖြိုးက ၄၂နေရာသာရရှိခဲ့သည်။ ကျန်ရှိသည့်လွှတ်တော်နေရာများကို တိုင်းရင်းသားပါတီတို့က ရရှိကြသည်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မိုင်းရူးအပါအဝင် ၇မြို့နယ်၌ ရွေးကောက်ပွဲလုံးဝကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ကြိုတင်မဲများဖြင့် တစ်နိုင်ငံလုံး၏ ၇၆ ရာခိုင်နှုန်း ကိုအနိုင်ရခဲ့သော်လည်း ၂၀၁၅ရွေးကောက်ပွဲတွင်မူ တစ်နိုင်ငံလုံးတွင် အပြတ်အသတ်ရှုံးနိမ့် ခဲ့သည့်ပါတီတစ်ခု လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags