နိုင်ငံတကာအကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ရုရှသမ္မတပူတင်ထုတ်ပြန်

နိုင်ငံတကာအကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ရုရှသမ္မတပူတင်ထုတ်ပြန်

ရုရှသမ္မတပူတင်၏ ဖက်ဒရယ်ညီလာခံတွင် ပြောကြားသည့် နှစ်ပတ်လည်နိုင်ငံအခြေပြမိန့်ခွန်းတွင် တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားရေး နိုင်ငံတကာပြဿနာနှင့် စပ်လျဉ်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပူတင်ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်ကို ရုရှသံရုံးက ထုတ်ပြန်ထားတာကို မဇ္ဈိမက စီလျော်အောင် ဘာသာပြန် ဖော်ပြလိုက်ရသည်။

"ရုရှနိုင်ငံက အကြမ်းဖက်ဝါဒကို ရှေ့တန်းကတိုက်ပွဲဝင်ခဲ့သည်က ကြာမြင့်ပြီဖြစ်သည်။ ဒီတိုက်ပွဲများက လွတ်လပ်ခွင့်၊ အမှန်းတရားနှင့် တရားမျှတမှုတို့အတွက် တိုက်ပွဲများဖြစ်သည်။ လူ့ဘဝအသက်များနှင့် လူမှုအဖွဲ့အစည်းတစ်ရပ်လုံး၏ အနာဂတ်အတွက် ဖြစ်သည်။"

နိုင်ငံတကာအကြမ်းဖက်ဝါဒရဲ့ ကျုးကျော်ရန်လိုစိတ်ကို ကျွန်တော်တို့ သိရှိကြသည်။ ရုရှနိုင်ငံက ၁၉၉၀ အလယ်ပိုင်းနှစ်များတွင် ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ရက်စက်သည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ Budennovsk၊ Beslan နှင့် မော်စကိုတို့တွင် ဓားစာခံပြန်ပေးဆွဲမှုများ အလွန်ဆိုးဝါးစွာ ဖြစ်ပွားခဲ့ခြင်းများကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါ။ လူနေအိမ်ခြေများကို ဖောက်ခွဲခြင်းများ၊ Nevsky အထူးရထားလမ်းချော်တိမ်းမှောက်စေခင်းများ၊ မော်စကိုမြေအောက်ဘူတာရုံနှင့် Domodedovo လေဆိပ်တို့က ပေါက်ကွဲမှုများကို မမေ့ပါ။

ထိုအဖြစ်ဆိုးများအတွင်း လူ့အသက်ပေါင်း ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ သူတို့အတွက် ဝမ်းနည်းကြေကွဲနေဆဲဖြစ်ပြီး ကျန်ရစ်သူမိသားစုတွေနဲ့အတူ အမြဲတမ်း သတိရ ဝမ်းနည်းနေမှာပဲဖြစ်သည်။

ဒါကြောင့် ဒီလိုစစ်သွေးကြွအစွန်းရောက်များရဲ့ ကျောရိုးကို နောက်ဆုံးရိုက်ချိုးပစ်ရန် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ကျွန်တော်တို့ ရှိနေခဲ့ပါသည်။ ရုရှမြေတွင် အကြမ်းဖက်အစွန်းရောက်သမားများကို အားလုံးနီးပါး ရှင်းထုတ်လိုက်နိုင်ခဲ့သည်။ သို့သော် မြေအောက်လျှိုးသွားသည့် လက်ကျန်အကြမ်းဖက်သမားများကို တိုက်ခိုက်နေရဆဲဖြစ်သည်။ ဒီမိစ္ဆာက ဒီအရပ်မှာ ရှိနေသေးဆဲပါ။ ပြီးခဲ့သည့် နှစ်နှစ်က Volgograd တွင် နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။ မကြာသေးမီကလည်း ဆိုင်နိုင်းတွင် ရုရှခရီးသည်လေယာဉ် ပစ်ချခံလိုက်ရသည်။

နိုင်ငံတကာအကြမ်းဖက်ဝါဒကို မည်သည့်အခါမျှ နိုင်ငံတစ်နိုင်ငံတည်းက တိုက်ဖျက်သွားနိုင်မည်မဟုတ်ပါ။ အထူးအားဖြင့် နယ်စပ်များကို ဖွင့်လှစ်ထားသည့် အခြေအနေမျိုးတွင်ဖြစ်သည်။ ကမ္ဘာတွင် လူများက ရွှေ့ပြောင်းသွားလာနေကြသည်။ အကြမ်းဖက်သမားများအတွက် ပုံမှန်ပင် ဘဏ္ဍာရေးအထောက်အပံ့များက ရနေသည်။

အကြမ်းဖက်ဝါဒက ယနေ့မှာ ခြိမ်းခြောက်မှု ပိုမိုကြီးထွားလာလျက်ရှိနေသည်။ အာဖဂန်နစ္စတန်ပြဿနာက ပြန်လည်မဖြေရှင်းနိုင်သေးသည့် အခြေအနေတွင် ရှိသည်။ ယင်းအခြေအနေက ကျွန်တော်တို့ကို သတိပေးတပ်လှန့်နေပြီး အကောင်းရှုမြင်ခွင့် မပေးထားပါ။ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၊ အီရတ်၊ လစ်ဗျားနှင့် ဆီးရီးယားတို့၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့က ဝရုန်းသုန်းကားအဖြစ်ဆီ ရောက်ခဲ့ရပြီး မင်းမဲ့စရိုက်များ လွှမ်းမိုးနေကာ ကမ္ဘာတစ်ခုလုံးအတွက် ခြိမ်းခြောက်မှုများ ဖန်တီးလာသည်။

ဖြစ်ရပ်များ၏ အကြောင်းရင်းခံကို ကျွန်တော်တို့ အားလုံးသိကြသည်။ မည်သူတို့က မလိုလားသည့် အစိုးရစနစ်ကို ထုတ်ပယ်ပစ်ပြီး လူမဆန်သည့် ၎င်းတို့ ကိုယ်ပိုင်စည်းမျဉ်းချမှတ်ကျင့်သုံးနေခြင်းကို ကျွန်တော်တို့ သိရှိကြသည်။ ၎င်းတို့က ပြဿနာများကို မွှေနှောက်ပြီး နိုင်ငံများ၏ ရပ်တည်မှုကို ဖျက်ဆီးနေသည်။

ဆီးရီးယားက စစ်သွေးကြွများက ရုရှအတွက် အလွန်စိုးရိမ်ရသည့် ခြိမ်းခြောက်မှုများဖြစ်သည်။ အများစုက ရုရှနိုင်ငံသားများနှင့် CIS နိုင်ငံများမှ နိုင်ငံသားများဖြစ်ကြသည်။ ၎င်းတို့က လက်နက်နှင့် ငွေကြေးများ ရနေပြီး ၎င်းအားကို တည်ဆောက်ကြသည်။ အကယ်၍ ၎င်းတို့က အောင်မြင်မှုများရလာလျှင် နိုင်ငံရင်းသို့ ပြန်လာပြီး အန္တရာယ်ပေးလာနိုင်သည်။ ဖောက်ခွဲမှုများ၊ သတ်ဖြတ်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ လုပ်လာမည်ဖြစ်သည်။ ကျွန်တော်တို့အနေနဲ့ ၎င်းတို့ကို တိုက်ဖျက်ချေမှုန်းပစ်မှပဲ ဖြစ်သည်။

ကျွန်တော်တို့ ရုရှများအနေဖြင့် မည်သည့် အစွန်းရောက်ဝါဒမျိုးကိုမဆို စည်းလုံးညီညွတ်စွာ ခုခံတိုက်ဖျက်သွားရမည်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားနဲ့ ဘာသာရေးအတွက် ခုခံကာ ကျွန်တော်တို့ လူမှုအသိုက်အဝန်းနဲ့ ရုရှနိုင်ငံတော်ကို သမိုင်းတွင်တည်ဆောက်သွားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly