ပျော်ရွှင်ချမ်းမြေ့ဖွယ် ကျိုက်ထီးရိုး ဘုရားဖူးခရီး

05 December 2015
ပျော်ရွှင်ချမ်းမြေ့ဖွယ် ကျိုက်ထီးရိုး ဘုရားဖူးခရီး

မြန်မာနိုင်ငံရဲ့ ခရီးသွားအစီစဉ်တွေထဲမှာ ဘုရားဖူးခရီးသွားအစီစဉ်ဟာ တခြား ထူးခြားဆန်းသစ်လှပတဲ့ သဘာဝဒေသ ခရီးစဉ်တွေနည်းတူ အရေးပါတဲ့ ခရီးစဉ် အမျိုးအစားဖြစ်ပါတယ်။ ဒီအထဲက ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ် အကြောင်း မိတ်ဆက်ပေးလိုပါတယ်။

ကျိုက်ထီးရိုးဘုရားဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက ပေါင်းလောင်းတောင်ကြောပေါ်မှာ ရှိပါတယ်။ ခရီးစဉ်အစက ိုပြောပါဆိုရင် ကျိုက်ထိုမြို့ တောင်ပေါ်ခရီး မော်တော်ယာဉ်စခန်းက စရပါလိမ့်မယ်။ ဒီနေရာက ကင်ပွန်းစခန်းလို့လည်း ခေါ်ပါတယ်။ ကားမောင်း ကျွမ်းကျင်တဲ့သူတွေ မောင်းပြီး အင်မတန် ကောင်းတဲ့ စက်အင်ဂျင်တပ် မော်တော်ယာဉ်များနဲ့ တောင်ပေါ်တက်ကြရမှာပါ။

ဒီနေရာကနေ ခရီးသည်လိုင်းကားနဲ့ တက်မယ်ဆိုရင် ကျိုက်ထီးရိုးဘုရားရင်ပြင်အနားကို ၄၅ မိနစ်ခန့်နဲ့ ရောက်တယ်လို့ သိရပါတယ်။ တောင်ပေါ်တက်မယ်ဆိုရင် ဘုရားကိုရောက်ဖို့ လမ်း နှစ်သွယ်ရှိပါတယ်။ တစ်လမ်းက ကားနဲ့တက်တဲ့ လမ်းဖြစ်ပြီး နောက်တစ်လမ်းကတော့ ခြေလျင်လမ်းခရီး ဖြစ်ပါတယ်။ ခရီးသည်တချို့က ကားနဲ့တက်ကြပြီး တချို့ကတော့ ခြေလျင်တက်ကြတာကို တွေ့ရပါတယ်။

မိုးအကုန်ဆောင်းဝင်စ ဖြစ်တာကတကြောင်း တောင်ခြေမြို့ကလေးတမြို့ ဖြစ်တာမို့လည်း ကျိုက်ထိုမြို့ ကလေးက အနည်းငယ်တော့ ချမ်းအေးစ ပြုနေတာတွေ့ရပါတယ်။ မြို့လည်တဝိုက်နဲ့ ကားဆိပ်မှာ ဘုရားဖူး ခရီးသည်တွေ စည်ကား နေတာကိုလည်း တွေ့ရပါတယ်။

တောင်ပေါ်တက်မယ့် ခရီးသည်တင်ကားပေါ်ကိုတက်တော့ အလုအယက်တက်ကြ နေရာဦးကြရပါတယ်။ ချော်မလဲ ချော်မကျအောင်လည်း ဂရုစိုက်ရပါတယ်။ ခရီးသည်အကန့်အသတ်နဲ့ စီးရတာဖြစ်လို့ နေရာရဖို့ အရေးကြီးပါတယ်။ ဒီလိုမှ အလုအယက် နေရာမဦးလို့ နောက်ကျနေမယ်ဆိုရင် နောက်ကားကို စောင့်စီးကြရမယ့် သဘောဖြစ်ပါတယ်။ ကျွန်တော်တ ို့စီးမယ့်ကားပေါ်မှာ ခုံတန်းတစ်တန်းကို လူခုနှစ်ယောက်စီးလို့ရပါတယ်။ ကားနောက်ခန်းက အမိုးအကာတော့မပါပါဘူး။

ကားခက ခရီးသည်တစ်ယောက် ၂၅၀၀ ကျပ်ပေးရပါတယ်။ ကားခေါင်းထဲမှာ စီးမယ်ဆိုရင်လည်း ရပါတယ်။ ကားခေါင်းကစီးမယ်ဆိုရင်တော့ ၃၀၀၀ ကျပ်ပေးစီးရပါတယ်။ ချက်ချင်းဆိုသလိုပဲ ခရီးသည် ၅၀ ကျော်ခန့်နဲ့ လူပြည့်သွားတာကိုကြည့်ပြီး ဒီမော်တော်ယာဉ်စီးပွားရေးဟာ တော်တော်လေးအကျိုးရှိတဲ့ စီးပွားရေးလို့ ပြောနိုင်မယ် ထင်ပါတယ်။

ကျိုက်ထီးရိုးဘုရား တောင်ပေါ်လမ်းခရီးဟာ ဟိုယခင် နှစ်နှစ်ဆယ်လောက်တုန်းက ဆိုရင် ခြေလျင် ခရီးသာဖြစ်ပြီး လမ်းမှာတစ်ညအိပ်ရတဲ့ ခရီးဖြစ်ပါတယ်။ အခုတော့ ကားလမ်းခရီးဖြစ်လာပြီဖြစ်တဲ့အပြင် လမ်းကလည်းကောင်းတော့ တစ်နာရီန ဲ့တောင်ပေါ်ရောက်အောင်သွားနိုင်တဲ့ ခရီးဖြစ်လို့ တော်တော်လေးကို အဆင်ပြေလှပါတယ်။ ကင်ပွန်းစခန်းကနေပြီး ဘုရားခြေရင်းအရောက် ခုနှစ်မိုင်ခွဲခန့်ခရီးဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်ပေါ်ဘုရားရဲ့အမြင့်ဟာ ပင်လယ်ရေပြင်အထက် ပေပေါင်း ၃၆၀၀ လောက်မြင့်ပါတယ်။

 

ကင်ပွန်းစခန်းက ကျွန်တော်တို့ကားထွက်လာ ပြီးပြီးချင်း သိပ်မကြာခင်မှာပဲ အရင်ဆုံး လူအရေအတွက် စစ်ဆေးတဲ့ ဂိတ်တစ်ခုကို ရောက်ပါတယ်။ ဒီဂိတ်က သတ်မှတ်ထားတဲ့လူဦးရေအရ ခရီးသည်အရေအတွက် စစ်ဆေးတဲ့ဂိတ်ဖြစ်ပါတယ်။ တောင်တက်လမ်းဖြစ်လို့ လမ်းခရီးအန္တရာယ် လုံခြုံရေးအတွက် တိတိကျကျ လိုက်နာကြတာကို တွေ့ရပါတယ်။ အဲဒီ ဂိတ်လွန်တော့ တောင်ပေါ်စတက်ပါတယ်။

လမ်းမှာ ရေမြောင်လေးစခန်းဆိုတဲ့နေရာမှာ ကျွန်တော်တို့ကား ခဏရပ်ပါတယ်။ တောင်ပေါ်က ဆင်းချလာနေတဲ့ကားကို စောင့်ပြီး လမ်းဖယ်ပေးတဲ့ သဘောပါပဲ။ ကားရပ်ထားတုန်း လမ်းခရီးပြုပြင်ရန် ဆိုပြီး ဖလားကိုင်ပြီးတက်လာတဲ့ လူတစ်ယောက်က အလှူခံပါသေးတယ်။

တောင်အထပ်ထပ်ကို ကျော်ဖြတ်လာပြီး သိပ်မကြာခင်မှာပဲ ဘုရားအနီးမှာ ရှိတဲ့ စခန်းကို ကျွန်တော်တို့ ကားက ရောက်လာပါတယ်။ ဘုရားကို ရောက်ပြီလို့ ပြောလို့ရပြီ။ ဒါပေမယ့်လည်း ဘုရားကုန်းတော်က နည်းနည်းလေး မြင့်တာမို့ အထမ်းသမားငှားဖို့ဖြစ်လာပါတယ်။ ကျွန်တော်တို့အဖွဲ့ပါလာတဲ့ပစ္စည်းတွေက ခြင်းတစ်ခြင်းထဲနဲ့ လုံလောက်ပါတယ်။ ရင်ပြင်တော်ပေါ်အရောက် ထမ်းခ ၄၅၀၀ ပေးရပါတယ်။

အထမ်းသမားတွေရဲ့ အခြေအနေကိုလည်း တီးခေါက်ကြည့်ပါသေးတယ်။ ဒီနှစ်က အထမ်းသမား အရေအတွက် များလွန်းလာတယ်လို့ သိရပါတယ်။ အထမ်းသမားအဖွဲ့ ၂ ဖွဲ့ရှိတာရယ် တစ်ဖွဲ့မှာ အထမ်းသမား ၃၀၀ ရှိလို့ စုစုပေါင်းအထမ်းသမား ၆၀၀ ရှိတယ်လို့ဆိုရမှာပါ။ ဒါကြောင့်မို့လည်း အထမ်း လုပ်ငန်းက ယခင်နှစ်တွေလောက်တော့ မကိုက်တော့ဘူးလို့သိရပါတယ်။

+++++++++++++++++

 

ရင်ပြင်တော်တဝိုက်မှာ ဘုရားဖူးခရီးသည်တွေ တော်တော်များပါတယ်။ ဒေသအသုံးအနှုန်း အရပြောရရင် ဆောင်းဝင်စ တောင်ဖွင့်စ ဖြစ်တာမို့ လူတွေ ပိုပြီးစည်ကားနေသလားလို့ တွေးမိပါသေးတယ်။ ခရီးသည် အသီးသီး ယုံကြည်ကိုးကွယ်မှုအဖုံဖုံနဲ့ ရောက်လာကြတာပါ။ ဥပမာ ကျိုက်ထီးရိုးကို သုံးခေါက်အထိ ဘုရားဖူးလာပြီးရင် ချမ်းသာကြွယ်ဝသူ ဖြစ်လာနိုင်တယ်ဆိုတာမျိုး ယုံကြည်ကြတာလည်း ရှိပါတယ်။

ရင်ပြင်တော်ပေါ်မှာ ရွှေသင်္ကန်းကပ်သူတွေ၊ သစ်သီး၊ ဆွမ်း၊ ပန်းကပ်သူတွေ ဥဒဟိုသွားလာနေကြပါတယ်။ ဒီအထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အလှူဒါနတစ်ခုက ခေါင်းလောင်းလေးတွေမှာ ကိုယ့်နာမည်ရေးထွင်းပြီး ကပ်လှူလို့ရတဲ့ ဒါနမျိုးဖြစ်ပါတယ်။ ခေါင်းလောင်းအမျိုုးအစား အကြီးအသေးအပေါ်မူတည်ပြီး ဈေးအမျိုး မျိုးနဲ့ ဝယ်ယူလှူဒါန်းကြရပါတယ်။

အခုတော့ ကျိုက်ထီးရိုးရင်ပြင်တော်နဲ့ တောင်ပေါ်ဒေသက အရင်နှစ်တွေကနဲ့ မတူပဲ ခေတ်စနစ်ရဲ့ တောင်းဆို မှုအရ အပြောင်းအလဲတွေတော့ ဖြစ်လာနေပါတယ်။ ပြောရရင်တော့ ဒီဘက်ခေတ် ကျိုက်ထီးရိုးက အပြောင်းအလဲတွေ များစွာနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို မြင်တွေ့နေရပါတယ်။ အဆောက်အဦးပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှုတွေကတော့ ကျိုက်ထီးရိုးရဲ့ ထင်သာမြင်သာအရှိဆုံး တိုးတက်မှုတွေတော့ ဖြစ်လာနေ ပါတယ်။

တစ်ဖက်မှာတော့ အခြေခံ အဆောက်အဦး တိုးတက်မှု အပိုင်း၊ လမ်းပန်းဆက်သွယ်ရေး အပိုင်းတွေ ဖွံ့ဖြိုး တိုးတက်လာသလိုပဲ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကလည်း ကျိုက်ထီးရိုး ဘုရားဖူးတွေ အတွက် ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေလည်း ဖြစ်နေပါတယ်။ တည်းခိုနေထိုင်ရေး အခက်အခ၊ဲ ရေအခက်အခဲ တွေက လက်ရှိအချိန်ထိ အဓိက အခက်အခဲတွေ ဖြစ်နေပါတယ်။

မနှစ်ကဆိုရင် ရေလုံး၀ မလောက်ဘူးလို့သိရတယ်။  ခုလည်း ဒီလလောက်အထိတော့ အဆင်ပြေ နေသေးတယ်။ ဒီ ဒီဇင်ဘာနောက်ပိုင်းဆိုရင် ရေဟာ အဆင်မပြေချင်တော့ဘူး။ အဓိက ကတော့ ရေပြဿနာ ပါပဲ။ ဒါကလည်း ဘုရားဖူး ဧည့်သည် အရေအတွက် တော်တော်များတာရယ်၊ တောင်ပေါ်ဒေသ ဖြစ်တာကြောင့် အခုလို ရေ ပြတ်လပ်တာပါပဲ။

ကျိုက်ထီးရိုးဘုရားပွဲကို အမှီပြုပြီးတော့ အရောင်းအဝယ်လုပ်ငန်းတွေ တိုးလာတာနဲ့ စီးပွားရေး ဆန်မှုတွေကိုလည်း ပိုပြီးတွေ့လာရပါတယ်။ ကျိုက်ထီးရိုးရဲ့ ဘုရားဖူးရာသီက သီတင်းကျွတ် လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့ အထိ ၇ လရှိပါတယ်။ အခုလိုအချိန် ရာသီ အဖွင့်မှာတောင်မှ တည်းခိုခန်း စရိတ်တေ၊ွ စားသောက်စရိတ်တွေဟာ ပိုပြီးတော့ ကြီးမြင့်လာတာ တွေ့ရပါတယ်။ ကျွန်တော်တို့ တည်းတဲ့ တည်းခိုခန်းမှာဆိုရင် နှစ်ယောက်ခန်း တစ်ခန်းကို တစ်သိန်းနှစ်သောင်း ပေးရပါတယ်။ ရေဆိုရင်လည်း ဝယ်သုံးရတဲ့ အခြေအနေမှာ ရှိတယ်။ အဲဒါတွေက ကျိုက်ထီးရိုးရဲ့ တဖြည်းဖြည်း စီးပွားရေး ဆန်လာတဲ့ အပိုင်းတွေ၊ ဈေးနှုန်းကြီးမြင့်လာတာတွေပါပဲ။

ဘုရားစောင်းတန်းပေါ်မှာ ထမင်းဆိုင် ၁၈ ဆိုင် ရှိပါတယ် ။ ဒီဆိုင်တန်းတွေ မီးမလောင်ခင်တုန်းကဆိုရင် ဝါးတဲလေးတွေ ဖြစ်ပါတယ်။ မီးလောင်ပြီးချိန်မှာတော့ တာဝန်ရှိသူတွေက ဒီလိုမျိုး ကွန်ကရစ် အဆောက် အဦးတွေ အဖြစ် တည်ဆောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထမင်းဆိုင် လေလံဈေးတွေက တစ်နှစ်ထက် တစ်နှစ် ကြီးမြင့်လာတယ်လို့ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

လေလံဈေးက တစ်နှစ်ကို တစ်ဆယ်ရာခိုင်နှုန်းဆိုတော့ နည်းတာမဟုတ်ဘူး၊ တက်လာတာလည်း တော်တော် များနေပြီ ဆိုတော့လေ အခန်းဈေးကလည်း ဒီပိတ်ရက်လေးတွေပဲ ရှာရတယ်။ ကြားရက်ဆိုရင်တော့ အလကားပဲ။ တနင်္လာကနေ သောကြာ ရက်အထိဆိုရင်တော့ ထမင်းစားအားပေး အလကားတည်းပေ့ါနော်။ ဒီရက်ကတော့ ညီမတို့ ရှာရတာပေါ့။ အဲဒီလေလံစရိတ် သိန်း ၈၀ ကို ဒီရက်မှာ ရှာရတယ်လို့ ရှင်းပြပါတယ်။

ဒီမှာက ဘုရားဘက်နဲ့ နီးလေလေ ဆိုင်ခန်းစရိတ်က ပိုကြီးမြင့်လေလေပါပဲ။ ခုဆိုရင် လက်ရှိဖြစ်နေတဲ့ လေလံဈေးက သိန်း ၁၀၀ ကျော်ရှိပါတယ်။ ဒီအတိုင်းဆိုရင် နောက်နှစ်တွေမှာလည်း ဈေးနှုန်းက ဆက်တက် နေဦးမှာပါပဲ။

ဆက်သွယ်ရေးတွေ တိုးတက်လာတော့ လူတိုင်းလိုလို မိုဘိုင်းဖုန်း တစ်လုံးကိုင်နိုင်မယ်လို့ မြင်ပါတယ်။ ဒီ ကျိုက်ထီးရိုး စေတီမှာတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာတဲ့ လူတိုင်းမှာ တစ်ဦးကိုတော့ ဖုန်း တစ်လုံးစီ ပါလာမယ်လို့ မြင်ပါတယ်။ တစ်ခုရှိတာက ဖုန်းအားသွင်းဖို့တော့ သူတို့မှာ အခက်အခဲ ရှိမယ်လို့ မြင်ပါတယ်။ အတော်များများက ရင်ပြင်မှာပဲ သူတို့တွေ တည်းခိုပြီးအိပ်စက်ကြတယ်။ တည်းခိုဖို့ စရိတ်ကြီးမြင့်တာကြောင့်လည်း တည်းခိုဆောင်တွေမှာ တည်းခိုမှာလည်း မဟုတ်ကြပါဘူး။

ပြီးတော့ တည်းခိုဆောင် အရေအတွက်ကလည်း ဘုရားဖူးအရေအတွက်နဲ့ စာရင် အရမ်းကို နည်းပါးတဲ့ အတွက်ကြောင့် အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဖုန်းအားသွင်းတဲ့ အချိန်ကျရင်  အခက်အခဲ ဖြစ်လာမယ်။ ထမင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ဖုန်းအားသွင်းဖို့ ကျတော့လည်း ထမင်းဆိုင်တွေက ခွင့်မပြုထားဘူးလို့ သိရတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ လူအရမ်းများတဲ့ အတွက်ကြောင့်မို့ ဖုန်းတွေအများကြီးသွင်းမယ်ဆိုရင် ဆိုင်တိုင်း ဆိုင်တိုင်းမှာ မီတာ ကုန်ကျစရိတ်တွေက ရှိလာမယ်ဆိုပြီးတော့ ပြောကြပါတယ် ။ အဲဒီတော့ ဒီဘက်ခေတ် နောက်ပိုင်းမှာက ဖုန်းအားသွင်းဖို့အတွက် ဖုန်းအားသွင်းတဲ့ ဆိုင်တွေကလည်း ကျိုက်ထီးရိုးမှာ ဈေးကွက် တစ်ခု အနေနဲ့ ပီပြင်လာတာကို တွေ့ရပါတယ်။ ဖုန်းတစ်လုံးကို အားပြည့်အောင်သွင်းမယ်ဆိုရင် ဘယ်ဖုန်းအမျိုးအစားကိုမဆို ငွေ ၅၀၀ ကျပ်ပေးရပါတယ်။ ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာက ဘက်ထရီ အားသွင်းတဲ့ ဆိုင်ပေါင်း ၁၆ ဆိုင်လောက် ရှိပါတယ်။

++++++++++++++++++

ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားကို လာရောက်ကြသူတိုင်းလိုလို သွားရောက်ကြလေ့ရှိတဲ့နေရာကတော့ ကျီးပါးစပ်လှိုဏ်ဂူဖြစ်ပါတယ်။ ကျီးပါးစပ်ကို သွားဖို့ဆိုရင် မုဆိုးတောင် ဘုရားလမ်းကနေ ဆင်းပြီးတော့ သွားရမှာပါ။ အဆင်းလမ်းတစ်လျောက်မှာတော့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ ရှိနေပါတယ်။ လာတဲ့လမ်းမှာဆိုရင် အမှတ်တရ ပစ္စည်းဆိုင်ပေါင်း ၄၀ လောက်ကို ဖြတ်သန်းပြီး လာခဲ့ရတာပါ။ ကျိုက်ထီးရိုးစေတီကနေ ကျီးပါးစပ် လှိုဏ်ဂူကို မိနစ် ၂၀ ကျော်လောက် အချိန်ယူပြီးတော့ လျှောက်ရမှာ ဖြစ်ပါတယ်။

ကျီးပါးစပ် လှိုဏ်ဂူရှိရာမှာ ပရိသတ်တွေ အများကြီး တွေ့ရတယ်။ အားလုံးက ကျီးပါးစပ်ထဲကို အကြွေစေ့တွေ ပစ်ထည့်ပြီး ဆုတောင်းတဲ့ အဓိဋ္ဌာန်တွေ အောင်မြင်ဖို့ဆိုပြီး ဆုတောင်းတာကို တွေ့ရပါတယ် ။ ဒီမှာက အကြွေစေ့ ငါးစေ့ကိုငွေကျပ် ငါးရာနဲ့ ရောင်းပါတယ်။ ဒါကတော့ ယုံကြည်မှုနဲ့ ဆက်နွယ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ အလေ့အထ တစ်ခုလို့လည်း  မြင်ပါတယ်။ ဘုရားဖူးတွေကို မေးကြည့်တဲ့ အချိန်မှာလည်း အဓိဋ္ဌာန်အောင်ဖို့ ဒီကျီးပါးစပ်ထဲကို အကြွေစေ့တွေ ပစ်တာလို့ ကျွန်တော့်ကို ပြောကြပါတယ်။

ကျီးပါးစပ်လှိုဏ်ဂူတော်ကိုလာတဲ့မုဆိုးတောင် ဘုရားလမ်းမှာ နောက်ထပ် ထူးထူးခြားခြားတွေ့ရတာကတော့ အမှတ်တရ ပစ္စည်းဆိုင်တွေ အပြင် ဒီဒေသမှာထွက်တဲ့ သစ်မြစ် သစ်ဥတွေကနေ ရရှိတဲ့ ဆေးမြစ်တွေ ရောင်းချတဲ့ ဈေးဆိုင်တွေပါပဲ။

ကျိုက်ထီးရိုး ရဲ့ မနက်ခင်းအချိန်ကို ကျော်လွန်လာပြီး ညဘက် အချိန်ရောက်လာတော့ တောင်ပေါ်လေတွေ တိုက်ခိုက်နေတဲ့ အထဲမှာပဲ ဘုရားဖူးဧည့်သည်တွေက ရင်ပြင် အပြည့်မှာ နားနေအိပ်စက်ဖို့ နေရာထိုင်ခင်း ပြင်နေကြပါပြီ။

ဒီနေ့မနက်ခင်း အချိန်ကနေ ညပိုင်းအထိ တောင်တက် ကားလမ်းတွေကနေ ရောက်လာကြတဲ့ ဘုရားဖူးဧည့်သည်တွေ အနေနဲ့ကတော့ ကျိုက်ထီးရိုး ရဲ့ညက လှပလို့ နေပါတယ်။ အကြိမ်ကြိမ် ကျိုက်ထီးရိုး စေတီတော်ကိုလာရောက်ဖူးမျှော်ဖူးတဲ့ ဘုရားဖူးတွေကို  တွေ့ဆုံမေးမြန်းတဲ့ အခါမှာ ခုခေတ်မှာ ကျိုက်ထီးရိုး စေတီတော်ရဲ့ အဆောက်အဦး ဖွံ့ဖြိုးမှု အပိုင်းက တိုးတက် ဖွံ့ဖြိုးမှုတွေ ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တစ်ချို့ဘုရားဖူးတွေကတော့ လူတန်းစားအားလုံးကို အခြေခံပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ အပိုင်းမှာ အားနည်း ချက်တွေ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

ကျိုက်ထီးရိုးဘုရားဆိုတာ ကျောက်စွန်းတစ်ခုပေါ်မှာ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခု ဆန်းကျယ် အံ့သြဖွယ်တင်နေပြီး အဲဒီ တင်နေတဲ့ ကျောက်တုံးကြီးပေါ်မှာမှ စေတီတစ်ဆူ တည်ထား ကိုးကွယ်ထားတဲ့ နေရာဖြစ်ပါတယ်။ ပေါင်းလောင်း တောင်ကြောပေါ်မှာရှိပြီး လှပပြန့်ပြောတဲ့ အပေါ်စီးမြင်ကွင်းတွေ၊ လှည့်ပတ် သွားလာ ကြည့်ရှုဖူးမျှော်စရာ ဘုရားစေတီတွေ၊ ဈေးဆိုင်တွေ၊ တည်းခိုခန်းတွေနဲ့ စည်ကား သိုက်မြိုက်လွန်းလို့ မည်သူမဆို နှစ်စဉ်သွားရောက် ကုသိုလ်ယူသင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags