နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၁ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၁ ဇွန် ၂၀၂၁)
(Photo : : AFP - ဇွန်လ ၁၁ ရက် ၊ မန္တလေးမြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ရွှေပြည်သာမြို့နယ်တွင် စစ်အုပ်စုလက်အောက်ခံ ကျန်းမာရေးဌာနက ကွာရတင်းစင်တာများ ပြန်လည်ပြင်ဆင်လျက်ရှိသည်။ 

• ရွှေပြည်သာမြို့နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• ဗိုလ်တထောင်မြို့နယ်တွင် အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကလည်း ယနေ့ နေ့လယ်ပိုင်းက ပြောက်ကျားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်အုပ်စုဘက်က ဖမ်းဆီးထိန်းသိမ်းထားသည့် အနုပညာရှင်အသိုင်းအဝိုင်းအတွင်း၌ CRPH နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ခံဝန်လက်မှတ်ထိုးခိုင်းမှုများ ပြုလုပ်နေကာ လက်မှတ်ထိုး သူအချို့လည်း ရှိနေသည်ဟု သိရသည်။ 

• စစ်အုပ်စုက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုကာ မေလ ၂၃ ရက်က ဖမ်းဆီးထားသည့် အဆိုတော် အေသင်ချိုဆွေကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• ရန်ကုန်တိုင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ CDM လုပ်နေသည့် ဝန်ထမ်း ၄၅ ဦးအား စစ်အုပ်စုက အလုပ်က အပြီးထုတ်ပယ်လိုက်သည်။ 

• ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦး ပုန်းအောင်နေသည်ဟု ဆိုကာ စစ်အုပ်စုလက်နက်ကိုင်များက သာကေတမြို့နယ် ကမာကြည်တံတားနှင့် ဂျပန်တံတားတို့အား နံနက် ၁၁ နာရီကျော်မှ ၁၂ နာရီကျော်အထိ နေရာယူပိတ်ဆို့ကာ တံတားအောက် ကမ်းစပ်အနီးရှိ နေအိမ်အချို့ကိုလည်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ 

• မှော်ဘီမြို့နယ်၊ အမှတ် (၃) လုံခြုံရေးတပ်ဖွဲ့ခွဲ (ရွှေမြသာ) မှ ရဲတပ်သား ချစ်ကိုကိုထွေးမှာ စစ်အုပ်စုလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့်အတွက် CDM ပြုလုပ်လာပြီ ဖြစ်သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်းကျောင်းသားစုပေါင်းသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံ၊ အ.ထ.က (၂၄) ကျောင်းသား သမဂ္ဂ၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူ သပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း မြို့ပေါ်ရပ်ကွက်များတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် ဘုရားကြီး၊ သမဝါယမတက္ကသိုလ်၊ စက်မှုလူငယ်၊ စိန်ပန်း၊ တမ္ပဝတီ၊ အ.ထ.က (၂၄) ကျောင်းသားသမဂ္ဂနှင့် မန္တလာတက္ကသိုလ်ကျောင်းသား/သူများ သပိတ်စစ်ကြောင်းတို့ ပါဝင်သည်။

• မန်း အောင်ပင်လယ်ပင်မသပိတ်စစ်ကြောင်းကလည်း မြို့တွင်းအဓိကလမ်းမကြီးများဖြစ်သည့် ၆၇ နှင့် ၁၀၇ လမ်းများကြီး ပေါ်ထိတက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြတောင်သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုတပ်စွဲထားသည့် ကျုံးဘေး၊ အမျိုးသားကဇာတ်ရုံအနီး၌ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းကလည်း မနော်ရမံအားကစားကွင်းရှေ့တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• မန်း ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ လုံခြုံရေးတင်းကြပ်ထားသော ကညန (မန္တလေးတိုင်းရုံး) ရုံးရှေ့တွင် နေ့လယ် ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ လူတစ်ဦး ခြေထောက်၌ ဒဏ်ရာရရှိခဲ့ကာ ဆိုင်ကယ်အချို့ ပျက်စီးခဲ့သည်။ ပြီးခဲ့သည့် မေလ ၁၀ ရက်ကလည်း အဆိုပါရုံးအနီး ပေါက်ကွဲမှုဖြစ်ခဲ့သေးရာ လေးဦးဒဏ်ရာရရှိခဲ့ဖူးသည်။ 

• မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် စစ်အုပ်စုဘက်က ရဲစခန်းရှေ့ရဲစခန်းပေါ်အထိ တက်ကာ ဘန်ကာများ ဆောက်လုပ်ထားကာ လုံခြုံရေးအစီအမံများ တိုးမြှင့်လျက်ရှိသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မန်းမြို့ခံတစ်ဦး က ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ 

• မြင်းခြံမြို့ ဂင့်ဂဲရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ကားသေး သုံးစီး၊ ကားကြီး တစ်စီးဖြင့် အင်အားအပြည့် တင်ဆောင်ကာ မြို့နယ်ပညာရေးမှူးနှင့်အတူ ရွာအတွင်း ရောက်ရှိနေကြောင်း သိရသည်။ ထို့ပြင် အဆိုပါစစ်အုပ်စုယာဉ်တန်းမှာ နေ့လယ် ၂ နာရီခန့်က ဂျုပ္ပင်ကျေးရွာသို့ ရောက်ရှိလာကာ ကျောင်းပြန်ဖွင့်ရန် ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

• မြင်းခြံမြို့တွင် စစ်အုပ်စုလက်နက်ကိုင်များက ဒေသခံများ စီးနင်းသည့် ဆိုင်ကယ်များကို စစ်ဆေးလေ့ရှိသည့် ဒဏ္ဍာရီလမ်း ထောင့်အနီး အမှတ် (၁၉) ရပ်ကွက်ရုံးအနီးတွင် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့ ရွှေတံခါးရပ်ကွက်တွင် တပ်ထောက်ခံသူ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ဇွန်လ ၉ ရက်ညပိုင်းက လုပ်ကြံခံရပြီးနောက် ရပ်ကွက်တွင်းရှိ ပြည်သူ ၄၀ ခန့်အား သံသယရှိသည်ဟုဆိုကာ စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ သေဆုံးခဲ့သူ ကိုဝ ဆိုသူမှာ ရွှေတံခါးစျေးအနီးတွင် လေသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရခြင်း ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• အရာတော်မြို့နယ် စပါးတွင်းရွာ နေအိမ်တစ်လုံးတွင် ဇွန်လ ၉ ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ဆက်စပ်၍ သံသယရှိသည်ဟုဆိုကာ ဒေသခံနှစ်ဦးအား ဆိတ်ဖူးကျေးရွာနှင့် စပါးတွင်းကျေးရွာနေ စစ်အုပ်စု ထောက်ခံသူများနှင့် ကြံ့ခိုင်ရေးပါတီ ဝင်များက ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးကာ အရာတော်မြို့ ရဲစခန်းသို့ အပ်နှံမှု ဖြစ်ပွားခဲ့သည်။ 

• မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အ.ထ.က (၅) ကျောင်းတွင် ယမန်နေ့ည ၈ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းဆောင်တစ်ဆောင် မီးလောင်ပျက်စီးခဲ့သည်။ 

• ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းရွာတွင် ယမန်နေ့က ကျေးရွာသပိတ်ခေါင်းဆောင် ဦးဟန်ထွန်း (အုပ်ချုပ်ရေးမှူးဟောင်း)၊ ကိုယ်ပိုင်ကျေောင်း ကျောင်းအုပ် ဦးမြင့်ဇော်နှင့် လူငယ်တစ်ဦးမှာ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်အုပ်စုလက်နက်ကိုင်များ က သေနတ်ပစ်ဖောက်ကာ ဝင်ရောက်ဖမ်းဆီးသွားသည်။ 

• ကလေးမြို့အခြေစိုက် ခလရ - ၂၂၈ မှ ဒုအရာခံဗိုလ် ဦးလှောန်ခုပ် (ကိုယ်ပိုင်အမှတ် ၆၂၉၄၈၁) မှာ တပ်နှင့် တပ်ဖွဲ့ပိုင် ပစ္စည်းများ ယူဆောင်သွားခြင်းမရှိဘဲ ပြည်သူ့ဘက်က ရပ်တည်က CDM ပြုလုပ်လျက်ရှိသည်။

• ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းလည်း ကျေးရွာများအတွင်း နေ့စဉ်မပျက် လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဘုတလင်မြို့နယ်၊ ရှမ်းတဲရွာ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရွာများ တွင်းလှည့်လည်၍ ကြွေးကြော်ဆန္ဒပြခဲ့သည်။ 

• မင်းကင်းမြို့နယ်၊ မြို့မရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်ရှာဖွေစီးနင်းမှုများ လုပ် ဆောင်သည့်အတွက် ရပ်ကွက်နေ ပြည်သူအချို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မင်းကင်း ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးမောင်မြင့်နှင့် ဆက်စပ်သူ ဦးစောအောင်ဆိုသူ နေအိမ်နှင့် ကား၊ ဆိုင်ကယ်များအား အမည်မသိရသေးသည့် အဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယခုကဲ့သို့ ဝင်ရောက်စီးနင်းရှာဖွေခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။ 

• ကလေးမြို့ဒေသခံများကလည်း ယနေ့ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ကြိုဆိုကြောင်း ဆိုင်းဘုတ်ကြီးများ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

• တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁) ရပ်ကွက်၊ နှင်းဆီလမ်းနေ ကိုယ်ပိုင်ဓာတ်ပုံဆိုင်ဖွင့်ထားသူ ကိုမျိုးဝင်းအောင်ဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ည ၇ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားသည်။ 

• ရေနံချောင်းမြို့နယ်၊ နဂါးကုန်းရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား မောင်ချစ်သဲ (ခ) ချစ်ကိုဝင်းမှာ ယမန်နေ့ည ၈ နာရီကျော်ခန့်က ဆိုင်ကယ်ဖြင့် ရေနံချောင်း GTI ကျောင်းရှေ့မှ ဖြတ်သန်းစဉ် စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်သဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ 

• မကွေးတိုင်းပညာရေးမှူးရုံးအနီးတွင် နံနက် ၇ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ပေ။ 

• နတ်မောက်မြို့နယ်နေ လူငယ်များကလည်း စစ်အာဏာရှင် ကျဆုံးပါစေဟု လက်များတွင် ရေးသားကာ ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်၊ ညောပြင်ကျေးရွာနေ ပြည်သူများမှာ မိုးရွာသွန်းနေသည့်ကြားကပင် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ လောင်းလုံမြို့နယ်၊ မြခါးပိတ်ကျေးရွာနေ ပြည် သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု ဒေသခံများကလည်း အင်အား ရာနှင့်ချီ ပါဝင်သည့် ဆိုင်ကယ်သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း မိုးရွာသွန်းသည့်ကြားကပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်ကာ မြို့တွင်းလှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ ထားဝယ်မြို့ခံတချို့ကလည်း အမျိုးသမီးဝတ် ထမီများပေါ်တွင် စစ်အုပ်စုခေါင်းဆောင်ပုံများ ကပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ထမီသပိတ် ပြုလုပ်ခဲ့သည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ငသိုင်းချောင်းမြို့နယ် ထွေအုပ်ရုံးအပါအဝင် နေရာသုံးခုတွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲခဲ့ သည့်နေရာများမှာ ထွေအုပ်ရုံး၊ ဆေးရုံးကြီးအနီးနှင့် A bank ရုံးရှေ့တို့တွင် ဖြစ်သည်။ 

• မအူပင်မြို့၊ ကမ်းနားလမ်းရှိ မီးသတ်စခန်းတွင် ယမန်နေ့ညပိုင်းက အစောင့်တာဝန်ကျသည် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် စစ်သားတစ်ဦး စကားများရာမှ စစ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင် ခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့သည်။ 

• ပုသိမ်မြို့၊ (၁၃) ရပ်ကွက်ရှိ ဟွာပိုတိုင်းမ် အထည်ချုပ်စက်ရုံတွင် နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ စစ်အုပ်စုလက်နက်ကိုင်များ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• ဖျာပုံမြို့နယ်၊ (၁၂) ရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းရှိ ရွှေရတု အရာရှိရိပ်သာတွင် နံနက် ၁၁ နာရီကျော်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ စစ်ဆေး မှုများ ပြုလုပ်ခဲ့သည်။ 

• မြောင်းမြမြို့နယ်တွင် စစ်အုပ်စုဒေါက်တိုင် မြို့နယ်ထွေအုပ်ရုံးက ခိုင်းစေသည်ဟုဆိုကာ စစ်အုပ်စုခန့် ရပ်ကွက်နှင့် ကျေးရွာအုပ် ချုပ်ရေးမှူးများက ကျောင်းမတက်ရောက်သည့် ကလေးများအမည်စာရင်းအား လိုက်လံကောက်ယူလျက်ရှိသည်။

ကချင်ပြည်နယ်

• ဝိုင်းမော်မြို့နယ်၊ ဆဒုံးအကျော် ၁၃ မိုင်ခန့်တွင် အင်အား ၄၀ ခန့်ရှိ ခလရ (၅၈) မှ စစ်အုပ်စုလက်နက်ကိုင်များနှင့် KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) မှ တပ်ဖွဲ့များအကြား နံနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

• KIA တပ်မဟာ (၂) လက်အောက်ရှိ အမှတ် (၁၄) လက်နက်ကိုင်တပ်ရင်းက မြစ်ကြီးနား-တနိုင်း လီဒိုလမ်းတစ်လျှောက် လီဒိုလမ်းမ၏ အခြားနေရာများသို့ သွားလာ၍ ရသည့် လမ်းကြောများတစ်လျှောက် ည ၇ နာရီမှ ၁၁ နာရီအထိ သွားလာခြင်း မပြုလုပ်ရန်နှင့် အိမ်စီးနှင့် ခရီးသည်တင်ကားများ၊ ရေယာဉ်များအနေဖြင့်လည်း စစ်အုပ်စုအတွက် လက်နက်ခဲယမ်း၊ ရိက္ခာ သယ်ပေးခြင်းများ၊ တပ်သားပို့ဆောင်ခြင်းများ မပြုလုပ်ရန် ယနေ့ နေ့စွဲဖြင့် သတိပေးထားသည်။ 

• ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ဝါရာဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ရွာနေ ယုဇနကုမ္ပဏီအား KIA က တိုက်ခိုက်ပြီးနောက် ကျန်ရှိခဲ့သည့် လယ်ယာနှင့် စက်ပစ္စည်းများအား အနီးအနားရှိ ကျေးရွာနေ ပြည်သူများက သိမ်းယူနေသည့်အတွက် မပြုလုပ်ကြ ရန်နှင့် ယင်းကုမ္ပဏီမှ ဝန်ထမ်းများအား နေအိမ်များတွင် လက်မခံထားကြရန် KIA က ထုတ်ပြန်ထာပြီး မလိုက်နာပါက ပြင်းထန်စွာ အရေးယူမည်ဟု ကြေညာထားသည်။ စစ်အုပ်စု အာဏာသိမ်းပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ယုဇန ကုမ္ပဏီအား KIA က နှစ်ကြိမ်တိတိ တိုက်ခိုက်ထားသည်။ 

• မိုးမောက်မြို့နယ်၊ နွမ်လန့်ကျေးရွာ စာသင်ကျောင်းရှိ ထိုင်ခုံများအား ယနေ့နံနက် ၈ နဦရီခွဲခန့်က နွမ်လန့်အခြေစိုက် ခမရ – ၄၃၈ တပ်ရင်းမှ စစ်ကားတစ်စီးအပြည့် တင်ကာ တပ်တွင်းသို့ ယူဆောင်သွားသည်။ 

• ဖားကန့်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းကလည်း မြို့တွင်းရပ်ကွက်များ၌ လှည့်လည်ကာ စစ်အာဏာ ရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း အနီရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ ဆိုင်းတောင် (ဆိပ်မူ) ရွာနေ ဒေသခံများလည်း ဆိုင်ကယ်သပိတ် ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

• မိုးကောင်းမြို့နေ ပြည်သူများကလည်း မိုးရွာသွန်းနေသည့်ကြားကပင် "NUG အစိုးရကိုသာ လက်ခံကြောင်း" ဆိုင်းဘုတ်ကြီးများ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကယားပြည်နယ်

• ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ လွယ်ယင်းတောင်ခြေကျးရွာရှိ စစ်ဘေးရှောင်များအတွက် စုဆောင်းထားသည့် ဆန်အိတ် ၈၀ ခန့်ကို စစ်အုပ်စုလက်နက်ကိုင်များက ဇွန်လ ၉ ရက် ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဆန်နှင့် ဆေးဝါးများ တင်ဆောင်လာသည့် နာရေးကူညီမှုကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ 

ကရင်ပြည်နယ်

• ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်နှင့် ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသည့် လူငယ်များအတွက် အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေနှစ်ဦးအား မြဝတီ အမှတ် (၁) ဂိတ်တွင် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့က ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။ 

• ဘားအံမြို့တွင် ယနေ့နံနက်ပိုင်းက နေရာခုနစ်နေရာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ မပေါက်ကွဲသေးသည့် ဗုံးများလည်း ထပ်မံတွေ့ရှိခဲ့သည်။ ပေါက်ကွဲခဲ့သည့်နေရာများမှာ ဇွဲကပင်ကုန်း၊ ကံကော်လမ်းအနီး ဘားအံ-လှိုင်းဘွဲ့သွား လမ်းဆုံရှိ ယာဉ်ထိန်းရဲရုံး၊ အမှတ် (၇) နှင့် (၈) ရပ်ကွက်ရုံးအနီး၊ ကညနရုံးနှင့် အ.ထ.က (၃) ကျောင်းအနီးတို့တွင် ဖြစ်သည်။ ပေါက်ကွဲမှုများအ ပြီးတွင် စစ်အုပ်စုလက်နက်ကိုင်များက မြို့အဝင်အထွက်နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် အိမ်စီးကားများအား တားဆီးစစ် ဆေးမှုများ ပြုလုပ်ကာ လုံခြုံရေးတင်းကြပ်ထားလျက် ရှိသည်။ 

• ဘားအံတွင် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်တွင် ဖမ်းဆီးခံခဲ့ ရသည့် ဒေသခံများအနက် ၃၆ ဦးကို စစ်အုပ်စုလက်အောက်ခံတရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်သည်။ 

ချင်းပြည်နယ်

• ထန်တလန်မြို့၊ ခွဟရိန်းတောင်ကြားတွင် စစ်အုပ်စုလက်နက်ကိုင်များနှင့် ဒေသခံ Chinland Defense Force တို့ ယမန်နေ့ နံနက် ၁၀ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် ၁၇ ဦး သေဆုံးခဲ့ကာ မိမိတို့ဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်း CDF ထန်တလန်က ထုတ်ပြန်ထားသည်။ ယနေ့တွင်လည်း စစ်အုပ်စုဘက်က အင်အား ၁၀၀ ခန့် ထပ်မံတိုးမြှင့်က တိုက်ခိုက်မှုများ ပြုလုပ်နေသေးသည့်အတွက် ဒေသခံပြည်သူ ၆၀၀ ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

• ဟားခါးနှင့် ဂန့်ဂေါမြို့အကြားတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က ဒေသခံ CDF များနှင့် စစ်အုပ်စုအကြား အပြန်အလှန် ပစ် ခတ်မှုများ ရှိခဲ့ပြီး စစ်အုပ်စုဘက်က ၁၀ ဦး သေဆုံးခဲ့ကြောင်း CDF ဗဟိုက ထုတ်ပြန်ထားပြီး စစ်အုပ်စု ဖမ်းဆီးထားသည့် ချင်းပြည်သူအားလုံးအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ပြည်နယ်အနှံ့တွင် တိုက်ပွဲများ ပြင်းပြင်းထန် ထန် ဆက်လုပ်ဦးမည် ဖြစ်ကြောင်းလည်း ကြေညာထားသည်။ 

• စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မင်းတပ်မြို့နယ်တွင်းရှိ ရှစ်မွှေးရွာတွင် မြို့ပေါ်က စစ်ဘေးရှောင်လာသည့် ဒေသခံပြည်သူ အနည်းဆုံး ခုနစ်ဦးခန့်ကို စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးထားသည်။ 

• ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ဗန်လာလ်လိန်မှာ စစ်အာဏာရှင်လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့်အတွက် ဇွန်လ ၁၀ ရက်မှစ၍ CDM ပြုလုပ်လာပြီ ဖြစ်သည်။ 

• မင်းတပ်မြို့၊ ဝမ္မတူးရွာ စစ်ရှောင်စခန်းနေရာတွင် စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်တပ်စွဲလိုက်သည့်အတွက် စခန်း နေပြည်သူများမှာ အခြားရွာများသို့ တိမ်းရှောင်နေရကာ အဆိုပါ ရွာများမှာလည်း အကန့်အသတ်ဖြင့်သာ လက်ခံနိုင်နေသည့်အတွက် နေစရာအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။ မင်းတပ်နှင့် အနီးရှိ ကျေးရွာ ၈၀ ကျော်တွင် စစ်ရှောင်စခန်း ၁၂ ခု ခန့် ရှိပြီး တိမ်းရှောင်နေရသူ ၁၀၀၀၀ ကျော်ရှိသည်။ 

မွန်ပြည်နယ်

• “အာဏာရှင်စနစ် ကျဆုံးပါစေ"၊ "ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပေါင်မြို့နယ်နေ လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေးမြို့နယ်၊ ကိုးမိုင် အလယ်တန်းကျောင်းတွင် ယနေ့နေ့လယ် ၁၂ နာရီခန့်က ကျောင်းသားမိဘများ ကျောင်းလာကြိုရန် ရောက်ရှိနေချိန်တွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှု တစုံတရာမရှိသော်လည်း ရေးမြိုနယ် ကျောင်းသားသမဂ္ဂက စာသင်ကျောင်းများအား ဗုံးခွဲသည့်လုပ်ရပ်ကို လုပ်ဆောင်မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ 

• မော်လမြိုင်မြို့၊ အောင်ဇေယျာမြိုင်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မေလ ၁၁ ရက် ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက အင်အားအများအပြားသုံးကာ ဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရသည့် တက္ကသိုလ်နှင့် နည်းပညာအထက်တန်းကျောင်းမှ ကျောင်း သား/သူ ရှစ်ဦးအား ယနေ့ နံနက်ပိုင်းတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကာ ၎င်းတို့အား ကျိုက်မရောအကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဖမ်းဆီးခံခဲ့ရသူများမှာ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားနှစ်ဦးနှင့် အဝေးသင် တစ်ဦး၊ မော်လမြိုင် အစိုးရစက်မှုလက်မှုသိပ္ပံမှ ငါးဦးတို့ ဖြစ်သည်။ 

• မော်လမြိုင်မြို့ခံ လူငယ်များကလည်း ဇွန်လ ၁၂ နှင့် ၁၃ ရက်တွင် ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ကို ကြိုဆိုကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရှမ်းပြည်နယ်

• လားရှိုးမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများအားလုံး CDM ပြုလုပ်ကာ အလုပ်ရပ်နားရန် ကချင်လွတ် မြောက်ရေးတပ်မတော် - KIA ဘက် ညွှန်ကြားစာ ထုတ်ထားသည်ဟု သိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• လောက်ကိုင်မြို့တွင် CDM ပြုလုပ်မှုကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသည့် ပညာရေးဝန်ထမ်း ၉၈ ဦးအနက် ၈၅ ဦးအား တာဝန်မှ အပြီးထုတ်ပယ်လိုက်သည်။ 

• ကျောက်မဲမြို့ မြို့ခံအချို့ကလည်း ကြက်ခြေခတ်ထားသည့် စစ်အုပ်စုခေါင်းဆောင် ဓာတ်ပုံများအား လမ်းများထက် ကြဲဖြန့်ခဲ့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• နမ့်ခမ်းမြို့မစျေးတွင် ယနေ့နံနက်ပိုင်းက "ကြားနေလူတန်းစားများလာရင် နိုင်ငံတိုးတက်မှုမရှိနိုင်ဘူး" အပါအဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စက္ကူဆိုင်းဘုတ်များအား လူငယ်များက ချိတ်ဆွဲထားခဲ့သည်။ 

• တအောင်း (ပလောင်) ဒေသတွင် CDM မပြုလုပ်သည့် ဝန်ထမ်းများအနေဖြင့် မိမိဇာတိသို့ ပြန်ကြရန်နှင့် လုံခြုံရေးအရ တစုံ တရာဖြစ်လာပါက မိမိတို့လက်ချက်မဟုတ်ကြောင်း တအောင်း (ပလောင်) ကြားကာလ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ နေ့စွဲဖြင့် ကြေညာထားသည်။ 

ရခိုင်ပြည်နယ်

• ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားလိုပြ နောက်ဆုံးသက်သေကို ယနေ့စစ်ဆေးခဲ့ကာ ဇွန်လ ၂၅ ရက် နောက်ရုံးချိန်းတွင် စွဲချက်တင်မည်ဟု သိရသည်။ ဦးညီပုအား ဂွမြို့ရှိ ၎င်း၏ နေအိမ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ဖမ်းဆီးခဲ့ကာ စစ်တွေမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ 

နေပြည်တော်

• ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ပုဒ်မဖြင့် တရားစွဲဆိုထားသည့် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဟေမန်ကျေးရွာနေ ညီညီ ဆိုသူအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းငယ် ထိခိုက်ခဲ့သည်ဟု သိရသည်။ ညီညီဆိုသူမှာ မေလအတွင်းကလည်း ဗုံးနှင့်တစ်ကြိမ်၊ သေနတ်ဖြင့်တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရဖူးကာ လက်ရှိတွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိနယ်မြေရဲစခန်းတွင် လုံခြုံရေးပေးထားသည်။ 

• ပြင်သစ်အထက်လွှတ်တော်အမတ် ၁၅၅ ဦးက NUG အား အစိုးရအဖြစ် အသိအမှတ်ပြုရန်အတွက် လွှတ်တော်အား လက် မှတ်ရေးထိုး တောင်းဆိုထားသည်။ 

• ဂျပန်နိုင်ငံ အထက်လွှတ်တော်က စစ်အုပ်စု ရှုံချကြောင်းနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် အမြန်ဆုံး ပြန်လည်ပေါ်ပေါက်ရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်အဆိုအား လွှတ်တော်အမတ်များက ထောက်ခံအတည်ပြုလိုက်သည်။

• စစ်အုပ်စုဘက်က အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်သည့် အရပ်သား ၆၀၀ ကျော်ကို ဖမ်းဆီးထားကာ လက်နက်မျိုးစုံအပြင် လက်လုပ်မိုင်းနှင့် လက်လုပ်ဗုံး ၅၉၄၇ လုံး ဖမ်းဆီးမိခဲ့သည်ဟု ၎င်းအာဘော်များ ထုတ်လွှင့်သည့် မြဝတီရုပ်သံမှတစ် ဆင့် ကြေညာထုတ်လွှင့်ထားသည်။ 

• စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအား ဖမ်းဆီးကာ စစ်ကြောရေးပို့ နှိပ်စက်မှုများကြောင့် သေဆုံးခဲ့သူ ၂၂ ဦးအထိ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ယနေ့ ထုတ်ပြန်ထားသည်။ ဇွန်လ ၁၀ ရက်အထိ AAPP ၏ စာရင်းများအရ စစ်အုပ်စုက လူသေသည်အထိ ပစ်ခတ်နှိမ်နင်းမှုကြောင့် ပြည်သူ ၈၆၀ ဦး သေဆုံးခဲ့ကာ ဖမ်းဆီးခံခဲ့ရသူ ၅၉၆၅ ဦး၊ ချုပ်နှောင်ထိန်းသိမ်းခံထားရသူ ၄၈၀၄ ဦးနှင့် ဝရမ်းထုတ်ခံထားရသူ ၁၉၃၆ ဦး ရှိသည်။ 

• စစ်အုပ်စုဘက်က ကျပ်သန်းပေါင်း ငါးသိန်းဖိုး တန်ဖိုးရှိ ငွေတိုက်စာချုပ်များအား ဇွန်လ ၁၅ ရက်တွင် လေလံစနစ်ဖြင့် ရောင်းချရန် ပြင်ဆင်နေပြီး ငွေတိုက်စာချုပ်အတွက် အတိုးနှုန်း (တစ်နှစ်) ကို ၇.၂၅ မှ ၇.၅၀ အထိ ပေးမည်ဟု ကြေညာထားသည်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်းကလည်း ယခုကဲ့သို့ ငွေတိုက်စာချုပ်ရောင်းချရန် ပထမတစ်ကြိမ် ကြိုး စားခဲ့ဖူးသည်။ 

ဇွန် ၁၁ သုံးသပ်ချက်

• ရန်ကုန်တွင် ပြောက်ကျားသပိတ်များ ရှိနေဆဲဖြစ်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အင်အားသုံး ပိုက်စိတ်တိုက် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ပြောက်ကျားသပိတ်များသာ ရှိနေသည့်အတွက် စစ်အုပ်စုဘက်က အင်အားသုံး ဖြိုခွင်းမှုများ မလုပ်ရသည့်အတွက် မြို့အနှံ့ လှည့်ကင်းပုံစံဖြင့် လုံခြုံရေးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လျက် ရှိသည်။ မြို့ပေါ်ရပ်ကွက်များတွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများ မကြာခဏ တိုက်ခိုက်ခံရမှုများ ရှိနေပြီး ရပ်ကွက်များအ တွင်း ကင်းလှည့်မှုများကိုလည်း ညပိုင်းများ၌ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုသပိတ်များ အားကောင်းနေဆဲ ဖြစ်ကာ စစ်အုပ်စု ငွေရှာနေသည့် ရုံး၊ ဌာနများ၌လည်း ပေါက်ကွဲမှုများ ရှိနေခဲ့သည်။ စစ်အုပ်စုဘက်က အဆိုပါရုံးများအား လုံခြုံရေး တိုးမြှင့်ထားသည့်နည်းတူ မြို့ပေါ် ရဲစခန်းများ တွင်လည်း စစ်မြေပြင်သဖွယ် လမ်းမများပေါ်အထိ တက်၍ ဘန်ကာတည်ဆောက်မှုများ ရှိလာနေသည်။ 

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်တွင် စစ်အုပ်စုဘက်က စစ်ဘေးရှောင်စခန်းနေရာများအထိ တပ်စွဲကာ လူသားဒိုင်းပြုလုပ်ရန် ပြင်ဆင်မှုများ ရှိနေသည့်အပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း တိုက်ပွဲများ ပိုမိုလုပ် ဆောင်မည် ဖြစ်ကြောင်း ကြေညာထားသည်။ 

• ကယားပြည်နယ်တွင် စစ်တပ်ဘက်က အင်အားအလုံးအရင်း ချထားကာ တိုက်ခိုက်မှုများ မပြုလုပ်သေးသော်လည်း ဒေသခံ များ၏ နေအိမ်၊ အဆောက်အအုံနှင့် ဘာသာရေးအဆောက်အအုံများအား ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးနှင့် ကျေးရွာများတွင် သပိတ်များ အားကောင်းဆဲ ဖြစ်ကာ စစ်အုပ်စုဘက်က သပိတ် များ ဆက်မရှိရေးနှင့် ကျောင်းများ ပြန်ဖွင့်နိုင်ရေး၊ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ရေးကို ပိုမိုအာရုံစိုက်လျက် ရှိသည်။ 

• စစ်အုပ်စုတွင် နိုင်ငံတကာ ဖိအားလျော့နည်းနေသော်လည်း စီးပွားရေး ပိတ်ဆို့မှုများကြောင့် အကျပ်အတည်းဆိုက်ကာ ဝင်ငွေရနိုင်သည့် လုပ်ငန်းများအား အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ပြည်တွင်းရှိ သပိတ်များအား ထိန်းသိမ်းထားနိုင်ပြီဟု စစ်အုပ်စုဘက်တွင် တွက်ဆမှုများ ရှိနေကာ အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်ရေးအပေါ်သာ အာရုံစိုက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly