အိုင်အက်စ်၊ အယ်လ်ခိုင်ဒါတို့နှင့် ပတ်သက်မှုဖြင့် သံသယရှိသူငါးဦးကို မလေးရှားဖမ်းဆီး

အိုင်အက်စ်၊ အယ်လ်ခိုင်ဒါတို့နှင့် ပတ်သက်မှုဖြင့် သံသယရှိသူငါးဦးကို မလေးရှားဖမ်းဆီး

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၅ ။           ။ အိုင်အက်စ်၊ အယ်လ်ခိုင်ဒါကဲ့သို့ စစ်သွေးကြွအုပ်စုများနှင့် ပတ်သက်သည်ဟု သံသယဖြင့် ဆရာတစ်ဦးအဖြစ် အလုပ်လုပ်နေသည့် ဥရောပသားတစ်ဦးအပါအဝင် လူငါးဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၅ တွင် ပြောကြားသည်။

ရုရှား၏ အကျိုးစီးပွားများကို တိုက်ခိုက်ရန် အိုင်အက်စ်မှ ဆီးရီးယား ၁၀ ဦးသည် အောက်တိုဘာလက အိမ်နီးချင်းထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့သည်ဆိုသည့် သတင်းများ ဒီဇင်ဘာ ၄က ထွက်ပေါ်ပြီးနောက်ပိုင်း မလေးရှားသည် တပ်လှန့်မှုကို မြင့်တင်ခဲ့သည်။ ဖမ်းမိသူများအနက် လေးဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး တစ်ဦးမှာ မလေးရှားတစ်ဦးဖြစ်သည်ဟု ရဲချုပ် ခါလစ်အဘူဘာကာက ပြောသည်။ ဖမ်းဆီးမှုများကို နိုဝင်ဘာ ၁၇နှင့် ဒီဇင်ဘာ ၁ကြား ပြုလုပ်ခဲ့သည်။

ဖမ်းမိသူများအနက် အသက် ၄၄ နှစ်အရွယ်ရှိ ဥရောပသားတစ်ဦးမှာ ပီနန်ပြည်နယ်တွင် ယာယီစာပြဆရာတစ်ဦးလုပ်နေသူဖြစ်ပြီး ၎င်းသည် အယ်လ်ခိုင်ဒါနှင့် ပတ်သက်မှုရှိကာ အာဖဂန်နှင့် ဘော့စ်နီးယားတို့ရှိ စစ်သွေးကြွလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

အခြားသံသယရှိသူသုံးဦးမှာ အသက် ၃၁နှစ်အရွယ် အင်ဒိုနီးရှားလူမျိုးတစ်ဦး၊မလေးရှားတစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့မှာ အိုင်အက်စ်အုပ်စု၏ အဖွဲ့ငယ်တစ်ခုမှဖြစ်သည်။

၎င်းတို့အား နိုင်ငံရပ်ခြားရှိ စစ်သွေးကြွလှုပ်ရှားမှုတွင် ပါဝင်လိုသူများအား စုဆောင်းရန် တာဝန်ပေးထားသည်ဟု သိရသည်။ အဖွဲ့ငယ်၏ ခေါင်းဆောင်မှာ အင်ဒိုနီးရှားလူမျိုးဖြစ်ပြီး ၎င်းသည် အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာအယ်လ်ဘဂ္ဂဒါဒီအပေါ် ၂၀၁၄က ဖေ့စ်ဘွတ်ကတဆင့် သစ္စာခံထားသူဖြစ်သည်ဆိုသည်။
"မလေးရှားနိုင်ငံသားနဲ့ အတူ သူဟာ မလေးရှားနဲ့ တခြားအရှေ့တောင်အာရှနိုင်ငံအချို့က လူတွေ ဆီးရီးယားက အိုင်အက်စ်အဖွဲ့မှာ ဝင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သံသယရှိပါတယ်"ဟု ခါလစ်ကပြောသည်။

အရှေ့တောင်အာရှသည် အိုင်အက်စ်ကို အားကျသူများ၏ တိုက်ခိုက်မှုအန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟု လွန်ခဲ့သည့်လက မလေးရှားဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်။ ထို့အပြင် ဆီးရီးယားမှ ပြန်လာသည့် တိုက်ခိုက်ရည်ဝနေသော တိုက်ခိုက်ရေးသမားများက ပါရီပုံစံတိုက်ခိုက်မှုပြုလုပ်မည်ကိုလည်း စိုးရိမ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly