မြန်မာနိုင်ငံ၏ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းဖွင့်လှစ်

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းဖွင့်လှစ်
ဓာတ်ပုံ - လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာန

ဒီဇင်ဘာ ၅ ရက် ။              ။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဒီဇင်ဘာ ၄ ရက်နေ့က ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကျောင်းနှင့်အတူ ဧရာဝတီတိုင်းမှ လူငယ် ၆၀ ဦး ၁၂ ရက်ကြာတက်ရောက်မည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် ၁/၂၀၁၅ ကိုလည်း ဖွင့်လှစ်ခဲ့သည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင်များပေါ်ထွန်းရေးအပါအဝင် သဘာဝဘေးလျော့ပါးရေးအတွက် နိုင်ငံတကာ အသိပညာများ ပို့ချနိုင်ရန် ရည်ရွယ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ သိရသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း Disaseter Management Training Center ဖွင့်ပွဲသို့ အမျိုးသား သဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဌ   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက်ခဲ့သည်။

အနာဂါတ်တွင် ယင်းကျောင်း၌ Certificate လက်မှတ်ပေးအပ်သည့် သင်တန်းများသာမက၊ ခြောက်လ၊ တစ်နှစ် ကြာမည့် သင်တန်းများဖြင့် Diploma များပေးအပ်သွားမည်ဟု   ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံသဘာဝဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းအဖွဲ့ကိုယ်စား UN-Habitat Country မှ Mr. Bijay Karmacharya ကလည်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောဆိုသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကို မြေ ၂၂ ဧက ပေါ်တွင် စာကြည့်တိုက်၊ ကွန်ပျူတာဆောင်၊ နှစ်ထပ်စာသင်ဆောင်၊ ဘွဲ့နှင့်သဘင်ခန်းမ၊ အုပ်ချုပ်မှုဆောင်၊ သင်တန်းသူ/ သား အိပ်ဆောင်များ၊ ဧည့်ရိပ်သာ၊ စားဖို၊ အမှုထမ်းအရာထမ်းအိမ်ရာတို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly