အစိမ်းရောင် စီးပွားရေး သို့မဟုတ် ငွေနှင်းမှို စိုက်ပျိုးမှု အထွက်တိုးဖို့

04 December 2015
အစိမ်းရောင် စီးပွားရေး သို့မဟုတ် ငွေနှင်းမှို စိုက်ပျိုးမှု အထွက်တိုးဖို့

မှိုစိုက်ပျိုးခြင်းကို အစိမ်းရောင်စီးပွားရေးလုပ်ငန်းလို့ ခေါ်ပါတယ်။ မှိုစိုက်ပျိုးခြင်းဟာ မိမိပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝကုန်ကြမ်းများက သဘာဝမြေဆီမြေနှစ်များ အဟာရဓာတ်များကို သက်သက်သာသာ ရရှိစေတဲ့အပြင် စိုက်ပျိုးထုတ်လုပ်သူများကော စားသုံးသူများကိုပါ ကျန်းမာရေး ကိုအကျိုးပြုနိုင်တာကြောင့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းလို့လည်း ခေါ်ဝေါ်နိုင်ပါတယ်။

          အခုအခါမှာဆိုရင်တော့ မှိုကို အရသာရှိ အစားသောက်တစ်ခုထက် အချို့သောလူမျိုးများက ဆေးဖက်ဝင် အစားအစာအဖြစ်စားသုံးလာကြတာကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စနစ်တကျ မှိုစိုက်ပျိုးရေးကိုတော့ ၁၉၃၂ ခုနှစ်က စတင်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက စိုက်ပျိုးရေး ပညာရှင်တစ်ဦးက လာရောက်ပြီး နည်းစနစ်များကို ပြသပေးခဲ့ပါတယ်။ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးမှာတော့ ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေမိုးမှို၊ ကြွက်နှားရွက်မှိုနဲ့ အထပ်တစ်ရာမှို စတဲ့ မှိုအမျိုးအစားတွေကို စနစ်တကျ စိုက်ပျိုးလာခဲ့ပါတယ်။ မှိုများကတော့ ရာသီမရွေး ဆယ့်နှစ်ရာသီလုံး စိုက်ပျိုးနိုင်ပါတယ်။ မှိုစိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး စိုက်ပျိုးရေး ပညာရှင် တစ်ဦးဖြစ်တဲ့ ဆရာခိုင်ဓူဝံက အခုလို သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

          အထူးသဖြင့် ကျွန်တော်တို့ မှိုစိုက်ပျိုးရေးတွေကို ရွေးချယ်တာကတော့ အလွယ်တကူနဲ့ အလျန်အမြန် စိုက်ပျိုးလို့ဖြစ်ထွန်းတဲ့အပေါ်မှာ ကျွန်တော်တို့ ရွေးချယ်ရခြင်းဖြစ်တယ်။ နောက်တစ်ခု ကလည်းဒီမြန်မာနိုင်ငံရဲ့ ရေမြေ သဘာဝအနေအထား၊ အဲ့ဒီမှိုက မြန်မာနိုင်ငံထဲမှာ စိုက်လို့ဖြစ်ထွန်းတယ်။ တော်တော် များများကလည်း ဖြစ်လေ့ဖြစ်ထွန်းတဲ့ ရာသီဥတုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့  မြန်မာ နိုင်ငံထဲမှာဆိုရင် ကျေးလက်တွေမှာ ကျွန်တော်တို့ မှိုကို သဘာဝမှိုတွေဆိုတော့ တစ်ချို့က စားကြတယ်။ တစ်ခါတစ်လေ အဆိပ်အတောက်တွေဖြစ်ပြီးတော့ မတည့်တဲ့ မှိုတွေနဲ့ ဒုက္ခရောက် ကြရတာတွေကို ကျွန်တော်တို့ မကြာခနကြုံရတယ်။

           ဒီမှိုတွေကျတော့ အဲ့လိုမဟုတ်ဘူး။ ဒီမှို မြောက်များစွာစိုက်တဲ့အထဲမှာ ကျွန်တော်တို့ဟာ အထူးသဖြင့် မှိုနှစ်မျိုးကို ကျွန်တော်တို့ ရွေးချယ်ထားပါတယ်။ တစ်မျိုးကတော့ ကျွန်တော်တို့ လွှစာမှုန့်ကို အခြေခံပြီးတော့ စိုက်ထားတဲ့ စိုက်လို့ရတဲ့ မှိုတစ်မျိုး ရယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ကောက်ရိုးမှို နှစ်မျိုးကိုရွေးချယ်တဲ့အခါမှာ အလွယ်တကူနဲ့ ဈေးကွက်လဲအကောင်းဆုံး လူတွေလဲ ပိုပြီးတော့ ကြိုက်နှစ်သက်တဲ့ မှိုထဲမှာ ဒီငွေနှင်းမှိုလို့ပြောတဲ့ အခုစိုက်တဲ့ ငွေနှင်းမှိုကို ကျွန်တော်တို့ ရွေးချယ်ပါတယ်။ ဈေးကွက်ထဲမှာဆိုလဲ သူက ဆင်းရဲသူ ဆင်းရဲသားကလည်း တစ်ပိဿာ ၂၅၀၀ ဆိုလည်းစားနိုင်တယ်။ ကောက်ရိုးမှိုကျတော့ တစ်ပိဿာကို ကျွန်တော်တို့က ၁၀၀၀၀ ဝန်းကျင်လောက်ဆိုတော့ သူက ဒီအောက်ခြေလူတန်းစားတွေ စားဖို့ခက်ခဲ တယ်။ ဈေးကွက်ထဲမှာ သိပ်ပြီးတော့ မပေါက်ဘူး ချမ်းသာတဲ့လူတွေလောက်ဘဲ စားနိုင်တယ်ဆိုတော့ လေး။

           ဆိုတော့ ဒီမှိုကျတော့ ဈေးကွက်ကောင်းတယ်။ ပြီးတော့ လူသူမရွေးစားနိုင်တယ်။ စားဖို့ အတွက်လည်း သင့်လျော်တဲ့ မှိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့က ရွေးချယ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့က ငွေနှင်းမှိုနဲ့ ကောက်ရိုးမှိုပေါ့ဗျာ၊ အဲဒီနှစ်မျိုးက ဒီလယ်သမားတွေအတွက် လိုအပ်တဲ့ အရာတွေက အမြန်အဆန်ကျွန်တော်တို့က အလွယ်တကူနဲ့ ရနိုင်တဲ့ပေါ်မှာ ကျွန်တော်တို့က ပထမ ဦးစားပေးတယ်။ နောက်ပြီးတော့မှာ ဒီပညာပိုင်းတွေမှာ ပြန်ပြီးတော့ ပေါင်းစပ်ပြီးတော့ လုပ်လို့ရတဲ့ တစ်ချို့မှိုက ဈေးအင်မတန်ကြီးပါတယ်။

          တစ်ချို့ဒီမှာတောင် ကျွန်တော်တို့က မြန်မာနိုင်ငံ ထဲမှာ ခေါ်တဲ့အမှိုအမျိုးအစားတောင် မခေါ်ရသေးဘူး။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီကြွက်နှားရွက်မှိုလို့ ခေါ်တဲ့ဟာတွေ ကျွန်တော်တို့က လုပ်လို့ရတယ်။ သိပ်မခြားနားပါဘူး ။ ဒါပေမဲ့ တစ်ချို့ မှိုတွေကကျတော့ အင်မတန်ဈေးကြီးတဲ့ဟာတွေကြတော့ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံထဲမှာ တစ်ချို့ စားသုံးသူတွေအတွက်က ခက်ခဲလို့ ကျွန်တော်တို့က အဲ့ဒါကို စီစဉ်ထားတာ။ ဒါပေမဲ့ ကျွန်တော်တို့က အနည်းဆုံးကတော့ ဒီလာမယ့်နှစ် ဒီနှစ်နှောင်းပိုင်းမှာဆိုရင် ကျွန်တော်တို့က နောက်ထပ်နှစ်မျိုး လောက်ကို သုတေသနလုပ်ပြီးတော့ ထပ်ပြီးတော့ ဆင့်ပွား လုပ်ပေးဖို့ အစီစဉ်ရှိပါတယ်။

 

          မှိုများစွာရှိတဲ့အနက် ငွေနှင်းမှိုစိုက်ပျိုးရေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ငွေနှင်းမှို ကိုတော့ စားသုံးသူများဟာ နှစ်သက်စွာ စားသုံးကြတဲ့အပြင် ဗီတာပင် A B C နဲ့ D တို့ပါဝင်တဲ့ အတွက် အဟာရပြည့်အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။

          မှိုကိုတော့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကစပြီး တရုတ်နိုင်ငံမှာ စားသုံးလာတယ်လို့လဲ လေ့လာတွေ့ရှိရပါတယ်။ ငွေနှင်းမှို စိုက်ပျိုးရေးမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကတော့ လွှစာမှုန့်၊ ထုံးမှုန့်၊ ဖွဲနု၊ ဘားပလက်၊ ဆားခါး၊ ထန်းလျက်  Glucose မှုန့်၊ ပဲဖတ်၊ ဒါမှမဟုတ်ရင် နှမ်းဖတ်၊ ရေ၊ မျိုးစေ့၊ လောင်စာ၊ ပလတ်စတစ် လည်ပင်းခေါင်း၊ ပလတ်စတစ်အိပ်၊ သတင်းစာအဟောင်း၊ သာရေကွင်း၊ ဝါဂွမ်းစ၊ ပလတ်စတစ်ကြိုး၊ လုပ်အား၊ မှိုအိမ်နဲ့၊ ပန်းအိုးတို့ဘဲ လိုအပ်တာ ဖြစ်ပါတယ်။

          ငွေနှင်းမှို မှိုမျိုးထုတ် ၁၅၀ အတွက် စိုက်ပျိုး မယ်ဆိုလို့ရှိရှင်တော့ ပါဝင်တဲ့ပစ္စည်းတွေကို အခုလို စနစ်တကျ ရောစပ်ရပါမယ်။ ပဲဖတ် ဒါမှမဟုတ်ရင် နမ်းဖတ်၊ ၂ပြည် ၃ပြည်ကို ထန်းလျက် ၃၅ ကျပ်သား၊ ဘားပလတ် ၃၅ လုံးနဲ့ ရေ ၈ နာရီကြာအောင် စိမ်ပေးရပါတယ်။ လွှစာမှုန့်တစ်တင်းခွဲအိပ် ငါးလုံးကို အတုံးအခဲ အမှိုက်သရိုက်များ မပါအောင် သန့်စင်ပေးရမှာပါ။ ထုံး ၁ ပြည်၊ ဖွဲနု ၇ ပြည်ကို လွှစာမှုန့်နဲ့ ဖြန့်ကြဲပြီး ရောသမအောင် မွှေပေးရပါ တယ်။ ၈ နာရီကြာ ရေစိမ်ထားတဲ့ ပဲဖတ်၊ ဘားပလက်၊ ထန်းလျက်တို့ကိုလည်း လွှစာမှုန့့်ထဲ ထည့်ပြီး မွှေပေးရပါတယ်။ လွှစာမှုန့်ထဲကို Glucose ၃၀၀ ဂရမ်၊ ဆားခါး တစ်ဗူးကိုလည်း တစ်ဆင့်ပြီး တစ်ဆင့် ရောစပ်ပြီး မွှေပေးရပါတယ်။ ရေ ၁၅ ဂါလံကိုတော့ ရောစပ်မွှွေတဲ့အခါမှာ အဆင့်ဆင့် မျှတအောင် ဖြန်းပေးရပါတယ်။ အားလုံး ရောသမအောင် မွှေပြီးပြီဆိုရင်တော့ ၈ လက်မ ၁၂ လက်မ အရွယ်ရှိတဲ့ ပလတ်စတစ်အိပ်ထဲကို လက်ငါးဆုပ်ခန့် ထည့်ပြီး ဖန်ပုလင်းနဲ့ စနစ်တကျ ထုထောင်းပေးရပါတယ်။      

          အခုလိုထုထောင်းပေးရတာဟာ မာကျောကျစ်လစ်အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ အထုတ်တစ်ထုတ်ကိုတော့ ၁ ကီလိုဂရမ်ရှိရပါမယ်။ မာကျောကျစ်လစ်နေတဲ့အိပ်ကိုတော့ ပလပ်စတစ်ခေါင်းစွပ်ပြီး သရေကွင်းနဲ့ တင်းနေအောင် ချည်နှောင်ပေးရပါတယ်။ ပလပ်စတစ်ခေါင်းထဲကိုတော့ ဂွမ်းစပြည့်အောင် ထည့်ပေးထားရပါမယ်။ အဲ့ဒီနောက် မီးမွှေးထားတဲ့ ပေါင်းအိုးကို ရေချိန်စထည့်ပြီးတော့ ထုထောင်းထားတဲ့ ပလပ်စတစ်အိပ် တစ်ထပ်ကို ၁၄ ထုပ်ခန့် အစေ့ငါးစေ့ အထုပ် ၇၀ ကို ၅ နာရီကြာအထိ အပူပေးရပါတယ်။ အပူပေးတဲ့အချိန်မှာ အပူချိန်ကတော့ ၂၀၀ ဒီဂရီစင်တီဂရိတ်ကနေ ၃၀၀ ဒီဂရီအထိ ရှိရမှာဖြစ်ပါတယ်။ ပေါင်းပြီးသား အထုပ်တွေကိုတော့ ၆ နာရီမှ ၈ နာရီအထိ အအေးခံပေးရမှာပါ။ အအေးခံပြီးသားအထုတ်တွေထဲက ဂွမ်းစတွေကို ဖယ်ထုတ်ပေးရပါမယ်။ အဲဒီနောက်မှာတော့ ပလပ်စတစ် ခေါင်းထဲကို မှိုမျိုးအပြည့်ထည့်ပြီးတော့ သတင်းစာစက္ကူနဲ့ လုံအောင် ပိတ်ပေးရပါတယ်။

           သတင်းစာစက္ကူနဲ့လုံအောင်ပိတ်ထားတဲ့ မှိုမျိုးအထုပ်တွေကိုတော့ ၂၅ ရက်က နေ ရက် ၃၀ အထိ မျိုးခံထားပေးရမှာ ဖြစ်ပါတယ်။ မျိုးခံထားတဲ့ အခန်းကတော့ နေရောင်ခြည်နဲ့ လေကို တိုက်ရိုက်မထိတွေ့စေတဲ့အပြင် အနည်းအငယ်မှောင်နေတဲ့နေရာမှာ ထားရမှာဖြစ်ပါတယ်။ ၂၅ ရက်ကနေ ရက် ၃၀ အကြာမှာတော့ မှိုမျိုးထုတ်တွေဟာ အဖြူရောင်အဖြစ်ပြောင်းလဲလာမှာပါ။ အဲ့ဒီအခါမှာ ပလပ်စတစ်ခေါင်းတွေကို ဖြုတ်ပြီး အလုံပြန်ချည်ထားပါ။ မှိုမျိုးထုပ်တွေကို ခွဲကြောင်း လေးကြောင်းခန့်ပေးပြီး ခွဲပြီးသားအထုပ်တွေကို ၅ ရက်ခန့် မြေကြီးပေါ်မှာ ထားပြီး မြေဓာတ်ကို ယူပေးရမှာပါ။ ပြီးရင်တော့ ကြိုးဖြင့် ချိတ်ဆွဲနိုင်ပါတယ်။ ကြိုးဖြင့်ချိတ်ဆွဲပြီး ၇ ရက်က ၁၂ ရက် ကြာတဲ့အချိန်မှာ မှိုကိုစတင် ခူးဆွပ်နိုင်မှာ ဖြစ်ပါတယ်။

          သတိထားရမယ့်အချက်တွေကတော့ မှိုမျိုးထုပ်ကို မျိုးခံတဲ့အချိန်ကစပြီးတော့ နောက်ဆုံးခူးတဲ့အချိန်အထိ နေ့စဉ်ပုံမှန် တစ်ကြိမ်လောက် စစ်ဆေးပေးရမှာပါ။ မြွှေ၊ ချ၊ ပုရွတ်ဆိတ်၊ ကြွက်၊ လောက်ကောင်များ မကျအောင် သတိထားပေးရမှာ ပါ။ သတ်မှတ်အပူချိန် ၂၅ ဒီဂရီနှင့် ၃၅ ဒီဂရီထားရှိရမှာ ဖြစ်ပါတယ်။ မျိုးကျမကျ မျိုးတို့အတွင်းမှာ ရေဝပ်ခြင်း ရှိမရှိ လိုအပ်သလိုရေသွင်းခြင်း၊ ရေဖြန်းခြင်းကိုလည်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ မှိုကိုတော့ မိသားစုအတွင်း အလွယ်တကူစိုက်ပျိုးနိုင်တဲ့အတွက် မိသားစုတိုင်း တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်စိုက်ပျိုးနိုင်တဲ့ အစိမ်းရောင်စီးပွားရေးလုပ်ငန်းတစ်ခုဘဲ ဖြစ်ပါတယ်။

          ငွေနှင်းမှိုကို စီးပွားဖြစ်စိုက်ပျိုးသူ ကိုလမင်းကလည်း မှိုနဲ့ပတ်သတ်လို့ အခုလိုမျိုးပြောပြပါတယ်။

          ကျွန်တော် မှိုု စိုက်ရခြင်းအကြောင်းရင်းကတော့ လွယ်လွယ်ကူကူပေါ့နော် သာမန်လူတွေစိုက်နေတယ်၊ မိသားစုတွေလည်း စိုက်နေတာပေ့ါနော်။ ပြီးတော့ ဒီမှိုက  စားသုံးသူတွေကို တကယ်အရသာရှိရှိပေးပြီးတော့ တန်ဖိုးရှိတဲ့ သဘာဝမှိုဖြစ်တယ်လေ။ စားသုံးသူကို လည်း ကျွန်တော်တို့ တန်ဖိုးထားတယ်။ သာမန်မိသားစုတွေအတွက် ဝင်ငွေပုံမှန်လေးတစ်ခု ဖြစ်နိုင် တယ်ဆိုပြီးတော့ ဒီမှိုကိုစိုက်တာပါ။ ကျွန်တော်တို့ မှိုစိုက်တဲ့အချိန်မှာတော့ အဓိကက နည်းပညာတွေကောင်းကောင်းနားလည်ဖို့လိုတာပေ့ါနော်။

          ကျွန်တော်တို့ဆိုရင် ပြီးခဲ့တဲ့ မှိုမစိုက်ခင်ကတည်းက ပြီးခဲတဲ့ ၂၀၁၁ လောက်ကတည်းက ဒီမှိုကိုလေ့လာခဲ့တာပေါ့။ ထိုင်းမှာ အဓိက လေ့လာခဲ့တယ်။ မြန်မာနိုင်ငံရောက်တဲ့အချိန်မှာ တစ်ချို့နည်းပညာတွေ ပြန်ပြီးတော့ ပိုကောင်းလာ အောင်ပြန်ပြီးကြိုးစားတယ်။ မြန်မာနိုင်ငံနည်းပညာနဲ့ ထိုင်းနည်းပညာကိုပေါင်းစပ်ပြီးတော ဒီက လက်ရှိလုပ်နေတဲ့အတွ့အကြုံတွေ ကျွန်တော်တို့က ပြန်လည်သုသေသနလုပ်ပြီးတော့ ပိုကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတာကို ကျွန်တော်တို့ စဉ်းစားခဲ့တယ်။

          အဓိက မှိုစိုက်တဲ့ အချိန်မှာ အဓိက သတိထားဖို့က ကျွန်တော်အနေနဲ့ မမျှော်လင့်တဲ့ အန္တရာယ်တွေရှိတယ်လေ။ ကျွန်တော်တို့ တစ်ချို့နည်းနည်းလောက်လွဲသွားတာနဲ့ မှိုတွေက လောက်ကျသွားနိုင်တယ်။  ဆိုတော့ ကျွန်တော်က နည်းပညာကို စနစ်တကျသိဖို့နဲ့ ဈေးကွက်ကို အဓိက အခြေခံပြီးတော့လည်း ကျွန်တော်တို့ စိုက်သင့်တာပေါ့နော်။ မြန်မာနိုင်ငံ မှိုစိုက်တာတော့အများကြီး ရှိပါတယ်။ ဒါပေမယ့် ငွေနှင့်းမှိုကိုကြတော့ ကျွန်တော်တို့ နေရာနည်းနည်းလေးမှာ ကျွန်တော်တို့က အများအားဖြင့်စိုက်လို့ရတာပေ့ါနော်။  

             တစ်ခြားမှိုတွေကျတော့ နေရာအများကြီးလိုအပ်တယ်။ ငွေနှင့်းမှို ကျတော့ ၁၀ ပေပတ်လည်ရှိတာနဲ့ မှိုအမျိုးပေါင်းတစ်ထောင်လောက်စိုက်လို့ရတယ်။ ပြီးတော့ မိသားစု ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမဖြစ်ဖြစ် သားသမီးတွေဖြစ်ဖြစ် ကိုယ်နိုင်သလောက်လုပ်လို့ရတာပေါ့နော်။ ဒီငွေနှင်းမှိုကကျတော့ သာမာန်လူတွေအတွက် မိသားစုတွေအတွက်ကော အဆင်ပြေတယ်။ ပြီးတော့ ဈေးကွက်ကြတော့ ၁၂ ရာသီ တောင်းဆိုမှုတွေရှိတယ်။ ဈေးကွက် စားသုံးသူတွေရှိတယ်။ တစ်ခြားမှိုကျတော့ တစ်ခြားပစ္စည်းကုန်ကြမ်းတွေလည်း ရှာရခတ်တယ်။ ဒီငွေနှင်းမှိုကျတော့ တစ်ခါ စိုက်ပြီးပြီဆိုရင် အနည်းဆုံးသုံးလလောက် အေးအေးဆေးဆေးကျွန်တော်တို့က ခူးရောင်းရုံနဲ့ရတယ်။ သူကလူတွေအတွက် အများကြီးလုပ်စရာမလိုဘူးပေ့ါနော်။ အဲဒါကြောင့် ငွေနှင်းမှိုက အများအားဖြင့် စိုက်မယ်ဆိုရင်တော့ အသင့်တော်ဆုံးလို့တာ့ ကျွန်တော်တို့ထင်ပါတယ်။          

             မှိုအိမ်စဆောက်တဲ့အချိန်မှာကျတော့ ကြည့်လိုက်ရင်တော့ သာမာန်ရိုးရိုးပါ။ ဒါပေမယ့် မှိုအိမ်ဒီဇိုင်းက ကျွန်တော်တို့ကောင်းကောင်း ဆွဲတတ်ဖို့လိုတာပေ့ါနော်။ အဓိက မှိုစိုက်တဲ့ အချိန်မှာ ထွက်လာတဲ့နေကို ကျွန်တော်တို့က တိုက်ရိုက်မဆောက်ပဲနဲ့ဘေးစောင်းပေ့ါနော် တောင်နဲ့မြောက်ကို ဆောက်လိုက်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ရောက်ခြည်ကို နေထွက်တဲ့အချိန်ကို တိုက်ရိုက်ယူလို့မရဘူး။ ဒါပေမဲ့ အဲ့ဒီနေရောင်ခြည်ယူမယ်ဆိုရင် အဲ့ဒီနေရောင်ခြည်ရဲ့ပြောင်းပြန်ပေါ့နော်။ နေထွက်တဲ့အချိန်မှာ ပြတင်းပေါက်မဖွင့်ဘဲနဲ့ နောက်တစ်ဖက်နေပြီးတော့ ကျွန်တော်တို့ ပြတင်းပေါက်ဖွင့်ရတယ်။

           တစ်နေ့မှာက ကျွန်တော်တို့ အနည်းဆုံးနေရောင်ခြည်ကို နှစ်နာရီယူပေးရတယ်။ နွေရာသီမှာဆိုတော့ မယူဘူးပေါ့နော်။ ဒါပေမယ့် ဆောင်းရာသီနဲ့ မိုးရာသီမှာ နေရောင်ခြည်ကို တိုက်ရိုက်နေရောင်ခြည် မဟုတ်ဘဲနဲ့  တစ်ဆင့်ခံနေရောင်ခြည် ယူရတာပေ့ါ။ အဲဒါလည်းသိဖို့လိုတယ်။

          နောက်တစ်ခုက ကျွန်တော်တို့ ရေပေ့ါနော် မြေနေရာဒေသအရဆိုလို့ရှိရင် တစ်ချို့က နွေရာသီမှာဆိုလို့ရှိရင် ဘာလုပ်ရလဲဆိုလို့ရှိရင် တစ်အားအပူရှိန်ပြင်းတယ် အဲဒီအချိန်မှာ ရေသွင်းပေးရတယ်။ ရေးသွင်းတယ်ဆိုတာက အပူရှိန်ကို ထိန်းတာပေ့ါနော်။ တစ်ချို့မြေတွေက ကျတော့ အဆင်မပြေဘူးဆိုရင် ရေကမနေဘူး။ ဆိုတော့ အဲလိုမြေအမျိုးအစားတွေလည်း ရွေးဖို့လိုတယ်။

           ပြီးတော့ အမြင့်ကတော့ ၈ ပေ၊ ဒီအထောက်ထောက်မဲ့ပုံစံမျိုးဆို ၈ ပေ အမြင့်ကို ယူရတယ်။ သူရဲ့အလျားအနံကျတော့ ကျွန်တော်တို့ ကိုယ့်ရဲ့လိုချင်တဲ့ ကိုယ်ဘယ်လောက်စိုက်မယ် ဆိုပြီးတော့ အခြေခံပြီးတော့ ကျွန်တော်တု့ိ စိုက်ရတယ်။ စင်ကိုကျတော့ ကျွန်တော်တို့  စလုပ်ကတည်းက အဲ့ဒီစင်ကို ဒီဇိုင်းကို ဆွဲရတာမျိုး။ အဲဒါ့ကြောင့် မှိုကို ကြည်လိုက်ရင်တော့ သာမန်ရိုးရိုးဘဲ ဒါပေမဲ့ ပိုပြီးစနစ်ကျမယ်ဆိုလို့ရှိရင် ဒီဇိုင်းကို ဆွဲပြီးတော့မှ စိုက်ရတာဟာ ပိုပြီးတော့ အောင်မြင်မှုရှိစေတယ်။

          အဲ့ဒါကြောင့် တစ်နိုင်ငံလုံးမှာ စိုက်မယ်ဆိုရင်တော့ ဈေးကွက် တစ်ခုကို ကျွန်တော်တို့ ဖန်တီးလို့ရတယ်။ အဲဒီဈေးကွက်က ကျွန်တော်တို့ ထုတ်တဲ့သူမှာမူတည်တာ ပေ့ါနော်။ ထုတ်လုပ်မှုအားကောင်းတယ်ဆိုရင် ဈေးကွက်က သူ့ဟာသူအဆင်ဉ်ပြေလာမှာပဲ။ ကျွန်တော် ပြောချင်တာက ဈေးကွက်ကိုလည်း ကျွန်တော်တို့ စနစ်တကျလုပ်လို့ရှိရင် ထုတ်လုပ်သူတွေက လည်း စနစ်တကျ များများထုတ်လာဖို့လည်း လိုအပ်တယ်။

          မှိုစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ စိုက်ပျိုးရေး ပညာရှင် ဆရာဓူဝံက မှိုဈေးကွက်နဲ့ ဖော်ဆောင်နေမှုများ ကို အခုလိုပြောပြပါတယ်။

          အထူးသဖြင့်ကတော့ ဒီဈေးကွက်ဆိုတဲ့ဟာမှာ ကျွန်တော်တို့က နှစ်မျိုး တွေ့ရတယ်။ တစ်ပိုင်းကတော့ ကျွန်တော်တို့ မြို့ပြဈေးကွက်နဲ့ ကျေးလတ်ဈေးကွက်၊ မြို့ပြဈေးကွက် မှာကျတော့ ကျွန်တော်တို့ မှိုဈေးကွက်ကို လုပ်ရတာအဆင်ပြေပါတယ်။ မှိုစားတဲ့ ယျဉ်းကျေးမှုက တော်တော်လေး ပြန့်ပွားနေတာ၊ ကျေးလက်ဈေးကွက်ကကျတော့ စိုက်ပျိုးရေးက ထွက်တဲ့မှိုတွေကို ကျေးလက်က တောင်သူတောင်သားတွေ မစားရဲဘူးဖြစ်နေတယ်။ အဲတော့ ကျွန်တော်တို့က ဒီကျေးလက်မှာကော မှိုတွေစားလို့ရတယ်ဆိုတာကို ကျွန်တော်တို့က ဒီ store တစ်ခုပေ့ါနော် အစား အသောက်ကို မြန်မာရိုးရာ အစားအသောက်တစ်ခု ဆိုင်ဖွင့်ပြီးတော့ ကျွန်တော်တို့က စားလို့ရတဲ့၊ ဒီပုံစံချက်ပြီးတော့၊ ဒီလိုစားလို့ရတဲ့ဟာကို ကျွန်တော်တို့ က နောက်ပိုင်းမှာ ကြော်ငြာပေးဖို့ရှိပါတယ်။ ဒီမြန်မာပြည်မှာဘဲ ကျွန်တော်တို့ဟာ ဒီကျေးလက်ဒေသ တစ်ခုမှာ ကျွန်တော်တို့က ဆိုင်လေးတစ်ခုဖွင့်ဖို့ စီစဉ်ထားတယ်။    

            ပြီးတော့ ဒီမြို့ပြမှာကျတော့ ကျွန်တော်တို့က အထူးသဖြင့် ဟိုတယ်၊ ခရီးသွားလာရေးလုပ်တဲ့ နိုင်ငံခြားသား၊ သတ်သတ်လွတ် စားချင်တဲ့ အသိုင်းအဝိုင်းတွေ ရှိပါတယ်။ မှိုကိုလည်း ဈေးကွက်တောင်းဆိုကြတာ ရှိတယ်။ အထူးသဖြင့် ရန်ကုန်မြို့မှာ ကျွန်တော်တို့က ဒီအော်ဂဲနစ် greenshop တစ်ခု ကျွန်တော်တို့ တည်ထောင်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဟာလေးမှာ ကျွန်တော်တို့က ဒီမှိုကို ကျွန်တော်တို့ enterprise တစ်ခုအနေနဲ့ မှိုကိုထုတ်လုပ်ပြီးတော့ ၁၂ လ ရာသီ ရောင်းချပေးဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ပြီးတော့ တစ်ဖက်တွေမှာ အဲ့ဒီမှိုကို ဘယ်လိုပုံသဏ္ဍာန် ချက်ပြုတ်စားလို့ ရတယ် ဆိုတာကိုလည်း ကျွန်တော်တို့ ဒီသတင်းမီဒီယာကနေပြီးတော့က တစ်ဆင့် နည်းနည်းပြောပြချင် ပါတယ်။  

             တစ်ဖက်ကတော့ ကျွန်တော်တို့က ဒီဟာက ကျွန်တော်စသင်လာတဲ့အချိန်မှာတော့ ထိုင်းနိုင်ငံမှာ သင်လာတာပါ။ ဒီရောက်တော့လည်း ဒီမြန်မာ နိုင်ငံထဲမှာလည်း မှိုစိုက်တဲ့ ပညာရှင်တွေလည်း ရှိကြတယ်။ အဲဒီပညာရှင်တွေဆီကလည်း ကျွန်တော်တို့က တစ်ဖက်ယူတယ်၊ သင်တယ်၊ ပြီးတော့ ကျွန်တော်တို့ လက်တွေ့ကျကျသင်လာတဲ့ သင်ခန်းစာတွေကို ကျွန်တော်တို့ပေါင်းစပ်ပြီးတော့ အကောင်းဆုံးဖြစ်နိုင်တဲ့ ဟာတွေကို ကျွန်တော်တို့က ပေါင်းစပ်လိုက်ပြီးတော့ ထုတ်လုပ်မှုပမာဏများအောင် များများထုတ်လုပ်ပြီးတော့ ရေရှည်ခူးစားလို့ရနိုင်တဲ့ နည်းပညာကို ကျွန်တော်တို့ ဦးစားပေးပြီးတော့  လုပ်ပါတယ်။  

Mizzima Weekly

Tags