“ ဒေါ်အောင်ဆန်းစုကြည် အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဘာကြောင့် သွားတွေ့တာလဲ ”

“ ဒေါ်အောင်ဆန်းစုကြည် အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဘာကြောင့် သွားတွေ့တာလဲ ”

ဒီရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် စစ်အာဏာ ရှင်ဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက် တွေ့ဆုံတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်း ဖြစ်နိုင်သလား၊ ဖြစ်နိုင်တယ်ဆိုရင် ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားတွေ့ခဲ့ရတာလဲ၊ ဒီတွေ့ဆုံမှုကနေ ရှေ့ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး သုံးသပ် ကြည့်ပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကနေ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားတွေ့တယ်ဆိုတဲ့ သတင်းကို ဒီဇင်ဘာ ၄ ရက်နေ့ ညနဲ့ ၅ ရက်နေ့ မနက်ပိုင်း ဘီဘီစီ မြန်မာပိုင်းကနေ ခုလို ထုတ်လွှင့်ခဲ့ပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ မနေ့ သောကြာနေ့ မွန်းလွဲ ၁ နာရီ ပတ်ဝန်းကျင်က နေပြည်တော် စစ်ဦးစီးဌာနချုပ်ရုံးမှာ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် ရက်ပိုင်းအတွင်းကပဲ ဗိုလ်ချုပ်မှူးကြီးဟောင်းဟာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်ပိုင်း တစ်ချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အဲလို တွေ့ဆုံခဲ့တယ် ဆိုတဲ့သတင်းကို ငြင်းဆိုတာ မရှိပေမယ့် သူတို့အနေနဲ့ အတည်ပြုပြောခွင့် မရှိဘူးလို့ ဆိုပါတယ်။ သူရဦးရွှေ မန်းရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာတော့ ဒီဇင်ဘာ ၂ ရက်၊ ၃ ရက်၊ ၄ ရက် တွေ့ဆုံမှုတွေအရ သောကြာနေ့အချိန် ကိုယ့်ပါတီအကျိုးထက် အမျိုးသား အကျိုးစီးပွားကိုကြည့်ပြီး လုပ်ရမယ့်အချိန် ဖြစ်နေပြီဆိုပြီး ရေးသားထား ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေး   ဖြစ်စဉ်အတွက် အဓိကကျတဲ့ လိုအပ်ချက်တစ်ရပ် ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံး သပ်သူ အများကတော့ ရှုမြင်နေကြပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

ပထမဦးဆုံး သုံးသပ်ဖို့ လိုတာကတော့ ဒီသတင်း ဖြစ်နိုင်သလား ဆိုတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး ကိုနေရွှေသွေးအောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ပါ သေးတယ်။ ဒီသတင်းကို ပြည်တွင်းထုတ် သည်ဗွိုက်စ် အွန်လိုင်းသတင်းနဲ့ ဘီဘီစီသတင်းက ကနဦး ဖော်ပြခဲ့ ပေမယ့် အတည်ပြုနိုင်တဲ့ သတင်းတစ်ပုဒ်အဖြစ် အများက မသတ်မှတ်ခဲ့ပါဘူး။ အင်န်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင် တစ်ချို့ကလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး သူတို့မသိကြောင်း ပြောသလို၊ တစ်ချို့ မဟုတ်ဘူး လို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပါတ် ကြာသပတေးနေ့ မနက်ခင်း အာရ်အက်ဖ်အေနဲ့ ပုံမှန် တွေ့ဆုံ ခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီသတင်းကို တိုတိုတုတ်တုတ်နဲ့ အတည်ပြုပေးခဲ့ပါတယ်။ အခုသတင်းနဲ့ ပတ်သက်ပြီး ထူးခြားတာကတော့ အရင်တစ်ကြိမ်တုန်းကလို အင်န်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းက ငြင်းချက် ထုတ်တာမျိုး မကြားကြရပါဘူး။ ဒါ့အပြင် ဒီသတင်းထုတ်လွှင့်တာဟာ သတင်းကျင့်ဝတ်ကို အလွန် စောင့်ထိန်း တဲ့ ဘီဘီစီ သတင်းဌာန ဖြစ်နေတာ၊ ရှေ့ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ မြေးဖြစ်သူနဲ့ တွေ့ဆုံထားမှု ရှိနေတာ၊ လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့   ဖေ့ဘွတ်ခ်စာမျက်နှာမှာ တရားဝင် ရေးသား ချက်နဲ့ အခြား အချက်အလက်တွေကို ခြုံငုံ သုံးသပ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီးဟောင်း ကို သွားတွေ့ခဲ့တယ်ဆိုတာ ယုံကြည်ရလောက်ပါတယ်။ ဘာအတွက် သွားပြီး တွေ့ဆုံရသလဲဆိုတာ ဆက်ပြီး ဆွေးနွေးကြည့်ကြရအောင်ပါ။

အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ အင်န် အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါဟာ ပါတီကို မဲပေးတယ် ဆိုတာထက်   ဒေါ်အောင်ဆန်းစု ကြည်ကို မဲပေးလိုက်တယ် ဆိုရင်တောင် ပိုပြီး မှန်နိုင်ပါတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး နဂိုက တပ်မတော်နဲ့ အစိုးရဘက်က ဘယ်လို သဘောထားမလဲဆိုတာ စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် နောက်ပိုင်း သမ္မ တ ဦးသိန်းစိန်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ပြောဆိုချက်တွေအရ ဖွဲ့စည်းပုံ အခြေခံဥပ ဒေနဲ့အညီ အာဏာ လွဲှပြောင်းပေးမယ်ဆိုတာ သေခြာသလောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့ ပြဿနာကြီး တစ်ခုကတော့ ကျန်နေပါသေးတယ်။ အဲဒါကတော့ ဒေါ်အောင် ဆန်းစုကြည် သမ္မတ ဖြစ်ရေးပါ။ တစ်တိုင်းတစ်ပြည်လုံးက ပြည်သူတွေ တစ်ခဲနက်   ထောက်ခံလိုက်တဲ့တိုင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ့အကြီးအကဲ အထွဋ်အထိပ် ရာထူးဖြစ်တဲ့ သမ္မတ တာဝန်ထမ်းဆောင်ခွင့် မရဘူးဆိုတာဟာ အလွန်မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီကိစ္စ တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ စစ်ဗိုလ် ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေအတွက် နိုင်ငံတကာအလည်မှာ မျက်နှာပူစရာ ကောင်းတဲ့၊ အရှက်ရစေ မယ့် ကိစ္စကြီးတစ်ခုလည်း   ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ တရားမျှ တမှု ရှိစွာနဲ့ သမ္မတဖြစ်ခွင့်ရရေး ကြိုးစားမယ် ဆိုတာကတော့ ယုံမှား သံသယရှိစရာ မလိုပါဘူး။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် အဓိကထား စကားပြောရမယ့်သူဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတစ် ယောက်တည်းရဲ့ သဘောမဟုတ်ဘူး ဆိုတာမျိုး ဝါရှင်တန်ပို့စ် သတင်းစာကို အတိအလင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။ တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားမြစ်ထားတဲ့ ပုဒ်မ ၅၉(စ) ကို ဖွဲ့စည်းပုံထဲ ထည့်ခဲ့သူတွေဟာ အရင် စစ်ဗိုလ်ချုပ်(အခု အငြိမ်းစား)တွေ ဖြစ်ကြပါတယ်။ အဓိက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေပါ။ ဒီအတွက် တပ်ချုပ်နဲ့   တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စ မေးမြန်းဆွေးနွေးတာ လုပ်ကို လုပ်ပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နဂို သူ ထုတ်ဖော် ပြောဆိုပြီးသား သဘောထားကိုပဲ ထုတ်ဖော် ပြောဆိုပါလိမ့်မယ်။ ဒီအခြေအနေကနေ တဆင့် ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေနဲ့ တွေ့ဆုံဖို့ ဆိုတာမျိုးအထိ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။

အာဏာရှင်ဟောင်းကို တွေ့ဆုံတဲ့ နေရာဟာ နေပြည်တော် စစ်ဦးစီးချုပ်ရုံးလို့ ဆိုထားတဲ့အတွက် တပ်ချုပ်ရဲ့ သဘောတူညီချက်နဲ့ တွေ့ဆုံတာမျိုး ဖြစ်ဖို့ များပါတယ်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အငြိမ်းစား ယူလိုက်ပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ နေပြည်တော် တပ်မတော် စစ်ဌာနချုပ် ဧရိယာထဲမှာပဲ နေထိုင်နေသူ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတွေ့ဆုံမှုမှာ   ဒေါ်အောင်ဆန်းစုကြည်ဘက်က သူ့ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ)ကိစ္စ ပြောမှာကတော့ အသေအခြာပါပဲ။ ဒါပေမယ့် နှစ်ဖက် ဘယ်အဆင့်လောက်အထိ ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့တယ် ဆိုတာကိုတော့ မသိနိုင်ပါဘူး။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်က တပ်ချုပ်အပါအဝင် တပ်မတော်ခေါင်းဆောင်တွေနဲ့ အာဏာရှင်ဟောင်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေတို့ကို စည်းရုံး ပြောဆိုနိုင်ခဲ့မယ်ဆိုရင်ဖြင့် သိပ်မဝေးလှတော့တဲ့ အစိုးရသစ် အကူးအပြောင်း မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အကြီးအကဲ သမ္မတ တစ်ယောက်အနေနဲ့ မြင်တွေ့ကောင်း မြင်တွေ့ရနိုင်ပါ ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly