UNFCက ရွေးကောက်ပွဲ နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် စိန်ခေါ်မှု နှင့် အခွင့်အရေးများ ဆွေးနွေး

UNFCက ရွေးကောက်ပွဲ နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် စိန်ခေါ်မှု နှင့် အခွင့်အရေးများ ဆွေးနွေး
ဓာတ်ပုံ-ဖနိဒါ

ချင်းမိုင်၊ ဒီဇင်ဘာ ၆ ။           ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က လက်ရှိ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၆ ရက်က ကျင်းပနေသည်။

“ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်-စိန်ခေါ်မှုများနှင့် အခွင့်အရေးများ”ခေါင်းစဉ်ဖြင့် ကျင်းပနေသော အလုပ်ရုံ ဆွေးနွေးပွဲတွင် Sea-Change အဖွ့ဲမှ တာဝန်ခံ Keith Fitzgerald က သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ မြောက်အိုင်ရာလန်နှင့် တောင်အာဖရိက စသည့် နိုင်ငံများမှ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ဆွေးနွေးတင်ပြခဲ့သည်။

“ဒီမနက်ပိုင်းက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးမယ်။ အရင်က ချမှတ်ထားတဲ့ ပေါ်လစီရေးရာ အထောက်အကူပြုဖို့ လေ့လာထားတဲ့ဟာတွေ ဆွေးနွေးမယ်”ဟု UNFC ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းညွန့်လွင်က ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်- စိန်ခေါ်မှုနှင့် အခွင့်အရေးများကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့ပြင် လက်ရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်တွင် UNFC ၏ နှစ်ပတ်လည် အစည်းအဝေးကို စတင်ကျင်းပမည် ဖြစ်ပြီး ထိုအစည်းအဝေးတွင် တစ်နှစ်လုံး လုပ်ဆောင်ခဲ့သော လုပ်ငန်းများကို ပြန်လည် သုံးသပ်ခြင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေများကို သုံးသပ်ခြင်း၊ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်းများ ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ပြန်လည် သုံးသပ်ကြမည် ဖြစ်ပြီး မကြာသေးမီက ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့အား UNFC အဖွဲ့ဝင် အဖြစ်မှ ယာယီရပ် ဆိုင်းထားမှုနှင့် ပတ်သက်၍လည်း ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

UNFC ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly