မြန်မာ့လုံခြံုရေး ပြည်သူပူးပေါင်းဖို့လိုသည်ဟု ရဲဦးစီးအရာရှိချုပ်ပြော

မြန်မာ့လုံခြံုရေး ပြည်သူပူးပေါင်းဖို့လိုသည်ဟု ရဲဦးစီးအရာရှိချုပ်ပြော
၂၄ ကြိမ်မြောက် အာဆီယံအစည်းအဝေးအတွင်း လုံခြံုရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်။ ဓါတ်ပုံ။     ။ ဟောင်ဆာ(ရာမည)

ရန်ကုန်၊ ဒီဇင်ဘာ ၅။     ။ထိုင်းနိုင်ငံအတွင်းသို့ Islamic State (အိုင်အက်စ်)အဖွဲ့ဝင် ၁၀ဦးဝင်ရောက်ပြီးနောက် အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံလုံခြုံရေးအတွက် ပြည်သူလူထုကပါ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်နေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် သူရဘိုနီက ဒီဇင်ဘာ ၅ရက်တွင် မဇ္ဈိမကိုပြောသည်။

" မြန်မာ-ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို အိမ်နီးချင်း ၅နိုင်ငံလုံးကနယ်စပ်တွေက အုတ်တံတိုင်း ကာထားတာမဟုတ်ဘူးလေ။ အဲဒီတော့နှစ်နိုင်ငံကသတင်းတွေကို နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ အင်တာပို၊ အာဆီယံပိုတို့ကနေ သတင်းဖလှယ်ဆက်စပ်တယ်။ ရဲ၊ တပ်မတော်လောက် နဲ့တော့လုံခြုံရေးရာနှုန်းပြည့် ရဖို့မလွယ်ဘူးလေ။ ပြည်သူပူးပေါင်းဖို့လိုတယ်။" ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံအတွင်းသို့ IS အဖွဲ့ဝင်များဝင်ရောက်မည်ဆိုသည့် သတင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လွန်ခဲ့သည့် ၈လ မှ တစ်နှစ်ကတည်းက နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)၊ အာဆီယံပို(အာဆီယံရဲတပ်ဖွဲ့) တို့မှသတင်း ရရှိထားပြီးဖြစ်သဖြင့် ယင်းနှင့်ဆက်စပ်သည့် မြန်မာနိုင်ငံလုံခြုံရေးအတွက်ကို ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ထားသည်ဟုလည်း သူရဘိုနီကပြောသည်။

"လွန်ခဲ့တဲ့ ၈လ၊ ၁နှစ်လောက်ကတည်းအဲဒီလိုသတင်းတွေရထားတာ၊ အဲဒီကတည်းကတော့ပြင်ထားတယ်။ အင်တာပို၊ အာဆင်နပိုတို့နဲ့ အဲဒီလိုအကြမ်းဖက်တွေဝင်တာ၊ အကြမ်းဖက်ရင်ဘယ်လိုလုပ်မလဲလို့ သတင်း ဖလှယ်ထားတာတွေ၊ အရေးကြီးလုပ်ရမယ့်ဟာတွေလုပ်ထားတာရှိတယ်။ ရဲတပ်ဖွဲ့ကြီးပဲလုပ်လို့မရတဲ့အရာ တွေကို၊ တပ်နဲ့လည်းပေါင်းပြီး အတူလုပ်ထားတာတွေလည်းရှိပါတယ်။ " ဟု ၎င်းကဆက်လက်ပြောကြားသည်။

အိုင်အက်ဟု ယူဆရသူဆီးရီးယားဆယ်ဦးသည် အောက်တိုဘာ ၁၅မှ ၃၁ အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ရုရှားထောက်လှမ်းရေးက သတိပေးခဲ့ကြောင်း ထိုင်းအထူးရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

မသင်္ကာသူလေးဦးသည် ပင်လယ်ကမ်းခြေရှိ ပတ္တယားမြို့သို့လည်းကောင်း အခြားသံသယရှိသူနှစ်ဦးမှာ ဖူးခက် သို့လည်းကောင်း၊ နောက်သံသယရှိသူနှစ်ဦးမှာ ဘန်ကောက်သို့အသီးသီးသွားရောက်ပြီး ကျန်နှစ်ဦး သွားရောက်သည့်နေရာကိုမူ မသိရသေးကြောင်း ထိုင်းအထူးတပ်ဖွဲ့က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်း တစ်ရပ်တွင် ဒီဇင်ဘာ၄ရက်နေ့ကဖော်ပြခဲ့သည်။

အိုင်အက်နှင့်ပက်သက်ပြီး မြန်မာနိုင်ငံလုံခြုံရေးအပေါ် ရဲဦးစီးအရာရှိချုပ်ဟောင်း ဦးဝင်းခေါင်က " ဒီအန္တရာယ်က ပြည်သူတစ်ရပ်လုံးအတွက်အန္တရာယ်ပဲ၊ နည်းမျိုးစုံနဲ့ အကြမ်းဖက်သမားတွေကဝင်နိုင်တယ်။ အယောင်ဆောင် ပြီးလည်းဝင်နိုင်တယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုး၊ ဘယ်နေရာ ပဲဖြစ်ဖြစ်၊ နယ်စပ်သာမကဘူး။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကော ဘယ်နေရာဖြစ်ဖြစ် ပြည်သူတွေသတိထားရမယ်။ သတင်းပေးတဲ့ကွန်ယက်စနစ်ကို ရဲနဲ့ပြည်သူကချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။" ဟု ဒီဇင်ဘာ ၅ရက်တွင် မဇ္ဈိမကိုပြောသည်။

၎င်းတာဝန်ထမ်းဆောင်စဉ်ကာလကမူ ထိုင်း၊ မြန်မာနိုင်ငံကဲ့သို့နိုင်ငံများသို့ အိုင်အက်စ်ဝင်ရောက်မည့် သတင်းများ ရရှိခဲ့ခြင်းမရှိသော်လည်း အိုင်အက်စ်အဖွဲ့ဝင်မဟုတ်သည့် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံအတွင်း ဝင်ရောက်ကာအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နိုင်သည့် သတင်းများကို မကြာခဏလက်ခံ ရရှိခဲ့သည်ဟုလည်း သူကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly