အသက် ၈၈ နှစ်ရှိပြီဖြစ်သော နာမကျန်းသည့် ဘုရင်ကြီးအတွက် ထိုင်းပြည်သူများက မွေးနေ့ပွဲကျင်းပ

အသက် ၈၈ နှစ်ရှိပြီဖြစ်သော နာမကျန်းသည့် ဘုရင်ကြီးအတွက် ထိုင်းပြည်သူများက မွေးနေ့ပွဲကျင်းပ

ဘန်ကောက်၊ ဒီဇင်ဘာ ၅ ။           ။ အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး နာမကျန်းဖြစ်နေသည့် ဘုရင်ကြီးဘူမိဘောလ်အဒူလျာဒက်အတွက် နိုင်ငံတစ်ဝန်းမှ သန်းပေါင်းများစွာသော ထိုင်းပြည်သူများသည် ဒီဇင်ဘာ ၅ ရက်နေ့က မွေးနေ့ပွဲကျင်းပပေးခဲ့ကြသည်။ ၁၉၄၆ ခုနှစ်ကတည်းက စိုးစံခဲ့သော ဘုရင်ကြီးမှာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဘုရင်ကြီးလည်းဖြစ်သည်။

ထိုင်းပြည်သူများသည် ဘုရင်ကြီး၏ ကျန်းမာရေးအတွက် ဆုတောင်းပေးရန် ဘုရားကျောင်းများ၊ မြို့တော်ခန်းမများတွင် စုဝေးခဲ့ကြသည်။ ဖစ်ချစ်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများသည် ဆေးရုံများအတွက် သွေးလှူခဲ့ကြသည်။

တောင်ပိုင်းရှိ ယာလာပြည်နယ်တွင် မိဘ၊ ဆရာနှင့် ကျောင်းသားများသည် နေအိမ်ရှိ သက်ကြီးရွယ်အိုများအတွက် စက်ဘီးများဖြင့် အစားအစာပေးပို့ကြသည်။ အပမ်းဖြေမြို့ကရာဘီရှိ ဒေသခံများကလည်း ကမ်းခြေမှ အမှိုက်သရိုက်များကို ရှင်းလင်းကြသည်။

ဘုရင်ဘူမိဘောလ် ယနေ့သက်ရှိထင်ရှား ထိုင်းလူမျိုးများ အသိရှိဆုံး တစ်ဦးတည်းသော ဘုရင်ဖြစ်သည်။ ၎င်းအား ကြည်ညိုကြသည်။ အများအပြားက ဘုရင်ကြီးတွင် မြင့်မြတ်သော တန်ခိုးစွမ်းအားများ ရှိနေသည်ဟုပင် မှတ်ယူကြသည်။

ထိုင်း၏ ယဉ်ကျေးမှုအမှတ်လက္ခဏာတစ်ခုအဖြစ် ယူဆခံသော ဘုရင်ကြီးသာ ထိန်းချုပ်ရန်ခက်သော၊ ရက်စက်သော ထိုင်းနိုင်ငံရေးလောကကို တည်ငြိမ်အောင်လုပ်နိုင်သူအဖြစ်လည်း ရှုမြင်ကြသည်။

သို့သော်လည်း ဘုရင်ကြီးမရှိတော့မည့် အနာဂါတ်အတွက်လည်း စိုးရိမ်မှုများကြီးစိုးနေသည်။ ဘုရင်ကြီးကား နာမကျန်းဖြစ်နေပြီး လွန်ခဲ့သည့် ခြောက်နှစ်တာကာလ၏ အချိန်အများစုမှာ သီရိရတ်ဂျ်ဆေးရုံကြီးမှာသာ နေနေရသည်။ ဘုရင်ကြီးအား စက်တင်ဘာလကသာ လူထုကြား နောက်ဆုံးတွေ့မြင်ခဲ့ကြရသည်။

ဒီဇင်ဘာ ၅ ရက်နေ့ နံနက်က ရာဂဏန်းနှင့်ချီသော ထိုင်းပြည်သူများသည် ဘုရင်ကြီး၏အရောင် အဝါရောင်ကို ဝတ်ဆင်လျက် ဆေးရုံတွင် စုဝေးခဲ့ကြပြီး ဘုရင်ကြီးအား ခဏတာမြင်နိုင်ရေးမျှော်လင့်ခဲ့ကြသည်။

လူအများအပြားမှာ နံနက်အရုဏ်တက်ကတည်းက ရောက်လာခဲ့ကြပြီး ဘုရင်ကြီး သို့မဟုတ် အိမ်ရှေ့မင်းသား သို့မဟုတ် တော်ဝင်မင်းသမီးများကို တွေ့မြင်နုတ်ဆက်နိုင်ရန် မျှော်လင့်ခဲ့ကြသည်။

တစ်ချို့က ညပိုင်းကတည်းက မြေပြင်တွင် စခန်းချစောင့်နေခဲ့သည်။ သို့သော်လည်း မျှော်လင့်ချက်များက မှေးမှိန်ခဲ့ရပြီး ဘုရင်ကြီးထွက်မလာတော့ဆိုသည့် သတင်းများပျံ့နှံ့ခဲ့တော့သည်။ တစ်ချို့မှာ နံနက် ၉ နာရီတွင် ဘုရင်ကြီးအတွက် ဘုန်းတော်ဘွဲ့သီချင်းကို မျက်ရည်လည်ရွဲဖြင့် သီဆိုခဲ့ကြပြီး ဘုရင်ကြီး၏ ကျန်းမာရေးအတွက် ဆုတောင်းခဲ့ကြသည်။

စာရင်းကိုင်များ၊ ဆရာမများနှင့် အိမ်ခြံမြေအကျိုးဆောင်တို့ပါဝင်သော အမျိုးသမီးငယ်ငါးဦးက ဘုရင်ကြီးမွေးနေ့အတွက် ယခုကဲ့သို့လာရောက်သည်မှာ စတုတ္ထမြောက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းတို့က ဆေးရုံသို့ ငေးစိုက်ကြည့်ကာ ဘုရင်ကြီးရှိနိုင်သည့် အခန်းကို အမျိုးမျိုးထင်ကြေးပေးကြသည်။ ဘုရင်ကြီး သို့မဟုတ် တော်ဝင်မျိုးနွယ်တစ်ဦးဦးကို လျပ်တပြက်မြင်ရဖို့အရေး တစ်မနက်လုံးစောင့်နေခဲ့ကြသည်ဟု ပြောသည်။

ညနေပိုင်းတွင် နန်းတော်ကြီး၏ဘေး ဘန်ကောက်မြို့ဟောင်းရှိ ကျယ်ပြန့်သည့် ဆာနမ်လူအန်ကွင်းပြင်တွင် ပွဲတော်များကျင်းပမည်ဖြစ်ပြီး မီးလုံးများ၊ ဖယောင်းတိုင်များထွန်းညှိကာ မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်သည်။ "ဆာနမ်လူအန်မှာ လူတွေအများကြီးလာကြမှာပါ။ ကျွန်မတို့ကတော့ အဲဒီကို သွားမှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့နှလုံးသားတွေက ဆေးရုံမှာ သူနဲ့အတူရှိနေမှာပါ"ဟု ဆေးရုံမှ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ အေမောန်သောင်ဆောင်ဆန်က စထရိတ်တိုင်းမ်သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly