အမျိုးသားလုံခြံုရေးကောင်စီ ဥပဒေကြမ်းအပေါ် မလေးရှားအစိုးရ ကာကွယ်ပြောဆို

အမျိုးသားလုံခြံုရေးကောင်စီ ဥပဒေကြမ်းအပေါ် မလေးရှားအစိုးရ ကာကွယ်ပြောဆို

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၅ ။      ။ မလေးရှားနိုင်ငံ၏ ယခုနှစ်နောက်ဆုံး လွှတ်တော်ကာလတွင် အငြင်းပွားဖွယ်အမျိုးသား လုံခြုံရေးကောင်စီဥပဒေကြမ်းကို အရေးတကြီး အတည်ပြုပြဌာန်းလိုက်ခြင်းနှင့် ပတ်သက်ကာ မလေးရှားအစိုးရက ကာကွယ်ပြောဆိုသည်။

ယခုဥပဒေကို ပိုမိုကောင်းမွန်သည့် လုပ်ဆောင်မှုများ ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံတွင်း ရင်ဆိုင်ရသည့် လုံခြုံရေးခြိမ်းခြောက်မှုများကို တစ်ပြေးညီတုံ့ပြန်နိုင်ရန် လိုအပ်၍ဖြစ်ကြောင်း ကက်ဘိနက်ဝန်ကြီး ရှာဟီဒန်ကတ်ဆင်းက ပြောသည်။

ဖွဲ့စည်းပုံအရ အာမခံပေးထားသည့် အခြေခံလူ့အခွင့်အရေးဥပဒေများကိုလည်း ချိုးဖောက်ခြင်း မရှိကြောင်း ၎င်း ပြောသည်။ သို့သော် ဥပဒေအပေါ် အများစုက ယုံကြည်လက်ခံခြင်းမရှိပေ။

ယခုဥပဒေကို လွှတ်တော်တင်ပြီး နှစ်ရက်အတွင်းမှာပင် မြန်မြန်ဆန်ဆန် အတည်ပြုလိုက်ခြင်းဖြစ်၍ စေ့စေ့စပ်စပ်သုံးသပ်ကာ အပြန်အလှန်ငြင်းခုံဆွေးနွေးခြင်းများ မလုပ်နိုင်အောင် ရုတ်ခြည်း အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်ဟု ဆန့်ကျင်စွပ်စွဲမှုများ ပေါ်ပေါက်ခဲ့သည်။

မူဝါဒနှင့် ကော်မတီရေးရာသို့ ရေးကြီးသုတ်ပြာ ယင်းဥပဒေကြမ်းကို တင်ခဲ့ခြင်းဖြစ်ပြီး အများစုက ပြင်ဆင်ရန် ဆန္ဒမဲပေးထားသည့် အချက်များ မပါရှိဘဲ လွှတ်တော်တွင် နောက်ဆုံးဖတ်ကြား အတည်ပြု လိုက်ခြင်းလည်းဖြစ်သည်။

ဥပဒေမှာ အလွန်ပြင်းထန်ကြမ်းတမ်းပြီး အာဏာပြအုပ်ချုပ်မှုများ ဖြစ်လာနိုင်ခြေ အန္တရာယ်လည်း များကြောင်း အတိုက်အခံအမတ်များနှင့် လူ့အခွင့်အရေးအဖွဲ့များက လက်ညိုးထိုးကာ ဝန်ကြီးချုပ်ဖြစ်သူ လက်ထဲ အာဏာကို တစ်စုတစ်စည်း ပိုပုံအပ်ထားခြင်းဖြစ်သည်ဟု ငြင်းခုံကန့်ကွက်ကြသည်။

နိုင်ငံတွင် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုများ ကြုံတွေ့ခဲ့ပါလျှင် ယခုဥပဒေကြမ်းအရ ဝန်ကြီးချုပ်က တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် လုံခြုံရေးဧရိယာကို စိတ်ကြိုက်သတ်မှတ်နိုင်သည်။ သတ်မှတ် လုံခြုံရေးဧရိယာအတွင်း ဖမ်းဆီးခြင်းနှင့် စီးနင်းရှာဖွေခြင်းများကို အာဏာပိုင်များက ဝရမ်းမပါဘဲ လုပ်ဆောင်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly