ပါလက်စတိုင်းအစိုးရ ပြိုကွဲလျှင် အစ္စရေးလည်း ကသောင်းကနင်းဖြစ်လိမ့်မည်ဟု ဂျွန်ကယ်ရီ သတိပေး

ပါလက်စတိုင်းအစိုးရ ပြိုကွဲလျှင် အစ္စရေးလည်း ကသောင်းကနင်းဖြစ်လိမ့်မည်ဟု ဂျွန်ကယ်ရီ သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ-၆ ။                ။ အချို့က တိုက်တွန်းနေသလို ပါလက်စတိုင်းအစိုးရကို ပြိုကွဲစေခြင်း (သို့မဟုတ်) ပြိုကွဲစေရန် အားပေးအားမြှောက်ပြုခြင်းမှာ အစ္စရေးအဖို့လည်း မထမ်းရွက်နိုင် သည့် ဘဏ္ဍာရေးနှင့် မဟာဗျူဟာပိုင်း ကုန်ကျစေမည်ဖြစ်သည့်အပြင် လက်ရှိနှင့် နောင်အဖို့တွင် ဂျူးနိုင်ငံ၏ လုံခြုံရေးကိုပါ ထိခိုက်ပျက်စီးစေလိမ့်မည်ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက စနေနေ့တွင် အစ္စရေးနိုင်ငံအား သတိပေးခဲ့သည်။

ဘရွတ်ကင်းအင်စတီကျု၏ ဆဗန်ဖိုရမ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ကယ်ရီက အစ္စရေးအနေဖြင့် အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဥပဒေမဲ့ ကသောင်းကနင်း စိုးရိမ်ဖွယ် အခြေအနေများကို လက်ခံရန် အသင့်ဖြစ်ပြီလားဟု မေးမြန်းခဲ့သည်။

အစ္စရေးအနေဖြင့် ပါလက်စတိုင်းလူထုတစ်ရပ်လုံးအတွက် အခြေံဝန်ဆောင်မှုနှင့် ဖူလုံရေးအားလုံးကို ထောက်ပံ့ရမည့်အပြင် လက်ရှိ အနည်းငယ်မျှသော ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကလေးကို အဆုံးသတ်လိုက်ပါက အနောက်ဘက်ကမ်းသို့ စီးဝင်နေသည့် နိုင်ငံတကာ အထောက်အပံ့ကို ဖြတ်တောက်ပစ်ရာကျလိမ့်မည်ဟုလည်း ကယ်ရီက ပြောကြားခဲ့သည်။

ဒါက ပိုကြီးမားတဲ့ ငြင်းခုန်မှုဆီ ရောက်သွားပါတယ်။ အစ္စရေးအစိုးရအဖွဲ့ထဲက အချို့အပါအဝင် ပါလက်စတိုင်းအစိုးရကို ဆန့်ကျင်နေသူတွေဟာ နှစ်နိုင်ငံမူကို မယုံကြည်တဲ့လူတွေပါပဲဟု ကယ်ရီက ပြောကြားခဲ့သည်။

ကယ်ရီက အပြန်အလှန်အသိအမှတ်ပြုပြီး လုံခြုံရေးကို အာမခံသည့် သီးခြားနိုင်ငံများဖြစ်ပေါ်လာစေမည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ငြိမ်းချမ်းသောအဖြေတစ်ခုကို ပုံဖော်ရန် သူ၏ ကြိုးစားမှုများမှာ အစေဟာသိကံဖြစ်သွားသည့်အတွက် စိတ်ပျက်မိကြောင်းလည်း ဝန်ခံအသိအမှတ်ပြုခဲ့သည်။  

ကယ်ရီက အမေရိကန်ပြည်ထောင်စုအနေဖြင့် နှစ်နိုင်ငံမူကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည့်အပြင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ပါလက်စတိုင်းအစိုးရသမ္မတ မာမွတ် အဘက်စ်တို့ ရည်ညွှန်းရျ် ဒါဟာ သူတို့နှစ်ယောက်တည်းနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ တာဝန်ပါပဲဟုလည်း ပြောကြားခဲ့သည်။

ဆောင်းဦးကာလက မွတ်စလင်နှင့် ဂျူး နှစ်ဖက်စလုံးက ကြည်ညိုအလေးထားသည့် အထွတ်အမြတ်နေရာနှင့် ပတ်သက်သည့် ပဋပက္ခများက ဓားထိုးမှုများ၊ ပစ်ခတ်မှုများနှင့် ယာဉ်များကို တိုက်ခိုက်မှုများကို တသီတတန်းကြီး ဖြစ်ပွားစေခဲ့သောကြောင့် အစ္စရေးရှေးရိုးစွဲများ၏ သန္နိဌာန်ကို ပိုမိုမာကြောလာစေခဲ့သလို သူတို့အစိုးရ၏ အကျိူးဆောင်ရွက်နိုင်မှုအပေါ် ပါလက်စတိုင်းများ၏ အယုံအကြည်ကင်းမဲ့မှုမှာလည်း မြင့်မားလာခဲ့ရသည်။

အနောက်ဘက်ကမ်းတွင် အစ္စရေးရျ် အခြေချလာပြီး ပါလက်စတိုင်းများ၏ နိစ္စဓူဝအနေအထိုင်များ ပိုမိုကျဉ်းကျပ်လာသည့်အချိန်တွင် အကြမ်းဖက်မှု ဖြစ်ပွားလာခဲ့ခြင်းပင်ဖြစ်သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ ၁၉၉၃ အော့စလိုသဘောတူညီချက်အရ အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်၏ နောက်ဆုံးအနေအထားကို စေ့စပ်ညှိနှိုင်းသူများက သဘောတူညီချက်မရသေးမီအထိ အနောက်ဘက်ကမ်းကို အုပ်ချုပ်ကွပ်ကဲရန် ထူထောင်ဖွဲ့စည်းထားသည့် ကြားဖြတ်အစိုးရပင်ဖြစ်သည်။  

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ၏ ထောက်ခံမှုကို ရရှိထားသော်လည်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ ဟားမက်စ်အဖွဲ့နှင့် လမ်းခွဲမှုအပါအဝင် နှစ်များစွာကြာအောင်ပင် ပါလက်စတိုင်း   ပြည်သူများ ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးစိန်ခေါ်မှုများကို ရင်ဆိုင်လာနေခဲ့ရသည်။

တစ်ချိန်တည်းမှာပင် အစ္စရေးက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ အကြမ်းဖက်မှုလုပ်ရပ်များကို တားဆီးရန် ပျက်ကွက်နေသည်ဟု စွပ်စွဲကာ ပါလက်စတိုင်းဧရိယာထဲအထိ စစ်တပ်များကို တိုးချဲ့ဖြန့်ကျက်လာခဲ့သည့်အပြင် ဂျူးအိမ်ယာများကို မူလက ပါလက်စတိုင်းနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် ရည်ရွယ်ထား ခဲ့သည့် နယ်မြေများထဲအထိ ကျူးကျော်တည်ဆောက် လာခဲ့သည်။

နှစ်နိုင်ငံပြည်သူများ အကျိုးအတွက် ခက်ခဲသောရွေးချယ်မှုများကို ပြုလုပ်ကြရန် ကယ်ရီက နှစ်ဖက်စလုံးမှ ခေါင်းဆောင်များကို တိုက်တွန်းထားပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ယင်း၏ ရွေးကောက်ခံသမ္မတ အဘက်စ်တို့ကိုလည်း အစ္စရေးဆန့်ကျုင်ရေးစကားများ ပြောကြားသည့်အတွက် ဝေဖန်ခဲ့သည်။

ပါလက်စတိုင်းဖက်မှ အစ္စရေးကို ဖိအားပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို အသုံးပြုရန် ကြိုးစားမှုကိုလည်း အမေရိကန်က ဆန့်ကျင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly