နေစရာမပိုင်သူတွေ တကယ် အခန်းရမယ့် အငှားအိမ်ရာ စီမံကိန်းဖြစ် ပါစေ

နေစရာမပိုင်သူတွေ တကယ် အခန်းရမယ့် အငှားအိမ်ရာ စီမံကိန်းဖြစ် ပါစေ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် လသာမြို့နယ်မှာနေတဲ့ ဒေါ်ခင်ကြည်ဇင်ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူရေးလိုက်တဲ့ စာနိဒါန်းမှာ သူဟာ စာဖတ်ဝါသနာပါပြီး အထူးသဖြင့် သတင်းစာကို နေ့စဉ် ဖတ်သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါ တယ်။ သည်ရက်ထဲ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် ဝမ်းသာခဲ့ပေမယ့် ဖြစ်လာဖို့ မလွယ်ဘူး ဆိုတဲ့ အတွေးနဲ့ စိတ်မကောင်းဖြစ်မိလို့ တာဝန်ရှိသူတွေ ဖတ်မိရင် အမှန်အတိုင်း ဖြစ်စေချင်တဲ့ ဆန္ဒ ကြောင့် ဒီစာကို ရေးပြီး ပေးပို့ခဲ့တာပါလို့ ပြောပါတယ်။

ဖတ်လိုက်ရတဲ့ သတင်းကို မရေးခင် သူ့အကြောင်းကို အရင်ပြောပြချင်ပါတယ်။ သားတစ် ယောက် မွေးဖွားပြီး မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူဟာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့ပါတယ်။ နေစရာမပိုင်တဲ့ သူဟာ ရုံးတစ်ရုံးမှာ ဝင်ရောက်လုပ်ကိုင်ရင်း အဆင်ပြေသလို အိမ်ငှား နေထိုင်ခဲ့ပေ မယ့် သားဖြစ်သူ တက္ကသိုလ်တက်ရမယ့် အရွယ်ရောက်ချိန်မှာ အိမ်ငှားခတွေ အဆမတန် ကြီးမြင့်လာ တဲအတွက် သူ့ဝင်ငွေက အိမ်ငှားနေဖို့ မဖြစ်နိုင်တာကြောင့် သူက လသာမြို့နယ်က အမျိုးသမီးအ ဆောင်တစ်ခုမှာ နေပြီး သားဖြစ်သူက ကျောက်တံတားမြို့နယ်က အမျိုးသား ဆောင်တစ်ခုမှာ နေတယ်လို့ ပြောပါ တယ်။

ဖတ်လိုက်ရတဲ့ သတင်းကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးမှာ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်း က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူ စီစဉ်နေတဲ့ အငှားအိမ်ရာ စီမံကိန်း ကို မည်သည့်အချိန်တွင် မည်သည့်အစီအစဉ်ဖြင့် အငှားချထားပေးမည်ကို သိရှိလိုကြောင်း မေးခဲ့တဲ့ မေးခွန်းဖြစ် တယ်လို့ ရေးပါတယ်။

ဒီမေးခွန်းကို သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီး ဦးကျော်စိုး က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူ တည်ဆောက်နေတဲ့ အငှားအိမ်ရာ စီမံကိန်းကို ၂၀၁၆ ခုနှစ် မတ်လအတွင်း အပြီးတည်ဆောက်သွားမယ်။ လျှောက်လွှာတွေကို ၂၀၁၆ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်အထိ ခေါ်ယူသွားမယ်။ လာရောက် လျှောက်ထားသူတွေဟာ အိမ်မရှိ ကြောင်း ကိုယ်တိုင် ကတိဝန်ခံချက်၊ ရပ်ကွက်ထောက်ခံချက်တွေနဲ့ လာရောက် လျှောက်ထားနိုင်ပြီး လျှောက်ထားသူ များရင်တော့ မဲစနစ်နဲ့ ရွေးချယ်ပေးသွားမယ်လို့ ဦးကျော်စိုးက ပြောကြောင်း ဖတ်လိုက်ရတယ်လို့ ဆိုပါတယ်။

သတင်းထဲမှာပဲ ပြည်ထောင်စုအစိုးရမှ ချထားပေးတဲ့ ကျပ်ငွေဘီလီယံ ၂၀ နဲ့ ရန်ကုန်တိုင်းဒေ သကြီး အမှတ် ၂ လမ်းမကြီးနဲ့ မဟာဗန္ဓုလ လမ်းထောင့်မှာ တည်ဆောက်နေခြင်းဖြစ်ပြီး အခန်းပေါင်း လေးသောင်းကျော်ရှိပြီး လက်ရှိမှာ လေးထပ်တိုက် ၅၀၊ အိမ်ခန်းပေါင်း ၁၂၀၀ ဆောက်လုပ် ပြီးစီးနေပြီ ဆိုတာ ဖတ်လိုက်ရတော့ ဝမ်းသာသွားမိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လျှောက်လွှာတွေကို ဘယ်မှာ တင်ရမလဲဆိုတာ မပါလို့ သူ့လိုပဲ ဖတ်လိုက်ရတဲ့သူတွေလည်း သိချင်ကြမှာဖြစ်လို့ လျှောက်လွှာတင်ရမယ့် နေရာကို သတင်းစာမှာ ဖော်ပြပေးစေ ချင်ပါတယ်လို့ ရေးပါတယ်။

သူသိသလောက် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ လူနည်းစုက အိမ်ခြံမြေနဲ့ တိုက်ခန်းတွေ အများကြီး ပိုင်ထားကြပြီး စီးပွားရေး လုပ်ငန်းတစ်ရပ်အနေနဲ့ ဈေးကစား ရောင်းဝယ် ငှားနေကြတာကြောင့် နေစရာမပိုင်တဲ့ သူတွေမှာ အခက်အခဲများစွာ ကြုံတွေ့ နေကြရပါတယ်။

တာဝန်ရှိသူ၊ အာဏာရှိသူတွေနဲ့ အဆင်ပြေတဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေသာ အခု ချထားပေးမယ့် အခန်းတွေကို ရကြမယ်လို့ ထင်မြင်ပြီး စိုးရိမ်နေကြပါတယ်။ ဒါကြောင့် အခုလက်ရှိ အစိုးရအဖွဲ့ သက်တမ်း မကုန်ဆုံးခင်မှာ စနစ်တကျနဲ့ မှန်မှန်ကန်ကန် ချထားပေးစေချင်သလို နေစရာ မပိုင်တဲ့သူတွေကို နေစရာရှိသူတွေက ငဲ့ညှာပြီး ကိုယ့်မှာရှိရက်နဲ့ အခွင့်အရေးအနေနဲ့ လျှောက်ထား ရယူတာမျိူး မရှိစေချင်လို့ သူတို့လို နေစရာမပိုင်သူတွေသာ တကယ်ငှားလို့ ရနိုင်မယ့် အငှားအိမ်ရာ စီမံကိန်းဖြစ်အောင်ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးစေလိုကြောင်း ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly