ဝှိုက်ကတ်ကိုင်ဆောင်သူ လူ ၆၀၀၀ ကျော်မဲပေးခဲ့သည်ဟုဆိုကာ သံတွဲတွင်ဆန္ဒထုတ်ဖေါ်

ဝှိုက်ကတ်ကိုင်ဆောင်သူ လူ ၆၀၀၀ ကျော်မဲပေးခဲ့သည်ဟုဆိုကာ သံတွဲတွင်ဆန္ဒထုတ်ဖေါ်
(ဓာတ်ပုံ-အီးပီအေ)

စစ်တွေ၊ ဒီဇင်ဘာ ၆ ။                ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ခရိုင်အတွင်း ဝှိုက်ကတ်ကိုင်ဆောင်သူ ဘင်္ဂါလီ ၆၀၀၀ ကျော် မဲပေးခဲ့ကြသည်ဟု ဆိုကာ ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်းသိရသည်။

ဒီဇင်ဘာ ၄ရက်က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားမဟုတ်သည့်သူများသည် မိမိတို့၏ နိုင်ငံသားအခွင့်အရေးအား မတရားသောနည်းဖြင့် ရယူနေကြခြင်းကို တာဝန်ရှိသူများအနေဖြင့် စိစစ် ပေးရန် တောင်းဆိုကာ ယခုကဲ့သို့ ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစိန်ချစ်ကပြောသည်။

“ဝှိုက်ကတ်ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်မရှိဘူးဆိုတာကို  အဲဒီအချိန်ကသမ္မကြီးလည်း ပြောပြီးသားပါပဲ၊ အဲဒီအတွက်လည်း ပြည်သူတွေက ဝှိုက်ကတ်တွေဟာ မဲပေးခွင့်မှာ ပါလာလိမ့်မယ် လို့လည်း မျှော်လင့်မထားဘူးပေါ့။ ဒါပေမဲ့ မဲပေးတဲ့အချိန်မှာ ဝှိုက်ကတ်ကိုင်ဆောင်ထားတဲ့လူတွေ၊ ၁၉၈၂ ဥပဒေနဲ့မကိုင်ညီတဲ့သူတွေဟာ အဲဒီအချိန်မှာ ဗူးပေါ်သလိုပေါ်ပြီးတော့ မဲစာရင်းထဲမှာပါလာရော အဲဒါနဲ့ကျွန်တော်တို့က နိုင်ငံသားမဟုတ်တဲ့လူတွေ မဲပေးခွင့်မရတဲ့လူတွေ ဘယ်လိုလုပ်ပေးလို့ရခဲ့လဲဆိုတဲ့ အဖြေကို ပေါ်ပေါက်စေချင်တယ်။”ဟု ကိုစိန်ချစ်ကပြောသည်။

အဆိုပါတောင်းဆိုမှုနှင့်ပက်သက်၍ တစ်စုံတစ်ရာဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်သလို ဥပဒေကိုဥပဒေအတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မည်ဆိုပါက ယခုကဲ့သို့ ဖြစ်မလာနိုင်ကြောင်းနှင့် အင်အားကြီးပါတီတစ်ခုမှ မိမိတို့ ပါတီသို့ မဲအရေအတွက် စီးဆင်းလာစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းကသုံးသပ်ပြောဆိုသည်။

ယင်းသို့ဆန္ဒထုတ်ဖေါ်ခြင်းကို သံတွဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်က “ကျွန်တော်တို့က သမ္မတရုံးကအမိန့်နဲ့ကို ဝှိုက်ကတ်ကိုမဲစာရင်းထဲမှာ မထည့်ဖို့ကြေငြာပြီးသားလေ။ နောက်ပြီး ဝှိုက်ကတ်ဆိုတာကလည်း ရခိုင်မှာလည်းရှိတယ်။ ချင်းမှာလည်းရှိတယ်၊ ဒါပေမဲ့ အဲဒါကိုလည်းပဲ ကျွန်တော်တို့က အားလုံးနဲ့တိုင်ပင်ပြီး အကြံဉာဏ်ယူပြီးမှ လုပ်တာဖြစ်တယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံသားကတ်မရှိရင်လည်း တိုင်းရင်းသား၊ နိုင်ငံသားဖြစ်လို့ရှိရင် မဲစာရင်းမှာထည့်ပေးပါဆိုလို့ ကျွန်တော်တို့က ပြုစုရတာဖြစ်တယ်။ အဲဒီ့ထဲမှာ နိုင်ငံခြားသားကိုတော့ ထည့်လို့မရဘူးလေ။”ဟု DMGကို ပြောသည်။

ယင်းဆန္ဒထုတ်ဖေါ်မှုတွင် လူပေါင်း ၂၀၀၀ ကျော်ခန့် ပါဝင်ခဲ့ကြပြီး အောင်မြေသာစည်ကျောင်းမှ သံတွဲမြို့ကို ပတ်ကာ ထွေ/အုပ်ရုံးရှေ့တွင် တစ်ထောက်နားကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်လဝက ရုံးရှေ့တွင် တစ်ထောက်ခန့်နားကာ သတ်မှတ်ထားသောနေရာသို့ရောက်လျင် လူစုခွဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly