“စိန်ခေါ်မှုတွေများတဲ့ ပုံနှိပ် သတင်းစာ၊ ဂျာနယ်လောက”

“စိန်ခေါ်မှုတွေများတဲ့ ပုံနှိပ် သတင်းစာ၊ ဂျာနယ်လောက”
ရန်ကုန် ပုံနှိပ်စက်ရုံတစ်ခုရှိ အလုပ်သမားများက နေ့စဉ်ထုတ် သတင်းများအား စီစစ်နေသည်ကို  တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

ကိုမျိုးသန့်ရေ

ခုတစ်ပါတ်အတွင်း မီဒီယာလောကနဲ့ ပတ်သက်ပြီး ထူးတာတွေကတော့ The Messenger နေ့စဉ် သတင်းစာနဲ့ ပြည်သူ့ခေတ်ဂျာနယ် ရပ်ဆိုင်းသွားတဲ့ သတင်းပါပဲ။ The Messenger သတင်းစာကတော့ သူတို့ သတင်းစာအနေနဲ့ ငွေရေးကြေးရေး အခက်အခဲရှိလို့ ရပ်ရတယ်ဆိုတဲ့အကြောင်း ပြောထားပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာ ဆရာမောင်ဝံသရဲ့ သမီး မလတ်လတ်စိုး ထုတ်ဝေနေတဲ့ ပြည်သူ့ခေတ် ဂျာနယ်ကတော့ ဘာအကြောင်းကြောင့် ရပ်လိုက်ရတယ်ဆိုတာ မပြောပေမယ့် ခေတ္တရပ်ဆိုင်းမယ်ဆိုတဲ့အကြောင်း၊ လတ်တလော အွန်လိုင်းမီဒီယာအနေနဲ့ ရပ်တည်သွားမှာဖြစ်ပြီး လာမယ့် ၂၀၁၆ နှစ်ဆန်းဆို နှစ်ပါတ်တစ်ကြိမ် ပြန်လည် ထုတ်ဝေမယ်ဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

သတင်းစာတွေအကြောင်း အရင် ပြောကြည့်ရအောင်။ ကျွန်တော်တို့ဆီမှာ ၂၀၁၂ နှစ်လည်မှာ စာပေစိစစ်ရေး ရုပ်သိမ်းပြီး ပုံနှိပ်မီဒီယာ လွတ်လပ်ခွင့် စရပါတယ်။ ၂၀၁၃ ဧပြီမှာတော့ သတင်းစာ ထုတ်ဝေခွင့်ရပါတယ်။ နဂို သတင်းစာထုတ်ဝေခွင့် မပေးသေးခင် အချိန်တုန်းကတော့ သတင်းစာ ထုတ်ခွင့်ပေးပါ ထုတ်ခွင့်ပေးပါ တောင်းခဲ့ကြပေမယ့် တကယ့်တကယ် ထုတ်ဝေခွင့်ပေးတဲ့အခါ တစ်ကယ် လုပ်ကိုင်မယ့်သူတွေဆိုတာ တစ်ဒါဇင်တောင် မပြည့်ပါဘူး။ အခုဆို သတင်းစာတွေ ထုတ်ဝေလာကြတာ ၂ နှစ်ခွဲ ကျော်လာပါပြီ။ တစ်ချို့ သတင်းစာတွေ ရပ်နားထားလိုက်ပြီး တစ်ချို့ သတင်းစာကတော့ လိုင်စင်တွေ ပြန်အပ်လိုက်ကြပါတယ်။ တစ်ချို့ကတော့ ဆက်ပြီး ထုတ်ဝေနေကြဆဲပါ။

ဒီကနေ့ သတင်းစာကို အောင်အောင်မြင်မြင် ထုတ်ဝေနေကြတဲ့ သူတွေကလည်း သတင်းစာသက်သက်နဲ့ သူတို့ မြတ်နေသလား၊ အရှုံးပေါ်နေဆဲလား ပြောတာဆိုတာ ကျွန်တော် မကြားမိပါဘူး။ ဒီကနေ့ အောင်မြင်နေတဲ့ သတင်းစာတွေလို့ ပြောနိုင်တဲ့ အလဲဗင်း၊ ဆဲဗင်းဒေး၊ သည်ဗွိုက်စ်နဲ့ ဒီမိုကရေစီ တူဒေးထဲမှာ ဒီမိုကရေစီ တူဒေး တစ်စောင်ကလွဲရင် ကျန်တဲ့သုံးစောင်က ဂျာနယ်နဲ့ တွဲပြီး ထုတ်တာပါ။ တစ်ချို့သတင်းစာ တိုက်ပိုင်ရှင်တွေက သတင်းစာနဲ့ ဂျာနယ်အပြင် အခြားထုတ်ဝေမှုတွေကိုပါ လုပ်လိုက်ပါသေးတယ်။ ဒါကြောင့် သတင်းစာ သက်သက်ရဲ့ အကျိုးအမြတ် ဘယ်လောက်ရှိနေမလဲ၊ ရှိမနေဘူးလား ကျွန်တော်တို့ မခန့်မှန်းနိုင်တာပါ။

သတင်းစာ အများစုကတော့ ရပ်တာရပ်၊ ခုထိ ထုတ်နေတာတွေထဲမှာလည်း ရှုံးတာ ရှုံးကြပါတယ်။ သတင်းစာလုပ်ငန်း စီးပွားရေးကို အကြမ်းဖျဉ်း ကြည့်ရတာ သိပ်မရှုပ်ထွေးပါဘူး။ သတင်းစာထဲမှာ သတင်းတွေ ဆောင်းပါးတွေ ဖော်ပြနိုင်အောင် လုပ်ကိုင်ရတဲ့ ကုန်ကျစားရိတ် ရှိမယ်၊ နောက် စက္ကူနဲ့ ပုံနှိပ်ခတွေ ရှိမယ်။ ဒီလောက်ပါပဲ။ ဝင်ငွေကတော့ သတင်းစာရောင်းရငွေနဲ့ ကြော်ငြာက ရတဲ့ငွေ ရှိပါမယ်။ သေခြာတာ တစ်ခုကတော့ လက်ရှိ ထုတ်ဝေနေတဲ့ သတင်းစာတွေရဲ့ တစ်စောင်ချင်း ရောင်းဈေးဟာ ထုတ်လုပ်မှု စားရိတ်ကို လုံးဝ မကာမိပါဘူး။ ဒါကိုတော့ လွယ်လွယ်ကူကူ တွက်ချက်လို့ ရပါတယ်။ ကုန်ကျစားရိတ် ကာမိအောင်နဲ့ အမြတ်အစွန်းရအောင် ကြော်ငြာကနေ ငွေဝင်မှ ဖြစ်မှာပါ။ လက်ရှိ ပုံနှိပ်လုပ်ငန်းမှာဆိုရင် ကြော်ငြာရှင်တွေဟာ တစ်ပါတ်တစ်ကြိမ် ထွက်တဲ့ ဂျာနယ်တွေအပေါ်မှာပဲ မျက်စေ့ကျနေပါသေးတယ်။ နေ့စဉ်ထုတ် သတင်းစာတွေ ဘယ်လောက် အောင်မြင်အောင်မြင် အဲဒီမှာ သွားကြော်ငြာဖို့ နည်းနည်း တွန့်ဆုတ်နေပါသေးတယ်။

ကိုမျိုးသန့်ရေ။

ဒီကနေ့ ကုန်ပစ္စည်းနဲ့ အထွေထွေဝန်ဆောင်မှု ကြော်ငြာတွေရဲ့ ရာခိုင်နှုန်း အများစုကြီးဟာ ရုပ်သံလိုင်းတွေဆီ သွားနေတယ်လို့ စာရင်းဇယားတွေကနေ ဖော်ပြပါတယ်။ သုတေသနလုပ်ငန်းတွေရဲ့ ဖော်ထုတ်ချက်အရလည်း မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းကြော်ငြာရင် အထိရောက်ဆုံး မီဒီယာဟာ ရုပ်သံမီဒီယာဖြစ်တယ်ဆိုပြီး သိရှိထားကြလေတော့ အဲဒီဘက်ကိုပဲ သွားတာ ဖြစ်နိုင်ပါတယ်။ ပုံနှိပ်မီဒီယာဘက်ကိုတော့ ကြော်ငြာ လာတာ အတော်နည်းနေသေးပြီး အဲဒီအထဲမှာ အစိုးရပိုင် သတင်းစာနဲ့ စောင်ရေမဖြစ်စလောက် အထုတ်ပြပြီး ကြော်ငြာတွေ လိမ်ညာရယူနေတဲ့ မဂ္ဂဇင်းတစ်ချို့ဆီ ရောက်သွားပြန်ပါသေးတယ်။ ဒီအထဲက ပိုလျံတာတွေမှ အပတ်စဉ်ထုတ် ဂျာနယ်တွေနဲ့ နေ့စဉ်ထုတ် သတင်းစာတွေဆီ လာတာပါ။ ဒီနေရာမှာ ကြော်ငြာရှင်တွေဟာ ဂျာနယ်တွေကို ပိုပြီး အာရုံကျကြပြန်ပါတယ်။ ဥပမာ ဆဲဗင်းဒေးဂျာနယ်နဲ့ ဆဲဗင်းဒေးသတင်းစာ ကြော်ငြာ ရရှိမှု အလွန်ကွာခြားပါတယ်။ တကယ်တော့ ဆဲဗင်းဒေးဆိုရင် နေ့စဉ်ထွက်တဲ့ သတင်းစာစောင်ပါ။ ဂျာနယ်ဆိုတာ “သတင်းစာ အထူးထုတ်” လို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ အထူးထုတ်သတင်းစာထဲမှာပဲ လုပ်ငန်းရှင်တွေက ကြော်ငြာကို စုပြုံထည့်ကြပြီး ပုံမှန် သတင်းစာမှာတော့ ကြော်ငြာ နည်းနည်းလေးပဲ မြင်ရပါ တယ်။

ကျွန်တော် တွက်ချက်ကြည့်သလောက် ဒီမိုကရေစီ တူဒေး သတင်းစာဆိုရင်လည်း အရှုံးကြီး ရှုံးနေတာပါပဲ။ ဒါပေမယ့် နောက်ခံအင်အား အလွန်တောင့်တင်းတာကြောင့် အရှုံးခံပြီး ထုတ်ဝေနေကြတာပါ။ ကျွန်တော့် တစ်ဦးတည်း ထင်မြင်ယူဆချက်အရတော့ သတင်းစာတွေ အောင်မြင်ဖို့ဆိုရင် နိုင်ငံ့စီးပွားရေး ဒီထက် အများကြီးကောင်းဖို့ လိုပါတယ်။ အဲဒီအချိန် ပုံနှိပ်မီဒီယာမှာ ကြော်ငြာတွေ ပိုထည့်လာတဲ့အခါ သတင်းစာတွေကလည်း ကြော်ငြာဝေစု ပိုရလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ပြောမယ့်သာ ပြောရ။ သိပ်တော့ မလွယ်ပါဘူး။ ကျွန်တော်တို့ဆီမှာ သတင်းစာ၊ ဂျာနယ်ကို ပြည်သူတွေ ငွေပေးပြီး ဖတ်ကြ၊ ရှုကြတာဟာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြခွင့်ရလို့ ဖြစ်ပါတယ်။ အခုဆိုရင် အဲလို လွတ်လပ်ခွင့်မျိုးကို ဖေ့ဘွတ်လို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့နိုင်ပါပြီ။ နောက် သူက အလကား(အခမဲ့)လဲ ရနေပါတယ်။ နောက်တစ်ခုက ရုပ်သံနဲ့ ရေဒီယိုပါ။ တကယ်လို့များ နောင် ရုပ်သံနဲ့ ရေဒီယို လွတ်လပ်ခွင့်ရလာ၊ လွတ်လွတ်လပ်လပ် တင်ပြလာကြရင် ပြည်သူတွေဟာ ရုပ်သံနဲ့ ရေဒီယိုကို ပိုစိတ်ဝင်စားလာကြဦးမှာ ဖြစ်ပါတယ်။ တဆက်တည်း ကြော်ငြာရှင်တွေဟာလည်း အဲဒီဘက်ကို ပိုအာရုံကျကြဦးမှာ ဖြစ်ပါတယ်။ ကျွန်တော့် အမြင်အရတော့ ပုံနှိပ်မီဒီယာဖြစ်တဲ့ သတင်းစာနဲ့ ဂျာနယ်တွေဟာလည်း နောင်အခါ ဒီထက်ပိုပြီး ရုန်းကန်ကြဖို့ပဲ ရှိတယ်လို့ မြင်မိကြောင်းပါ။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly